ကာယဂတာသတိကမ္မဋ္ဌာန်း
ကာယဂတာသတိကမ္မဋ္ဌာန်း
၈-ကာယဂတာသတိပွါးပုံ ပြဆိုချက်
[၂၃၁] ၁၇၈။ ယခုအခါ၌ ဘုရားပွင့်တော်မူရာကာလမှ တပါးသောအခါ၌ မဖြစ်စဘူးသော အလုံးစုံသော တိတ္ထိတို့ ၏ အရာမဟုတ်သော အကြင်ကာယဂတာသတိကမ္မဋ္ဌာန်းကို (မြတ်စွာဘုရား) ညွှန်ကြား ဟောပြတော်မူခဲ့၏၊ (အဘယ်သို့ နည်း?ဟူမူ) ထိုထိုသုတ္တန်တို့၌-
''ရဟန်းတို့ တခုသောတရားသည် (သူ့ကို) ပွါးစေလျှင် အကြိမ်များစွာ လေ့လာလျှင် (ကာယ ၏ သဘောမှန်ကို သိရ၍) အကြီးအကျယ် ထိတ်လန့်ခြင်းငှါ ဖြစ်ပေ၏ (ဝါ-အကြီးအကျယ် ထိတ် လန့်ခြင်းကို ဖြစ်စေတတ်၏)၊ (မျက်မှောက်အကျိုး အစရှိသော) များစွာသော အကျိုးအလို့ငှါ ဖြစ်ပေ ၏၊ ကြီးမားမြင့်မြတ်သော ယောဂတို့၏ ကုန်ခြင်းအလို့ငှါ ဖြစ်ပေ၏၊ ကြီးကျယ်မြင်မြတ်သော သတိ နှင့်သမ္ပဇဉ်ပွါးရန်အလို့ငှါ ဖြစ်ပေ၏၊ ဝိပဿနာဉာဏ် အမြင်ကို ရရန်အလို့ငှါ ဖြစ်ပေ၏၊ မျက်မှောက် ဘဝ၌ ချမ်းသာစွာနေရခြင်းငှါ ဖြစ်ပေ၏၊ ဝိဇ္ဇာဉာဏ်ထူးသုံးပါး, လွတ်မြောက်ရာ နိဗ္ဗာန်, အရိယဖိုလ် တို့ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်ပေ၏။ တခုသော တရားဟူသည် အဘယ်နည်း? ကာယဂတာ သတိပေတည်း။ ရဟန်းတို့ အကြင်သူတို့သည် ကာယဂတာသတိကို သုံးဆောင်ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ကာယဂတာသတိကို မသုံး ဆောင်ကုန်၊ ထိုသူ တို့သည် အမြိုက် နိဗ္ဗာန်ကို မသုံးဆောင်ရကုန်။ ရဟန်းတို့ အကြင်သူတို့သည် ကာယဂတာသတိကို သုံးဆောင်အပ်ပြီ၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်အပ်ပြီ။ အကြင်သူ တို့သည် ကာယဂတာသတိကို မသုံးဆောင်ဘူးသေး၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ဘူး သေး။ အကြင်သူတို့အား ကာယဂတာသတိ (မပွါးရသဖြင့်) ဆုံးရှုံး ၏။ ထိုသူတို့အား အမြိုက်နိဗ္ဗာန် ဆုံးရှုံး၏။ အကြင် သူတို့အား ကာယဂတာသတိ မဆုံးရှုံး၊ ထိုသူတို့အား အမြိုက်နိဗ္ဗာန် မဆုံးရှုံး။ အကြင် သူတို့သည် ကာယဂတာသတိကို ချွတ်ယွင်းစေ၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ချွတ်ယွင်း စေ၏။ အကြင်သူတို့သည် ကာယဂတာသတိကို ပြီးစေ၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပြီးစေ၏'' ဟုဤသို့ မြတ်စွာဘုရားသည် များစွာသော အခြင်းအရာတို့ဖြင့် ချီးကျူးတော်မူပြီးလျှင်-
''ရဟန်းတို့ အဘယ်သို့ ပွါးစေလျှင် အဘယ်သို့ အကြိမ်များစွာ လေ့လာလျှင် ကာယဂတာ သတိသည် များသော အကျိုးရှိသနည်း များသော အာနိသင်ရှိသနည်း?ရဟန်းတို့ ဤသာသနာတော် ၌ ရဟန်းသည် တောသို့ ကပ်ရောက်၍ ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်သော ကျောင်းသို့ ကပ်ရောက်၍ ဖြစ်စေ''-
ဤသို့ အစရှိသော နည်းဖြင့် (၁) အာနာပါနပိုင်း၊ (၂) ဣရိယာပထပိုင်း၊ (၃) စတုသမ္ပဇညပိုင်း၊ (၄) ပဋိက္ကူလမနသိကာရ ပိုင်း၊ (၅) ဓာတုမနသိကာရပိုင်း၊ (၆-၁၄) ကိုးခုသော သိဝထိကပိုင်းများဟူသော ဤ ၁၄-ပိုင်းတို့၏ အစွမ်းအားဖြင့် ကာယ ဂတာသတိကမ္မဋ္ဌာန်းကို ညွှန်ကြားဟောပြတော်မူခဲ့ပေသည်။ ထိုကာယဂတာ သတိကမ္မဋ္ဌာန်း၏ ပွါးစေပုံကို အကျယ်ပြရန် အခဏ်းသည် အစဉ်ရောက်လာလတ်ပေပြီ။
ထို ကာယဂတာသတိ ကမ္မဋ္ဌာန်း၌ (ဝါ-ထို ၁၄-ပိုင်း တို့တွင်) ဣရိယာပထပိုင်း စတုသမ္ပဇညပိုင်း ဓာတုမနသိကာရ ပိုင်းဟူသော ဤ ၃-ပိုင်းတို့ကို ဝိပဿနာ၏ အစွမ်းအားဖြင့် ဟောတော်မူ (အပ်ကုန်)၏။ ၉-ခုသော. သိဝထိကပိုင်းများကို ဝိပဿနာဉာဏ်တို့တွင်ပင်လျှင် အာဒီနဝါနုပဿနာ၏ အစွမ်းအားဖြင့် ဟောတော်မူ၏။ ဆက်၍ဆိုအံ့-ဤသိဝထိကပိုင်းတို့ တွင် ဥဒ္ဓုမာတက စသည်တို့၌ သမာဓိဘာဝနာလည်း ပြီးစီးပြည့်စုံနိုင်ပေ၏၊ ထို သမာဓိဘာဝနာကို အသုဘနိဒ္ဒေသ၌ ပြခဲ့ပြီး သာလျှင် ဖြစ်ပေသည်။ ထို့ပြင် ထို ၁၄-ပိုင်းတို့တွင် အာနာပါနပိုင်းနှင့် ပဋိက္ကူလမနသိကာရပိုင်း ဟူသော ဤ ၂-ပိုင်း တို့ကို သာလျှင် သမာဓိ၏ အစွမ်းအားဖြင့် ဟောတော်မူ (အပ်ကုန်)၏။ ထို ၂-ပိုင်းတို့တွင်(လည်း) အာနာပါနပိုင်းသည် အာနာပါန ဿတိ၏ အစွမ်းအားဖြင့် အသီးအခြား ကမ္မဋ္ဌာန်းသာလျှင် ဖြစ်ပေသည်။ ထို့ကြောင့်- ''ရဟန်းတို့ တဖန် ရှုပုံတမျိုးကား-ရဟန်းသည် (ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ) ခြေဖဝါးအပြင်မှ အထက် ၌, ဆံဖျားမှအောက်၌ အရေလျှင် အဆုံးအပိုင်းအခြားရှိသော အမျိုးမျိုးသော မစင်မကြယ် စက်ဆုပ် ဖွယ်ဖြင့် ပြည့်နေသော ဤရုပ်ကိုယ်ကိုပင်လျှင် ဆင်ခြင်၏၊ (ဆင်ခြင်ပုံကား) (အတ္ထိဣမသိံ္မ ကာယေ) ဤကိုယ်ထဲ၌ရှိကြသည်မှာ-ဆံပင်တို့သည် (ရှိကုန်၏) အမွေးတို့သည် လက်သည်း ခြေသည်းတို့သည် သွားတို့သည် (ရှိကုန်၏) အရေ (ရှိ၏)၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း (ဦးနှောက်)၊ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ် (ရှိ ၏)''ဟူ၍ဤသို့ (မတ္ထလုင်္ဂံ အဋ္ဌိမိဉ္ဇေန သင်္ဂဟေတွာ) ဦးနှောက်ကို (အရိုးအတွင်းရှိ) ရိုးတွင်းခြင်ဆီဖြင့် သိမ်းယူ၍ (ပဋိက္ကူ လမနသိကာရ) စက်ဆုပ်ဖွယ် နှလုံးသွင်းပုံ၏ အစွမ်းအားဖြင့် အကြင် ဒွတ္တိံ သာကာရကမ္မဋ္ဌာန်းကို ဟောထားပေသည်၊ ဤ ဒွတ္တိံ သာကာရ ကမ္မဋ္ဌာန်းကို ဤအရာ၌ ကာယဂတာသတိဟူ၍ အလိုရှိအပ်ပေသည်။
[၂၃၃] ၁၇၉။ ထိုကာယဂတာသတိ ကမ္မဋ္ဌာန်း၌ ယခုဆိုမည့်စကားသည် ပါဠိအဖွင့်ကို ရှေ့သွားပြု၍ ပွါးစေပုံကို အကျယ်ပြခြင်းပေတည်း။ ဣမမေဝ ကာယံ-ဟူသည်ကား မဟာဘုတ်လေးပါးကို မှီသော ဤအပုပ်ကောင် ရုပ်ကိုယ်ကို (ဟု ဆိုလို၏)။ ဥဒ္ဓံ ပါဒတလာဟူသည်ကား ခြေဖဝါးအပြင်မှ အထက်၌ (ဟု ဆိုလို၏)။ အဓောကေသမတ္ထကာ- ဟူသည်ကား ဆံဖျားမှအောက်၌ (ဟု ဆိုလို၏)။ တစပရိယန္တံ-ဟူသည်ကား ဖီလာ-ဘေးပတ်ဝန်းကျင်၌ အရေဖြင့် ပိုင်းခြားလျက်ရှိသော (ဟု ဆိုလို၏)။ ပူရံနာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ-ဟူသည်ကား ဤ ကိုယ်သည် အမျိုးမျိုးသော ဆံပင် အစရှိသော မစင်မကြယ် စက်ဆုပ်ဖွယ်ဖြင့် ပြည့်လျက် ရှိ၏ဟု ရှု၏ (ဟုဆိုလို၏)။ အဘယ်သို့ ရှုသနည်း ?ဤ ကိုယ်ထဲ၌ ရှိကြသည်မှာ ဆံပင်တို့သည် (ရှိကုန်၏) အမွေးတို့သည်။ပ။ ကျင်ငယ် (ရှိ၏)ဟု(ရှု၏)။
ထိုရှုပုံပါဌ်၌ အတ္ထိ-ဟူသည်ကား ရှိကုန်၏(ဟု ဆိုလို၏)။ ဣမသိံ္မဟူသည်ကား အကြင်ကိုယ်ကို ခြေဖဝါးမှ အကထဆ် ကပု ဖ်၌ယွ, ဆ်ံဖျားမှ အောက်၌ အရေလျှင် အဆုံးအပိုင်းအခြား ရှိသည်ဟူ၍၎င်း၊ အမျိုးမျိုးသော မစင်မကြယ် စ ဖြင့် ပြညေ့် နသည် ဟ၍ူ ၎င်း ဟောအပ-် ဆိုအပ် ထကို ယို၌ ၁ (ဟု ဆလို ၏)။ ကာယေ-ဟသူ ညက်ား (သရီရေ) ကယို၌ (ဟု ဆိုလို၏)။ မှန်ပေ၏-ကိုယ်ကောင်ကို စက်ဆုပ်ဖွယ် အပေါင်းအစု ဖြစ်သောကြောင့်၎င်း.. စက်ဆုပ်ဖွယ် ဖြစ်ကုန်သော ဆံပင် စသည်တို့၏၎င်း၊ မျက်စိရောဂါအစရှိကုန်သော အရာမကများစွာသော ရောဂါတို့၏၎င်း ဖြစ်ရာဖြစ်သောကြောင့်၎င်း ကာယ ဟုပါး ခေါ်ဆိုအပ်ပေသည် ဆံပင်တို့သည် အမေွး တို့သည် အစရှိသော စကားဖြင့် ''ဆံပင် အစရှိကုန်သော ဤ ၃၂- အခြင်းအရာအဖို့အစုတို့သည် (ရှိကုန် 'ဟု ဆိုလို၏ )။ ထိုဆံပင်တို့သည် အစရှိသော ပုဒ်တို့၌ ''ဤကိုယ်ထဲ၌ဆံပင် ရှိကုန်၏၊ ဤကိုယ်ထဲ၌ အမွေးတို့သည် ရှိကုန်၏'' ဤသို့စသည်ဖြင့် (ဝါ-ဤပုံ ဤနည်းဖြင့်) ဆက်စပ်ခြင်းကို သိအပ်၏။ ခြေဖဝါးအပြင်မှစ၍ အထက်, ဆံဖျားမှစ၍ အောက်, အရေပါးမှစ၍ ဖီလာ ပတ်ဝန်းကျင်ဟူသော ဤမျှအတိုင်း အရှည်ရှိသော တလံမျှလောက်သော ဤကိုယ်ထဲ၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် စူးစမ်းရှာဖွေသော်လည်း တစုံ တယောက်သော သူသည် တစုံတခုသော ပုလဲကိုသော်၎င်း၊ ပတ္တမြားကိုသော်၎င်း၊ ကျောက်မျက်ရွှဲကိုသော်၎င်း၊ အကျော်ကို သော်၎င်း၊ ကုင်္ကူမံကိုသော်၎င်း၊ ပရုပ်ကိုသော်၎င်း၊ အခိုးအထုံအမှုန့်စသည်ကိုသော်၎င်း အဏုမြူမျှသော်လည်း စင်ကြယ်သော သဘောကို မတွေ့မမြင်ရ၊ စင်စစ်သော်ကား အလွန်ပုပ်ညှီနံစော်၍ ကျက်သရေမဲ့ မြင်ကွင်း ရှိသော အမျိုးမျိုးသော ဆံပင် အမွေး စသည် အပြားရှိသော မစင်မကြယ် စက်ဆုပ်ဖွယ်ကိုသာလျှင် တွေ့မြင်ရ၏။ ထို့ကြောင့် ''ဤကိုယ်ထဲ၌ ရှိကြသည်မှာ ဆံပင်တို့သည်။ပ။ ကျင်ငယ် (ရှိ၏)''ဟူ၍ ဟောတော်မူပေသည်။ ဤသည်ကား ဤကာယဂတာသတိ ကမ္မဋ္ဌာန်းပါဠိ၌ ရှေး နောက် ပုဒ်တို့၏ ဆက်စပ်ပုံအားဖြင့် ဖွင့်ပြချက်ပေတည်း။
ကာယဂတာသတိကမ္မဋ္ဌာန်းယူပုံ
၁၈ဝ။ ဤကာယဂတာသတိကမ္မဋ္ဌာန်းကို ပွါးစေခြင်းငှါ အလိုရှိသော အားထုတ်ခါစ အမျိုးကောင်းသားသည် ဆိုခဲ့ပြီး သော အပြားရှိသော မိတ်ဆွေကောင်းဆရာကို ချဉ်းကပ်၍ ဤကမ္မဋ္ဌာန်းကို သင်ယူအပ်၏။ ထိုသင်ယူသော တပည့်အား ကမ္မဋ္ဌာန်းကို ဟောကြား သင်ပြသော ဆရာသည်လည်း ခုနစ်ပါးအပြားအားဖြင့် (ဥဂ္ဂဟ ကောသလ္လခေါ်) သင်ယူမှု၌ ကျွမ်း ကျင်ကြောင်း အစီအရင်ကို၎င်း၊ ဆယ်ပါးအပြားအားဖြင့် (မနသိကာရကောသလ္လ ခေါ်) နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်ကို၎င်း ပြောကြားအပ်၏။ ထိုနှစ်ပါးတို့တွင် နှုတ်ဖြင့် စိတ်ဖြင့် အဆင်းအားဖြင့် ပုံသဏ္ဌာန်အားဖြင့် အရပ်မျက်နှာ အားဖြင့် တည်ရာအားဖြင့် အပိုင်းအခြားအားဖြင့် ဟူ၍ ဤခုနစ်ပါး အပြားအားဖြင့် ဥဂ္ဂဟကောသလ္လကို ပြောကြားအပ်၏။ ဥဂ္ဂဟကောသလ္လကို ပြောကြားပုံ
ပြောကြားပုံမှာ-ဤပဋိက္ကူလမနသိကာရကမ္မဋ္ဌာန်း၌ ပိဋကတ်သုံးပုံဆောင်ပင် ဖြစ်ငြားသော်လည်း ထိုယောဂီသည် နှလုံးသွင်းသော ကာလ၌ ရှေးဦးစွာ နှုတ်ဖြင့်ရွတ်ဆိုခြင်းကို ပြုအပ်၏။ အကျိုးကား အချို့ပုဂ္ဂိုလ်အား ရွတ်ဆိုနေစဉ်ပင်လျှင် ကမ္မဋ္ဌာန်းသည် ထင်ရှားပေါ်တတ်၏၊ မလယအရပ်၌ သီတင်းသုံးလေ့ရှိသော မဟာဒေဝ မထေရ်၏ထံ၌ ကမ္မဋ္ဌာန်းယူကြသော မထေရ် ၂-ပါးတို့အား ထင်ရှားပေါ်သကဲ့သို့ပင်တည်း။ [၂၃၄] တဆင့်ကြား ဘူးသည်မှာ-မဟာဒေဝမထေရ်သည် မိမိထံမှ ကမ္မဋ္ဌာန်းတောင်းကြသော ထိုမထေရ် ၂-ပါးတို့အား ''လေးလပတ်လုံး ဤပါဠိကို ရွတ်ဆိုနေကြလေ''ဟု ဒွတိံ္တသာကာရပါဠိကို ပေးလိုက်၏။ ထိုမထေရ် ၂-ပါးတို့မှာ နိကာယ် နှစ်စောင် နှုတ်တက်ကျေပြွန် နေကြသော်လည်း ရိုသေလေးမြတ်စွာ နာယူလေ့ ရှိကြသောကြောင့် ဒွတိံ္တသာကာရကို လေးလပတ်လုံး ရွတ်ဆိုကြစဉ်ပင် သောတာပန် ဖြစ်ကြလေကုန်၏။ ထို့ကြောင့် ကမ္မဋ္ဌာန်းကို ဟောကြားညွှန်ပြသော ဆရာသည် ''နှုတ်ဖြင့် ရွတ်ဆိုခြင်းကို ရှေးဦးစွာ ပြုနေပါ''ဟု တပည့်အား ပြောကြားအပ် ပေသည်။
နှုတ်ဖြင့် ရွတ်ဆိုပုံ
ရွတ်ဆိုခြင်းကိုပြုသော ယောဂီသည်လည်း တစပဉ္စက (အရေလျှင် ငါးခုမြောက်ရှိသော အပိုင်း) စသည်တို့ကို ပိုင်း ခြား၍ အနုလုံပဋိလုံ (အစဉ်လိုက် အပြန်)တို့၏ အစွမ်းအားဖြင့် ရွတ်ဆိုခြင်းကို ပြုအပ်၏။ ချဲ့၍ပြအံ့- ''ဆံပင် အမွေး လက်သည်း ခြေသည်း သွား အရေ''ဟု အစဉ်လိုက် အနုလုံအားဖြင့် ရွတ်ဆိုပြီးလျှင် တဖန် အပြန်ပဋီလုံမအားဖြင့် ''အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်''ဟု ရွတ်ဆိုအပ်၏။ (တစပဉ္စက) ထို၏အခြားမဲ့ ဝက္ကပဉ္စက (အညှို့လျှင် ငါးခုမြောက် ရှိသောအပိုင်း)၌ ''အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့'' ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် ''အညှို့ ရိုးတွင်း ခြင်ဆီ အရိုး အကြော အသား အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်''ဟု ရွတ်ဆိုအပ်၏။
ထို့နောင် ပပ္ဖါသပဉ္စက (အဆုတ်လျှင် ငါးခုမြောက် ရှိသောအပိုင်း)၌ ''နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်''ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် ''အဆုတ် အဖျဉ်း အမြှေး အသည်း နှလုံး, အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား, အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်''ဟု ရွတ်ဆိုအပ်၏။
ထို့နောင် မတ္ထလုင်္ဂပဉ္စက (ဦးနှောက်လျှင် ငါးခုမြောက်ရှိသော အပိုင်း)၌ ''အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်''ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် ''ဦးနှောက် အစာဟောင်း အစာသစ် အူသိမ် အူမ, အဆုတ် အဖျဉ်း အမြှေး အသည်း နှလုံး, အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်''ဟု ရွတ်ဆိုအပ်၏။
ထို့နောင် မေဒဆက္က (အဆီခဲလျှင် ခြောက်ခုမြောက်ရှိသော အပိုင်း)၌ ''သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ'' ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် ''အဆီခဲ ချွေး သွေး ပြည် သလိပ် သည်းခြေ, ဦးနှောက် အစာဟောင်း အစာသစ် အူသိမ် အူမ, အဆုတ် အဖျဉ်း အမြှေး အသည်း နှလုံး, အညှို့ ရိုးတွင်းခြင်ဆီ အရိုးအကြော အသား, အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်''ဟု ရွတ်ဆိုအပ်၏။
ထို့နောင် မုတ္တဆက္က (ကျင်ငယ်လျှင် ခြောက်ခုမြောက် ရှိသော အပိုင်း)၌ ''မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်''ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် ''ကျင်ငယ် အစေး နှပ် တံ ထွေး ဆီကြည် မျက်ရည်, အဆီခဲ ချွေး သွေး ပြည် သလိပ် သည်းခြေ, ဦးနှောက် အစာဟောင်း အစာသစ် အူသိမ် အူမ, အဆုတ် အဖျဉ်း အမြှေး အသည်း နှလုံး, အညှို့ ရိုးတွင်း ခြင်ဆီ အရိုး အကြော အသား အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်''ဟု ရွတ်ဆိုအပ်၏။ [၂၃၅] ဤဆိုခဲ့သည့်အတိုင်း အကြိမ်တရာ အကြိမ်တထောင် တကြိမ်တသိန်းသော်လည်း နှုတ်ဖြင့် ရွတ်ဆိုခြင်းကို ပြုအပ်၏။ အကျိုးကား-နှုတ်ဖြင့် ရွတ်ဆိုခြင်းကြောင့် ကမ္မဋ္ဌာန်း အစဉ်သည် ကျေပြွန်၏၊ စိတ်သည် ထိုမှ ဤမှ (ဝါ-ထိုထို ဤဤ အရပ်သို့) မပြေးသွားတော့ပေ၊ ဆံပင် စသော ကောဋ္ဌာသတို့သည် ထင်ရှားကုန်၏၊ လက်ချောင်းများ အစဉ်ကဲ့သို့၎င်း၊ ဝင်းထရံခြေ အစဉ်ကဲ့သို့၎င်း ထင်ပေါ်ကုန်၏။ (၁)
စိတ်ဖြင့် ရွတ်ဆိုပုံ
နှုတ်ဖြင့် ရွတ်ဆိုခြင်းကဲ့သို့ ထို့အတူ စိတ်ဖြင့် ရွတ်ဆိုခြင်း-နှလုံးသွင်းခြင်းကိုလည်း ပြုအပ်၏။ အကျိုးကားနှုတ်ဖြင့် ရွတ်ဆိုခြင်းသည် စိတ်ဖြင့် ရွတ်ဆိုခြင်း -နှလုံးသွင်းခြင်းအား ကျေးဇူးပြု၏၊ စိတ်ဖြင့် နှလုံးသွင်းခြင်း-ရွတ်ဆိုခြင်းသည် အသုဘလက္ခဏာကို ထိုးထွင်းသိခြင်း-သဘောပေါက်ခြင်းအား (ဝါ-စက်ဆုပ်ဖွယ်သဘောကို မှတ်နိုင်ခြင်းအား) ကျေးဇူးပြု ပေ၏။ (၂)
အဆင်း စသည်ဖြင့် ပိုင်းခြားပုံ
အဆင်းအားဖြင့်-ဟူသည်ကား ဆံပင် စသည်တို့၏ အဆင်းကို ပိုင်းခြား မှတ်သားအပ်၏။ (၃)
ပုံသဏ္ဌာန်အားဖြင့်-ဟူသည်ကား ထို ဆံပင် စသည်၏ပင်လျှင် ပုံသဏ္ဌာန်ကို ပိုင်းခြားမှတ်သား အပ်၏။ (၄)
အရပ်မျက်နှာအားဖြင့်-ဟူသည်ကား ဤကိုယ်၌ ချက်မှအထက်ပိုင်းသည် အထက်အရပ်မျက်နှာမည်၏၊ အောက် ပိုင်းသည် အောက်အရပ်မျက်နှာ မည်၏၊ ထို့ကြောင့် ''ဤ ကောဋ္ဌာသသည် ဤမည်သော အရပ်မျက်နှာ၌ (တည်ရှိ ၏)''ဟု အရပ်မျက်နှာကို ပိုင်းခြား မှတ်သားအပ်၏။ (၅)
တည်ရာအားဖြင့်-ဟူသည်ကား ''ဤ ကောဋ္ဌာသသည် ဤမည်သော အရပ်၌ တည်၏''ဟု ဤပုံ ဤနည်းဖြင့် ထိုထို ကောဋ္ဌာသ၏ တည်ရာအရပ်ကို ပိုင်းခြားမှတ်သားအပ်၏။ (၆)
အပိုင်းအခြားအားဖြင့်-ဟူသည်ကား အပိုင်းအခြားတို့သည် မိမိ၏အဖို့ဖြင့် ပိုင်းခြားခြင်း (သဘာဂပရိစ္ဆေဒ), အခြား အဖို့ဖြင့် ပိုင်းခြားခြင်း (ဝိသဘာဂပရိစ္ဆေဒ) ဟူ၍ ၂-ပါး ရှိကုန်၏။ ထိုတွင် ''ဤကောဋ္ဌာသကို အောက်၌၎င်း အထက်၌၎င်း ဖီလာပတ်ဝန်းကျင်၌၎င်း ဤမည်သော အရပ်ဖြင့် ပိုင်းခြားလျက် ရှိသည်''ဟူ၍ ဤပုံဤနည်းဖြင့် သဘာဂ ပရိစ္ဆေဒကို သိအပ်၏။ ''ဆံပင်တို့သည် အမွေးမဟုတ်ကုန်၊ အမွေးတို့သည် လည်း ဆံပင်မဟုတ်ကုန်'' ဟူ၍ ဤပုံ ဤနည်းဖြင့် မရောနှော ခြင်း၏ အစွမ်းအားဖြင့် ဝိသဘာဂပရိစ္ဆေဒကို သိအပ် ၏။ (၇)
ဤမျှသာမကသေး-ယခု ပြဆိုခဲ့သည့်အတိုင်း ခုနစ်ပါးအပြားဖြင့် ဥဂ္ဂဟကောသလ္လကို ပြောကြားသော ဆရာသည် ဤကာယဂတာသတိကမ္မဋ္ဌာန်းကို ဤမည်သောသုတ်၌ ပဋိက္ကူလ-စက်ဆုပ်ဖွယ် နှလုံးသွင်းခြင်း၏ အစွမ်းအားဖြင့် ဟောထား သည်၊ ဤမည်သော သုတ်၌ ဓာတ်၏အစွမ်းအားဖြင့် (ဟောထားသည်)ဟု သိနားလည်၍ ပြောကြားအပ်၏။ ချဲ့၍ပြအံ့-ဤ ကာယဂတာ သတိကမ္မဋ္ဌာန်းကို မဟာသတိပဋ္ဌာနသုတ်၌ ပဋိက္ကူလ၏ အစွမ်းအားဖြင့်သာလျှင် ဟောထားပေသည်။ မဟာဟတ္ထိပဒေါပမသုတ် မဟာရာဟုလောဝါဒသုတ် အဘိဓမ္မာ ဓာတုဝိဘင်းနှင့် ဥပရိပဏ္ဏာသ ဓာတုဝိဘင်္ဂသုတ်တို့၌ ဓာတ်၏အစွမ်းအားဖြင့် ဟောထားပေသည်။ ဥပရိပဏ္ဏာသကာယဂတာသတိသုတ်၌မူကား အကြင်ပုဂ္ဂိုလ်အား အဆင်းအားဖြင့် ထင်၏၊ ထိုပုဂ္ဂိုလ်ကို ရည်၍ ဈာန် ၄-ပါးတို့ကို ဝေဘန်ဟော ကြားထားပေသည်။ ထိုတွင် ဓာတ်၏ အစွမ်းဖြင့် ဟောထား သော ကမ္မဋ္ဌာန်းသည် ဝိပဿနာကမ္မဋ္ဌာန်း ပေတည်း၊ ပဋိက္ကူလ၏အစွမ်းဖြင့်ဟောထားသော ကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်း ပေတည်း။ ထိုကာယဂတာသတိသုတ်၌ လာသော ဤဒွတိံ္တသာကာရ ကမ္မဋ္ဌာန်းသည် ဤကာယဂတာ သတိအရာ၌ သမထကမ္မဋ္ဌာန်း သာလျှင် ဖြစ်ပေသည်။ ဤတွင် ဥဂ္ဂဟကောသလ္လ ပြောကြားပုံပြီး၏။
မနသိကာရကောသလ္လကို ပြောကြားပုံ
[၂၃၆] ၁၈၁။ ဤ ဆိုခဲ့သည့်အတိုင်း ခုနစ်ပါး အပြားဖြင့် ဥဂ္ဂဟကောသလ္လကို ပြောကြားပြီးလျှင် (က) ဆံပင် အမွေး အစရှိသော အစဉ်အားဖြင့်၊ (ခ) မမြန်လွန်းသောအားဖြင့်၊ (ဂ) မနှေးလွန်းသောအားဖြင့်၊ (ဃ) ပျံ့လွင့်ခြင်းကို မြစ်သောအား ဖြင့်၊ (င) ဆံပင် အစရှိသော အမည်ပညတ်ကို ကျော်လွန်သောအားဖြင့်၊ (စ) အစဉ်အတိုင်း မထင်သည်ကို လွှတ်သောအား ဖြင့်၊ (ဆ) အပ္ပနာအားဖြင့် (ဇ၊ဈ၊ည) သုံးပါးကုန်သော သုတ္တန်တို့ ဟူ၍ ဤဆယ်ပါးအပြားအားဖြင့် မနသိ ကာရကောသလ္လ ကို ပြောကြားအပ်၏။ ထိုတွင်-
(က) ဆံပင် အမွေး အစရှိသော အစဉ်အားဖြင့်¼ဟူသည်ကား ဤ ကာယဂတာသတိကမ္မ ဋ္ဌာန်းကို (အားထုတ်သော ယောဂီသည်) ရွတ်ဆိုခြင်းကို ပြုသည်မှစ၍ ဆံပင် အမွေး အစရှိသော အစဉ်ဖြင့် နှလုံးသွင်းအပ်၏၊ တခုကျော်အားဖြင့် နှလုံး မသွင်းအပ်။ အပြစ်ကား-တခုကျော်အားဖြင့် နှလုံးသွင်းလျှင် ဥပမာအားဖြင့် မလိမ္မာသော ယောက်ျားသည် ၃၂-ထစ်ရှိသော လှေကားကို တထစ်ကျော်ဖြင့် တက်လျှင် ကိုယ်ပင်ပန်းသည်ဖြစ်၍ လိမ့်ကျတတ် ၏၊ တက်မှုကို မပြီးစေနိုင်ပဲ ရှိတတ်၏၊ ထို့ အတူပင် ဘာဝနာပြည့်စုံသည်၏ အစွမ်းဖြင့် ရသင့်ရထိုက်သော သာယာဖွယ်ကို မရခြင်းကြောင့် စိတ်ပင်ပန်းသည်ဖြစ်၍ (ဘာဝနာအလုပ်မှ) ကျတတ်၏၊ ဘာဝနာကို မပြီးစေ နိုင်ပဲ ရှိတတ်၏။
(ခ) အစဉ်အတိုင်း နှလုံးသွင်းသော ယောဂီသည်လည်း မမြန်လွန်းသောအားဖြင့် နှလုံးသွင်းအပ်၏။ အပြစ်ကား- မြန်လွန်းသောအားဖြင့် နှလုံးသွင်းသော ယောဂီအား ဥပမာအားဖြင့် သုံးယူဇနာရှိ ခရီးကို သွားသောသူမှာ သွားသင့် မသွား သင့်သော အရပ်ကို မမှတ်မူ၍ လျင်သောအဟုန်ဖြင့် အကြိမ်တရာတိုင်အောင် သွားခြင်းပြန်ခြင်းကို ပြုသော်လည်း ခရီးကား ကုန်ဆုံးခြင်းသို့ ရောက်ပေ၏၊ သို့သော် (သွားတိုင်း သွားတိုင်း) မေး၍သာလျှင် သွားရ၏၊ ထို့အတူပင် ကမ္မဋ္ဌာန်းသည် အဆုံးသို့ရောက်ရုံမျှ သက်သက်သာဖြစ်၏၊ ထင်ရှားသည်ကားမဖြစ်၊ တရားထူးကို မဆောင်နိုင်။ ထို့ကြောင့် မမြန်လွန်းသော အားဖြင့် နှလုံးသွင်းအပ်၏။
(ဂ) မမြန်လွန်းသောအားဖြင့် နှလုံးသွင်းအပ်သကဲ့သို့ ထို့အတူ မနှေးလွန်းသော အားဖြင့်လည်း နှလုံးသွင်းအပ်၏။ အပြစ်ကား-နှေးလွန်းသောအားဖြင့် နှလုံးသွင်းသော ယောဂီအား ဥပမာအားဖြင့် သုံးယူဇနာရှိ ခရီးကို ထိုနေ့ချင်းပင်လျှင် (ရောက်အောင်) သွားလိုသောသူအား လမ်းခုလတ်တွင် သစ်ပင် တောင် ဆည်ကန် စသည်တို့၌ ဖင့်နွဲနေပါမူ ခရီးသည် ပြီးဆုံးခြင်းသို့ မရောက်၊ နှစ်ရက် သုံးရက်ဖြင့်ပြီးဆုံးစေရ၏၊ ထို့အတူပင် ကမ္မဋ္ဌာန်းသည် အပြီးအဆုံးသို့ မရောက်ပဲ ရှိတတ် ၏၊ တရားထူးကို ရခြင်း၏အကြောင်း မဖြစ်ပဲ ရှိတတ်၏။
(ဃ) ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့်-ဟူသည်ကား ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ အပြင်အပ ဖြစ်သော အမျိုးမျိုးသော အာရုံ၌ စိတ်၏ ပျံ့လွင့်ခြင်းကို တားမြစ်အပ်၏။ အပြစ်ကား-မတားမြစ်သောသူအား ဥပမာအားဖြင့် ခြေတဖဝါးစာ နင်း လောက်သော ကမ်းပါး ပြတ်လမ်းကို သွားသော ယောက်ျားအား နင်းသောခြေကို (ဝါ-ခြေနင်းကွက်ကို) ကောင်းစွာ အမှတ် မပြုမူ၍ ထိုမှဤမှ မျှော်ကြည့်လတ်သော် ခြေလှမ်းမှားတတ်၏၊ ထို့ကြောင့် အသူတရာနက်သော ကမ်းပါးပြတ်၌ ကျသွားလေ ရာ၏၊ ထို့အတူပင်လျှင် အပြင်ပအာရုံ၌ ပျံ့လွင့်လတ်သော် ကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်၏ ပျောက်ပျက်၏၊ ထို့ကြောင့် ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့် နှလုံးသွင်းအပ်၏။
[၂၃၇] (င) ပညတကို ကျောလ် န်ွသောအားဖြင့်¼ဟသူ ညက်ား ဆပံ င် အမေွး အစရှိသော အမညပ် ညတကို ကျော် လွန်၍ စက်ဆုပ်ဖွယ်ဟု စိတ်ကို ထားအပ်၏။ ဥပမာအားဖြင့် ပြရလျှင် ရေ ရခဲသောကာလ၌ လူတို့သည် တောထဲ၌ ရေတွင်း ကို တွေ့ရ၍ ထိုအရပ်၌ ထန်းရွက်အစရှိသော တစုံတခုသော အမှတ်အသားကို ဖွဲ့ချည်၍ ထိုအမှတ်အသားဖြင့် လာကြ၍ ရေလည်း ချိုးကြ၏၊ သောက်လည်းသောက်ကြ၏၊ ထိုလူတို့အား မကြာခဏ သွားခြင်းကြောင့် အသွားအပြန် ခြေရာလမ်း ထင်ရှားသောအခါ၌ ထိုအမှတ်အသားဖြင့် ပြုဖွယ်ကိစ္စ မရှိတော့ပြီ၊ အလိုရှိ တိုင်းသော ခဏ၌ သွားကြ၍ ချိုးလည်း ချိုးကြ၏ သောက်လည်း သောက်ကြ၏၊ ထို့အတူပင် ရှေးအဖို့၌ ဆံပင် အမွေးအစရှိသော အမည်ပညတ်ဖြင့် နှလုံးသွင်းသောယောဂီ အား စက်ဆုပ်ဖွယ်အဖြစ်သည်(အကြင်အခါ၌) ထင်ရှား ၏၊ ထိုအခါ၌ (ထိုယောဂီသည်) ဆံပင် အမွေးအစရှိသော အမည် ပညတ်ကို ကျော်လွန်၍ စက်ဆုပ်ဖွယ်အဖြစ်၌ သာလျှင် စိတ်ကိုထားအပ်ပေသည်။
(စ) အစဉ်အတိုင်း (မထင်သည်ကို) လွှတ်သောအားဖြင့်-ဟူသည်ကား အကြင်အကြင် ကောဋ္ဌာသသည် မထင်၊ ထို ထိုကောဋ္ဌာသကို လွှတ်သည်ဖြစ်၍ အစဉ်အတိုင်း (မထင်သည်ကို) လွှတ်သောအားဖြင့် နှလုံးသွင်းအပ်၏။ ချဲ့၍ပြအံ့-အား ထုတ်ခါစ ယောဂီအား ဆံပင်ဟု နှလုံးသွင်းလျှင် နှလုံးသွင်းမှုသည် (နှုတ်တက်ရ နေသည့်အတိုင်း) သွား၍ ကျင်ငယ်ဟူ သော ဤအဆုံးကောဋ္ဌာသသို့သာလျှင် ဆိုက်၍တည်၏၊ ကျင်ငယ်ဟူ၍လည်း နှလုံးသွင်းပြန်လျှင် နှလုံးသွင်းမှုသည် ပဋိလုံအားဖြင့် သွား၍ ဆံပင် ဟူသော ဤအစကောဋ္ဌာသသို့သာလျှင် ဆိုက်၍ တည်၏။ ထိုအခါ ထိုယောဂီအား နှလုံးသွင်း စဉ် နှလုံးသွင်းစဉ် အချို့ ကောဋ္ဌာသတို့သည် ထင်ကုန်၏၊ အချို့ ကောဋ္ဌာသတို့သည် မထင်ကုန်။ ထိုယောဂီသည် ထင်ကုန် ထင်ကုန်သော ထိုထိုကောဋ္ဌာသတို့၌သာလျှင် နှလုံးသွင်းခြင်း အမှုကို ပြုအပ်၏၊ (အဘယ်မျှ တိုင်အောင်နည်း?ဟူမူ) နှစ်ခု ကုန်သော ကောဋ္ဌာသတို့သာ ထင်ကြသည်တိုင်အောင်, ထိုနှစ်ခုတို့တွင်လဲ တခုသည် သာလွန်၍ ထင်သည်တိုင်အောင် (နှလုံး သွင်းခြင်းကို ပြုအပ်၏)။ ဤသို့ သာလွန်၍ ထင်သော ထိုတခုသော ကောဋ္ဌာသကိုသာလျှင် အဖန်တလဲလဲ နှလုံးသွင်းသည် ဖြစ်၍ အပ္ပနာဈာန်ကို ဖြစ်စေအပ်ပေသည်။
ထိုသို့ နှလုံးသွင်းရာ၌ ဤသည်ကား ဥပမာပေတည်း၊ ထန်း ၃၂-ပင်ရှိသော ထန်းတော၌နေသော မျောက်ကို ဖမ်း ယူလိုသော မုဆိုးသည် အစ၌တည်သော ထန်းပင်၏အရွက်ကို မြားဖြင့်ပစ်၍ ဟစ်အော် ချောက်လှန့်ခြင်းကို ပြုရာ၏၊ ထိုအခါ ထိုမျောက်သည် အစဉ်အတိုင်း ထိုထို ထန်းပင်သို့ ခုန်သွား၍ အစွန်ဆုံး ထန်းပင်သို့သာလျှင် ရောက်လေရာ၏။ ထိုထန်းပင် ၌လည်း သွား၍ မုဆိုးသည် ထို့အတူပင်မြားဖြင့် ပစ်၍ အော်ဟစ် ချောက်လှန့်ခြင်းကိုပြုလျှင် တဖန် ထိုနည်းဖြင့်ပင်လျှင် အစ-ထန်းပင်သို့ ပြန်လာရာ၏၊ ထိုမျောက်သည် ဤနည်းဖြင့် အဖန်တလဲလဲ အစွမ်းကုန် ခုန်သွားစေအပ်သည်ရှိသော် ဟစ် အော်ရာ ဟစ်အော်ရာ အရပ်၌သာလျှင် ထ၍ အစဉ်အတိုင်း တခုသော ထန်းပင်သို့ ခုန်သွား၍ ထိုထန်းပင်၏ အလယ်၌ ထန်းရွက် ဖူးတန်ကို မြဲစွာကိုင်လျက် မြားဖြင့် ပစ်အပ်သော်လည်း မထပဲ ရှိလေရာ၏၊ ခထိုဆိုခဲ့သော နှလုံး သွင်းပုံကို ဤ ဥပမာနှင့်အတူပင် ဖြစ်သည်ဟု မှတ်အပ်ပေ၏။
ထိုဥပမာ၌ ယခု ဆိုမည့်စကားသည် ဥပမာနှင့် ဥပမေယျ နှီးနှောပုံပေတည်း၊ ထန်းတော၌ ၃၂-ခုသော ထန်းပင်တို့ ကဲ့သို့ ဤကိုယ်ထဲ၌ ၃၂-ပါးသော ကောဋ္ဌာသတို့ကို (မှတ်အပ်၏)၊ မျောက်ကဲ့သို့ စိတ်ကို (မှတ်အပ်၏) ၊ မုဆိုးကဲ့သို့ ယောဂီ ကို (မှတ်အပ်၏)၊ ထန်း ၃၂-ပင်ရှိသော ထန်းတော၌ မျောက်၏ နေခြင်းကဲ့သို့ [၂၃၈] ၃၂-ကောဋ္ဌာသရှိသော ကိုယ်၌ အာရုံပြု သောအားဖြင့် ယောဂီ၏စိတ် အဖန်ဖန်ဖြစ်ခြင်း-ကျက်စားနေခြင်းကို (မှတ်အပ်၏)၊ မုဆိုးကအစ၌ တည်သော ထန်းပင်၏ အရွက်ကို မြားဖြင့် ပစ်၍ ဟစ်အော်ချောက်လှန့်အပ်သော် မျောက်သည် ထိုထိုထန်းပင်သို့ ခုန်သွား၍ အစွန်ဆုံးထန်းပင်သို့ ရောက်ခြင်းကဲ့သို့ ယောဂီသည် ဆံပင်ဟု နှလုံးသွင်း စပြုလိုက်လျှင် အစဉ်အတိုင်းသွား၍ အဆုံး ကောဋ္ဌာသ၌သာလျှင် စိတ် ၏ တည်ခြင်းကို (မှတ်အပ်၏)၊ တဖန်ပြန်လာရာ၌လည်း ဤနည်း အတူပင်တည်း။ အဖန်တလဲလဲ အစွမ်းကုန် ခုန်သွားစေ အပ်သည်ရှိသော် ဟစ်အော်ရာ ဟစ်အော် ရာ အရပ်၌သာလျှင် မျောက်၏ ထခြင်းကဲ့သို့ အဖန်ဖန် နှလုံးသွင်းသော ယောဂီ အား အချို့ အချို့ကောဋ္ဌာသတို့သာ ထင်ကုန်လတ်သော် မထင်သောကောဋ္ဌာသတို့ကို စွန့်လွှတ်၍ ထင်သော ကောဋ္ဌာသတို့ ကိုသာ (အားထုတ်စ ဘာဝနာ ဟူသော) ပရိကံကို ပြုခြင်းကို (မှတ်အပ်၏)၊ အစဉ်အတိုင်း (နောက်ဆုံးမှာ) တခုသော ထန်းပင်သို့ ခုန်သွား၍ ထိုထန်းပင်၏ အလယ်၌ ထန်းရွက်ဖူးတံကို မြဲစွာကိုင်လျက် မြားဖြင့် ပစ်အပ်သော်လည်း မထခြင်း ကဲ့သို့ နောက်ဆုံး၌ ကောဋ္ဌာသနှစ်ခုတို့ ထင်ကြရာတွင် သာ၍ ထင်သော ကောဋ္ဌာသကိုသာလျှင် အဖန်တလဲလဲ နှလုံးသွင်း၍ အပ္ပနာဈာန် ဖြစ်စေခြင်းကို (မှတ်အပ်၏)။
အခြား ဥပမာတခုကား - ၃၂¼အိမ်ရှိသော ရွာကို မှီ၍နေသော ဆွမ်းခံ ရဟန်းသည် ပဌမအိမ်၌ပင်လျှင် နှစ်အိမ်စာ ဆွမ်းကိုရလျှင် နောက်၌ တအိမ်မှဆွမ်းကို စွန့်လွှတ်ရာ၏၊ တဖန် နောက်တနေ့၌ (တအိမ်တည်းမှ) သုံးအိမ်စာ ဆွမ်းကိုရ လျှင် နောက်၌ ၂-အိမ်မှ ဆွမ်းကို စွန့်လွှတ်ရာ၏၊ တတိယနေ့၌ အစအိမ်မှာပင် သပိတ်ပြည့် အောင်ရလျှင် (အခြားအိမ်များ သို့ မသွားတော့ပဲ) ဆွမ်းစားဇရပ်သို့ သွား၍ ဘုဉ်းပေးရာသကဲ့သို့ ထိုဆိုခဲ့သော နှလုံးသွင်းပုံကို ဤဥပမာနှင့် အတူပင်ဖြစ် သည်ဟု မှတ်အပ်ပေ၏။
ဥပမာနှင့် ဥပမေယျ နှီးနှောပုံကား-၃၂ အိမ်ရှိသော ရွာကဲ့သို့ ၃၂-ပါးသော ကောဋ္ဌာသကို (မှတ်အပ်၏)၊ ဆွမ်းခံ ရဟန်းကဲ့သို့ ယောဂီကို (မှတ်အပ်၏)၊ ထိုရွာကိုမှီလျက် ထိုရဟန်း၏ နေုခြင်းကဲ့သို့ ၃၂-ကောဋ္ဌာသ၌ ယောဂီ၏ ပရိကံပြု ခြင်းကို (မှတ်အပ်၏)၊ ပဌမအိမ်၌ နှစ်အိမ်စာ ဆွမ်းကို ရ၍ နောက်၌ တအိမ်မှ ဆွမ်းကို စွန့်ခြင်း ကဲ့သို့၎င်း၊ ဒုတိယနေ့၌ သုံးအိမ်စာ ဆွမ်းကိုရ၍ နောက်၌ နှစ်အိမ်မှဆွမ်းတို့ကို စွန့်ခြင်းကဲ့သို့၎င်း နှလုံးသွင်းနေစဉ် မထင်သည်တို့ကို စွန့်၍ထင်သော ကောဋ္ဌာသတို့တွင် ကောဋ္ဌာသနှစ်ခုတိုင်အောင် ပရိကံပြုခြင်းကို (မှတ်အပ်၏)၊ တတိယနေ့၌ အစအိမ်မှာပင်လျှင် သပိတ် ပြည့်အောင်ရ၍ (အခြားအိမ်များသို့ မသွားတော့ပဲ) ဆွမ်းစားဇရပ်သို့ (သွားပြီးလျှင် ထိုဇရပ်၌) ထိုင်၍ ဘုဉ်းပေးခြင်းကဲ့သို့ နှစ်ခုသော ကောဋ္ဌာသတို့တွင် သာ၍ထင်သော ကောဋ္ဌာသကိုသာလျှင် အဖန်တလဲလဲ နှလုံးသွင်း၍ အပ္ပနာဈာန်ကို ဖြစ်စေ ခြင်းကို (မှတ်အပ်၏)။
(ဆ) အပန္ပာအားဖြင့်¼ဟရူာ၌ အပန္ပာ၏ဖြစရ်ာ ကောဋ္ဌာသအားဖြင့် ဆပံ င် စသညတ့ိုတငွ် တခခုေု သာ ကောဋ္ဌာသ၌ အပ္ပနာဖြစ်သည်ဟု သိအပ်၏၊ ဤသည်ကား ဤ၌ ဆိုလိုရင်း ဖြစ်သည်။ (ဇ၊ဈ၊ည) သုံးပါးကုန်သော သုတ္တန်တို့-ဟူရာ၌ အဓိစိတ္တသုတ်, သီတိဘာဝသုတ်, ဗောဇ္ဈင်္ဂ ကောသလ္လသုတ်ဟူသော ဤ သုံးပါးကုန်သော သုတ္တန်တို့ကို ဝီရိယနှင့် သမာဓိကို ယှဉ်ခြင်းအကျိုးငှါ သိအပ်ကုန်၏၊ ဤသည်ကား ဤ၌ဆိုလိုရင်း ပေတည်း ။
[၂၃၉] ''ရဟန်းတို့ (အဓိစိတ္တမည်သော) လွန်ကဲထူးမြတ်သော သမထဝိပဿနာစိတ်ကို အား ထုတ်သော ရဟန်းသည် သုံးပါးသော နိမိတ်တို့ကို (သင့်လျော်သော) ရံဖန် ရံခါ နှလုံးသွင်း အပ်ကုန်၏၊ ရံဖန် ရံခါ (ဝီရိယဟူသော) ပဂ္ဂဟနိမိတ်ကို (ဝါ-ဝီရိယ၏အကြောင်းအာရုံဟူသော) ပဂ္ဂဟနိမိတ်ကို နှလုံး သွင်းအပ်၏၊ ရံဖန်ရံ ခါ (ဥပေက္ခာဟူသော) ဥပေက္ခာနိမိတ်ကို (ဝါ-ဥပေက္ခာ၏အကြောင်း အာရုံဟူသော) ဥပေက္ခာနိမိတ်ကို နှလုံးသွင်း အပ်၏။ ရဟန်းတို့ လွန်ကဲထူးမြတ်သော သမထဝိပဿနာ စိတ်ကိုအား ထုတ်သော ရဟန်းသည် တသမတ်တည်း၁ သမာဓိနိမိတ်ကိုသာလျှင် အကယ်၍ နှလုံးသွင်းငြားအံ့၊ ထို ဘာဝနာစိတ်သည် ပျင်းရိခြင်းငှါ ဖြစ်ရာသော အကြောင်း (ရှိပေ၏)။..... တသမတ်တည်း ပဂ္ဂဟနိမိတ် ကိုသာလျှင် အကယ်၍ နှလုံးသွင်းငြားအံ့၊ ထိုဘာဝနာစိတ်သည် ပျံ့လွင့် ခြင်းငှါ ဖြစ်ရာသောအကြောင်း (ရှိပေ၏)။.... တသမတ်တည်း ဥပေက္ခာနိမိတ်ကိုသာလျှင် အကယ်၍ နှလုံးသွင်း ငြားအံ့၊ ထိုဘာဝနာစိတ် သည် အာသဝေါတရားတို့ကုန်ရန်အတွက် ကောင်းစွာ မတည်ကြည်ရာ သောအကြောင်း (ရှိပေ၏)။ ရဟန်း တို့ စင်စစ်သော်ကား လွန်ကဲထူးမြတ်သော သမထဝိပဿနာစိတ်ကို အားထုတ်သော ရဟန်းသည် ရံဖန် ရံခါ သမာဓိနိမိတ်ကို ရံဖန်ရံခါ ပဂ္ဂဟနိမိတ်ကို ရံဖန်ရံခါ ဥပေက္ခာ နိမိတ်ကို နှလုံးသွင်း၏၊ ထို့ကြောင့် ထို ဘာဝနာ စိတ်သည် နူးညံ့လည်း နူးညံ့ပေ၏၊ အမှု၌လည်း ခံ့ပေ၏၊ အညစ်အကြေးကင်းလျက် သန့်ရှင်း တောက်ပလည်း တောက်ပပေ၏၊ ချို့ယွင်း ပျက်စီးခြင်းလည်း မရှိပေ၊ အာသဝေါတရားတို့ ကုန်ရန်အတွက် ကောင်းစွာ တည်ကြည်ပေ၏။
ရဟန်းတို့ ဥပမာပြရလျှင် ရွှေပန်းထိမ်ဆရာဖြစ်စေ၊ ရွှေပန်းထိမ်တပည့် ဖြစ်စေ မိုက်ခွက်-လုံကို ဖွဲ့ရာ-ပြုလုပ်ရာ၏၊ မိုက်ခွက်-လုံကို ပြုလုပ်ပြီးလျှင် မိုက်ခွက်အဝကို လောင်စေရာ၏၊ လောင်စေပြီးလျှင် ညှပ်ဖြင့် ရွှေကိုယူ၍ မိုက်ခွက်အဝ၌ ထည့်ပြီးလျှင် ရံဖန် ရံခါ (မီးဖြင့်) မှုတ်၏၊ ရံဖန် ရံခါ ရေဖြင့်ဖြန်း၏၊ ရံဖန် ရံခါ လျစ်လျူရှု၏၊ ရဟန်းတို့ ရွှေပန်းထိမ်ဆရာဖြစ်စေ၊ ရွှေပန်းထိမ်တပည့်ဖြစ်စေ ထိုရွှေကို အကယ် ၍ တသမတ်တည်း မှုတ်နေငြားအံ့၊ ထိုရွှေကို အရည်ပျော် သွားအောင် လောင်ရာသော အကြောင်း (ရှိပေ ၏)၊ ....အကယ်၍ တသမတ်တည်း ရေဖြင့် ဖျန်းနေငြားအံ့၊ ထိုရွှေသည် ငြိမ်းအေးသွားရာသော အကြောင်း (ရှိပေ၏)၊.... အကယ်၍ တသမတ်တည်း လျစ်လျူ ရှုနေငြားအံ့၊ ထိုရွှေသည် ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသောအကြောင်း (ရှိပေ၏)။ ရဟန်းတို့ စင်စစ်သော်ကား ရွှေပန်းထိမ်ဆရာ ဖြစ်စေ၊ ရွှေပန်းထိမ် တပည့်ဖြစ်စေ ထိုရွှေကို ရံဖန်ရံခါ (မီးဖြင့်) မှုတ်၏၊ ရံဖန်ရံခါ ရေဖြင့် ဖျန်း၏၊ ရံဖန် ရံခါ လျစ်လျူရှု၏၊ ထို့ကြောင့် နူးလည်း နူးညံ့ပေ၏၊ အမှု၌လည်းခံ့ပေ၏၊ အညစ်အကြေး ကင်းလျက် သန့်ရှင်းတောက်ပ လည်း တောက်ပပေ၏၊ ချို့ယွင်း ပျက်စီးခြင်းလည်း မရှိပေ၊ လက်ကောက် လက်စွပ် စသောအမှုအတွက် ကောင်းစွာရောက်ပေ၏။ သင်းကျစ်ပြားအတွက် ဖြစ်စေ၊ နားဍောင်းအတွက် ဖြစ်စေ၊ [၂၄ဝ] လည်ဆွဲ တန်ဆာအတွက် ဖြစ်စေ၊ ရွှေပန်းကုံးအတွက် ဖြစ်စေ အကြင်အကြင် အဆင်တန်ဆာအထူးအတွက် အလို ရိပှါမူ ထပို န်း ထမိ ဆ် ရာ ပန်း ထမိ တ် ပည၏့် ထအို လရို သှိ မျှ အဆငတ် နဆ်ာဟူသော အကျိုး ကလို ည်း ပြီး စေ နိုင်ပေ၏။
ရဟန်းတို့ ထို့အတူပင် လွန်ကဲ ထူးမြတ်သော သမထ ဝိပဿနာစိတ်ကို အားထုတ်သော ရဟန်း သည် သုံးပါးသော နိမိတ်တို့ကို။ပ။ အာသဝေါတရားတို့ ကုန်ရန်အတွက် ကောင်းစွာ တည်ကြည်ပေ၏။ (ဣဒ္ဓိဝိဓစသော) ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုထိုက်သော အကြင် အကြင် တရားကို ထူးသော ဉာဏ် ဖြင့် မျက်မှောက်ပြုရန် အတွက် စိတ်ကို ရှေးရှုညွတ်စေလျှင် (ပုဗ္ဗဟေတု စသော) အကြောင်း ရှိတိုင်း မရျကှိတ်ြမိုငင်း ထမျိုက်မှော က် ပြုထကိုသော တရား၌ မျက်ြမငက် ယိုတွေ့ ရသှို ဖြစထ် ကိုြ်ခင်း သို့ (ဝါကိုယ်တွေ့ဖြစ်ခြင်းသို့) ရောက်ပေ ၏'' ဟူသောဤသုတ်ကို အဓိစိတ္တသုတ်ဟု သိအပ်၏။
ရဟန်းတို့ ၆-ပါးသော တရားတို့နှင့်ပြည့်စုံသော ရဟန်းသည် အမြတ်ဆုံးဖြစ်သော အေးချမ်းခြင်း (နိဗ္ဗာန်)ကို မျက်မှောက်ပြုရန် ဖြစ်ထိုက်ပေ၏။ အဘယ် ၆-ပါးတို့နှင့်နည်း?ဟူမူ၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အကြင်အခါ၌ စိတ်ကို နှိပ်သင့်၏၊ ထိုအခါ၌ စိတ်ကို နှိပ်၏။ အကြင်အခါ၌ စိတ်ကို ပင့်မြှောက်သင့်၏၊ ထိုအခါ၌ စိတ်ကို ပင့်မြှောက်၏။ အကြင်အခါ၌ စိတ်ကို ရွှင်စေသင့်၏၊ ထိုအခါ၌ စိတ်ကို ရွှင်စေ၏။ အကြင်အခါ၌ စိတ်ကို လျစ်လျူရှုသင့်၏၊ ထိုအခါ၌ စိတ်ကို လျစ်လျူရှု၏။ မြတ်သော မဂ်ဖိုလ်၌ နှလုံးသွင်း ညွတ်ကိုင်း၏၊ နိဗ္ဗာန်၌ မွေ့လျော်၏။ ရဟန်းတို့ ဤ ၆-ပါးသော တရားတို့နှင့် ပြည့်စုံသော ရဟန်းသည် အမြတ်ဆုံး ဖြစ်သော အေးချမ်းခြင်း ကို မျက်မှောက်ပြုရန် ဖြစ်ထိုက်ပေ၏'' ဟူသော ဤသုတ်ကို အနုတ္တရသီတိဘာဝသုတ်ဟု သိအပ်၏။
ဗောဇ္ဈင်္ဂကောသလ္လသုတ်ကိုမူ ''ရဟန်းတို့ ဤအတူပင် တွန့်ဆုတ်သော စိတ်ဖြစ်သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ သင့်လျော်သော အခါမဟုတ်ပေ'' ဤသို့ စသည်ဖြင့် အပ္ပနာကောသလ္လ ကထာ (ပဌမတွဲ ပ-နှိပ် နှာ ၄ဝဝ)၌ ပြခဲ့ပြီးပင် ဖြစ်သည်။
ယခုပြဆိုခဲ့သည့်အတိုင်း ခုနစ်ပါး အပြားရှိသော ဤဥဂ္ဂဟကောသလ္လကို ကောင်းစွာ မှတ်ယူပြီးလျှင် ဆယ်ပါး အပြားရှိသော ဤမနသိကာရကောသလ္လကိုလည်း ကောင်းစွာ ပိုင်းခြားမှတ်သား၍ ထိုယောဂီသည် နှစ်ပါးသော ကောသလ္လ တို့၏ အစွမ်းအားဖြင့် ကမ္မဋ္ဌာန်းကို ကောင်းစွာ သင်ယူအပ်ပေသည်။ ဆက်၍ဆိုဦးအံ့-ထိုယောဂီအား ကမ္မဋ္ဌာန်းဆရာနှင့်အတူ တကျောင်းတည်း၌ပင် (နေရန်) အကယ်၍ အဆင်ပြေငြားအံ့၊ ယခုပြဆိုခဲ့သည့်တိုင်း အကျယ်အားဖြင့် မဟောစေမူ၍ ကမ္မဋ္ဌာန်းကို ကောင်းစွာ ပိုင်းခြား မှတ်သားကာ ကမ္မဋ္ဌာန်းကို အားထုတ်လျက် ဘာဝနာ၏ ထူးခြားခြင်းကို ရပြီးလတ်သော် အထက်အထက်၌ (ဝါ-တိုးတက်၍ တိုးတက်၍) ဟောကြားစေအပ်၏။ အခြားအရပ် အခြားကျောင်း၌ နေလိုသော ယောဂီ သည် ပြဆိုခဲ့တိုင်းသော အစီအရင်ဖြင့် အကျယ်ဟောကြားစေပြီးလျှင် အဖန်တလဲလဲ ပြန်လှန်၍ အလုံးစုံသော အထုံးအဖွဲ့ ခက်ဆစ်ဌာနကို ဖြတ်ပယ်ရှင်းလင်းပြီးလျှင် ပထဝီကသိဏ နိဒ္ဒေသ၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် မလျော်သောကျောင်းကို ပယ်၍ [၂၄၁] လျော်သော ကျောင်း၌နေလျက် ပလိဗောဓငယ်များကို ဖြတ်၍ စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းရသော ကာယဂတာ သတိကမ္မဋ္ဌာန်း၌ (စ၍ အားထုတ်ခြင်း ဟူသော) ပရိကံကို ပြုအပ်ပေသည်။
ပရိကံကို ပြုပုံ
(ထိုသို့ ပရိကံကို)ပြုသော ယောဂီသည် ဆံပင်တို့၌ ရှေးဦးစွာ အသုဘထင်ကြောင်း နိမိတ်ကို ယူအပ်၏။ အဘယ်သို့ နည်း? ဟူမူ-တခု နှစ်ခုသော ဆံပင်တို့ကို နှုတ်ယူပြီးလျှင် လက်ဝါးပြင်၌ တင်ထား၍ အဆင်းကို ရှေးဦးစွာပိုင်းခြားမှတ်သား အပ်၏၊ ခေါင်းရိပ်ရာ အရပ်၌လည်း ဆံပင်တို့ကို ကြည့်ရှုရန် သင့်ပေ၏၊ ရေခွက်၌သော်၎င်း၊ ယာဂုခွက်၌သော်၎င်း (ထင်သောအရိပ်ကို) ကြည့်ရှုရန်လည်းသင့်သည်သာတည်း။ မည်းနက်စဉ် ကာလ၌ မည်းနက်ကုန်၏ဟု နှလုံးသွင်းအပ်၏၊ ဆံဖြူသောအခါ၌ ဖြူကုန်၏ဟု နှလုံးသွင်းအပ်၏၊ အမည်း အဖြူ ရောသောအခါ၌မူ များရာ၏ အစွမ်းအားဖြင့် နှလုံးသွင်း အပ်၏။ ဆံပင်တို့၌ကဲ့သို့ပင် ဤအတူ အလုံးစုံသော တစပဉ္စက၌လည်း ကြည့်၍သာလျှင် အသုဘထင်ကြောင်း နိမိတ်ကို ယူအပ်ပေသည်။
ကောဋ္ဌာသတို့ကို ပိုင်းခြားပုံ ပြဆိုချက်
၁၈၂။ ဤဆိုခဲ့သည့်အတိုင်း နိမိတ်ကို ယူပြီးလျှင် အလုံးစုံသော ကောဋ္ဌာသတို့ကို အဆင်း, သဏ္ဌာန်, အရပ် မျက်နှာ, တည်ရာ, အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ပိုင်းခြား ဆုံးဖြတ်ပြီးလျှင် အဆင်း, သဏ္ဌာန်, အနံ့, မှီရာအကြောင်း, တည်ရာတို့၏အစွမ်းအားဖြင့် ငါးပါးအပြားဖြင့် စက်ဆုပ်ဖွယ်ရှိသည်၏ အဖြစ်ကို ပိုင်းခြား မှတ်သားအပ်၏။ ထိုသို့ မှတ်သားရာ၌ ယခုဆိုမည့် စကားသည် အလုံးစုံသော ကောဋ္ဌာသတို့၌ အစဉ်အတိုင်း ပြဆိုသော စကား ပေတည်း။
(၁) ဆံပင်
(ကေသာ) ဆံပင်တို့သည် ပကတိအဆင်းအားဖြင့် မည်းနက်ကုန်၏၊ စိုသော ပုတီးနက်သီး အဆင်းရှိကုန်၏၊ ပုံသဏ္ဌာန်အားဖြင့်ရှည်၍ လုံးကုန်၏၊ ချိန်ရိုးသဏ္ဌာန် ရှိကုန်၏၊ အရပ်မျက်နှာအားဖြင့် အထက်အရပ်၌. ဖြစ်ကုန်၏၊ တည်ရာအားဖြင့် နံပါးနှစ်ဖက်တို့၌ နားပန်းစွန်းတို့ဖြင့်, ရှေ့ဖက်၌ နဖူးပြင်အဆုံးဖြင့်, နောက်ဖက်၌ လည်ကုပ်တွင်းဖြင့် (ဆံပင်တို့ကို) ပိုင်းခြားလျက်ရှိသည်၊ ဦးခေါင်းခွံကို ရစ်ပတ်လျက်ရှိသော စိုသော အရေသည် ဆံပင်တို့၏ တည်ရာပေတည်း၊ အပိုင်းအခြားအားဖြင့် (တခုစီ တခုစီသော) ဆံပင်တို့ကို ဦးခေါင်းကို ရစ်ပတ်လျက်ရှိသော အရေ၌ စပါးလုံး အမြီးဖျားမျှဝင်၍ တည်သော အောက်ဖက်၌ မိမိ၏ အမြစ်အပြင်ဖြင့်, အထက်ဖက်၌ ဟင်းလင်းပြင်ဖြင့်, ဖီလာပတ်ဝန်းကျင်၌ ဆံပင်အချင်း ချင်းဖြင့် ပိုင်းခြားလျက်ရှိသည်၊ နှစ်ခုသော ဆံပင်တို့သည် တပေါင်းတည်း (တည်ကြသည်ဟု)မရှိကုန်၊ ဤသည်ကား မိမိ၏အဖို့ဖြင့်ပိုင်းခြားခြင်း (သဘာဂပရိစ္ဆေဒ) ပေတည်း။ ဆံပင်တို့သည် အမွေး မဟုတ်ကုန်၊ အမွေးတို့သည် ဆံပင်မဟုတ် ကုန်ဟု ဤပုံဤနည်းဖြင့် ကြွင်းသော ၃၁-ပါးသော ကောဋ္ဌာသတို့နှင့် မရောနှောပဲ ကွဲပြားကုန်သော ဆံပင်တို့မည်သည် အသီးအခြားတခုသော ကောဋ္ဌာသ (အဖို့အစု) ပေတည်း၊ ဤသည်ကား မိမိအဖို့ မဟုတ်သော အခြားအဖို့ဖြင့် ပိုင်းခြားခြင်း (ဝိသဘာဂပရိစ္ဆေဒ) ပေတည်း။ ဤသည်ကား ဆံပင်တို့ကို အဆင်းစသည်ဖြင့် ပိုင်းခြားဆုံးဖြတ်ခြင်း ပေတည်း။ ၁၈၃။ ယခုဆိုမည့် စကားသည်ကား ထို ဆံပင်တို့ကို အဆင်းစသည်တို့၏ အစွမ်းအားဖြင့် ငါးပါးအပြားဖြင့် စက်ဆုပ်ဖွယ်ဟု ပိုင်းခြားမှတ်သားခြင်း ပေတည်း။ ဤဆံပင်တို့မည်သည်မှာ အဆင်းအားဖြင့်လည်း စက်ဆုပ်ဖွယ် ရှိကုန်၏၊ ပုံသဏ္ဌာန်အားဖြင့်လည်း စက်ဆုပ်ဖွယ် ရှိကုန်၏၊ အနံ့အားဖြင့်လည်း စက်ဆုပ်ဖွယ် ရှိကုန်၏၊ မှီရာအကြောင်းအားဖြင့် လည်း စက်ဆုပ်ဖွယ် ရှိကုန်၏၊ တည်ရာအားဖြင့်လည်း စက်ဆုပ်ဖွယ် ရှိကုန်၏။
[၂၄၂] ချဲ့၍ပြအံ့-နှစ်သက်ဖွယ် ကောင်းငြားသော်လည်း ယာဂုခွက်၌သော်၎င်း၊ ထမင်းပန်းကန်၌သော်၎င်း ဆံပင် အဆင်း ရှိသော တစုံတခုကို မြင်ရလျှင် ဤစားဖွယ်သည် ဆံပင်နှင့် ရောနေသည်၊ ထိုအရာကို ယူသွားကြဟု ဆိုလျက် စက်ဆုပ်ကုန်၏၊ ဤသို့ ဆံပင်တို့သည် အဆင်းအားဖြင့် စက်ဆုပ်ဖွယ် ရှိကုန်၏။
ညဥ့်အခါ၌ စားနေသော သူတို့သည်လည်း ဆံပင်၏ အသွင်သဏ္ဌာန်ရှိသော မရိုးမျှင်ကိုသော်၎င်း၊ သင်ပန်းမျှင်ကို သော်၎င်း ထိမိ စမ်းမိ၍သော်လည်း ထို့အတူပင် စက်ဆုပ်တက်ကုန်၏၊ ဤသို့ ပုံသဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ် ရှိကုန်၏။ ဆီလိမ်းခြင်း ပန်းအမွှေးအထုံ စသည်တို့ဖြင့် ပြုပြင်ခြင်းမှ ကင်းကုန်သော ဆံပင်တို့၏ အနံ့သည် အလွန်စက်ဆုပ် ဖွယ် ကောင်း၏၊ မီး၌ ထည့်အပ်ကုန်သော ဆံပင်တို့၏ အနံ့သည် ထို့ထက်သာ၍ စက်ဆုပ်ဖွယ် ကောင်း၏၊ မှန်ပေ၏-ဆံပင် တို့သည် အဆင်းသဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ် မရှိသည်သော်လည်း ဖြစ်နိုင်ကြသေး၏၊ အနံ့အားဖြင့်မူကား စက်ဆုပ်ဖွယ် ရှိကြသည်ချည်းသာတည်း။ ဥပမာဖြင့်ပြရလျှင် နို့စို့အရွယ် ကလေးသူငယ်၏ မစင်သည် အဆင်းအားဖြင့် နနွင်းအဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့်လည်း နနွင်းခဲ သဏ္ဌာန်ရှိ၏။ ထို့ပြင် အမှိုက်ပုံ၌ စွန့်ပစ်ထားသော ခွေးနက်၏ ဖူးဖူးရောင်နေသော ကိုယ် ကောင်သည် အဆင်းအားဖြင့် ထန်းသီးမှည့်အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် လုံး၍ချောညက်သော မုရိုးစည်သဏ္ဌာန်ရှိ၏၁၊ ထို ခွေးနက်၏ အစွယ်တို့သည်လည်း မြတ်လေးပန်းငုံနှင့် တူကုန်၏၊ ထို့ကြောင့် သူငယ်၏ မစင်နှင့် ခွေးကောင်းပုပ်ဟူသော ထို ၂-ခုလုံးပင် အဆင်းနှင့် သဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ် မဟုတ်သည် ဖြစ်နိုင်သေး၏၊ အနံ့အားဖြင့်မူကား စက်ဆုပ်ဖွယ် စင်စစ်သာတည်း။ ဤအတူပင် ဆံပင်တို့သည်လည်း အဆင်းနှင့် သဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ် မရှိကုန်သော်လည်း အနံ့ အားဖြင့်မူ စက်ဆုပ်ဖွယ် ရှိကုန်သည်သာတည်း။
ထို့ပြင် မသန့်သော (ရွာအနီး) အရပ်၌ ရွာ၏အညစ်အကြေးအကျိုးဆက်ဖြင့် ပေါက်ကုန်သော ဟင်းရွက်တို့သည် မြို့ သူမြို့သား လူတို့အား စက်ဆုပ်ဖွယ်ဖြစ်၍ မသုံးဆောင်ကောင်းကုန်သကဲ့သို့ ထို့အတူပင် ဆံပင်တို့သည်လည်း သွေး ကျင် ငယ် ကျင်ကြီး သည်းခြေ သလိပ်စသည်တို့၏ အကျိုးဆက်ဖြင့် ဖြစ်ကြသောကြောင့် စက်ဆုပ်ဖွယ်တို့ပင်တည်း၊ ဤသည် ကား ထိုဆံပင်တို့၏ မှီရာအကြောင်းအားဖြင့် စက်ဆုပ်ဖွယ် ကောင်းခြင်းပေတည်း။
ထို့ပြင် ဤဆံပင်တို့မှာ မစင်ပုံ၌ ပေါက်သော မှိုကဲ့သို့ ၃၁-ပါးသော ကောဋ္ဌာသအစု၌ ဖြစ်ကုန်၏၊ ထိုဆံပင်တို့သည် သုသာန် အမှိုက်ပုံ စသည်တို့၌ ပေါက်သော ဟင်းရွက်ကဲ့သို့၎င်း၊ (မသန့်သော) ကျုံးစသည်တို့၌ ပေါက်သော ကြာနီ ကြာညိုစသော ပန်းကဲ့သို့၎င်း မသန့်သော (ကိုယ်) အရပ်၌ ဖြစ်ကြသောကြောင့် အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းကုန်၏၊ ဤ သည်ကား ထိုဆံပင်တို့၏ တည်ရာအရပ်အားဖြင့် စက်ဆုပ်ဖွယ် ကောင်းခြင်းပေတည်း။
ထိုမှတပါး ဆံပင်တို့ကဲ့သို့ ထို့အတူပင် ကြွင်းသော ကောဋ္ဌာသအားလုံးတို့၏ အဆင်း, သဏ္ဌာန်, အနံ့, မှီရာ အကြောင်း, တည်ရာတို့၏ အစွမ်းအားဖြင့် ငါးပါးအပြားဖြင့် စက်ဆုပ်ဖွယ် ကောင်းခြင်းကို သိအပ်၏၊ ထို့ပြင် အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ, အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ကြွင်းသော ကောဋ္ဌာသ အားလုံးတို့ကိုလည်း အသီးအသီး ပိုင်းခြားဆုံးဖြတ် အပ်ကုန်၏။
(၂) အမွေး
၁၈၄။ ထိုတွင် ရှေးဦးစွာ အစဉ်ကျသော (လောမာ) အမွေးတို့သည် ပကတိ အဆင်းအားဖြင့် ဆံပင်တို့ကဲ့သို့ အမည်း သက်သက်မဟုတ်ကုန်၊ စင်စစ်အားဖြင့် မည်းကြောင်သော အဆင်းရှိကုန်၏၊ သဏ္ဌာန်အားဖြင့် အောက်သို့ညွတ်သော အဖျား ရှိကုန်၏ ထန်းပင်၏ အမြစ်သဏ္ဌာန် ရှိကုန်၏၊ အရပ်အားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ ဖြစ်ကုန်၏၊ တည်ရာ အားဖြင့် ဆံပင်တို့၏ တည်ရာအရပ်နှင့် လက်ဖဝါး ခြေဖဝါး အပြင်တို့မှတပါး အများအားဖြင့် ကြွင်းသောကိုယ်ကို ရစ်ပတ် လျက်ရှိသော အရေ၌ ဖြစ်ကုန်၏၊ အပိုင်းအခြားအားဖြင့် ကိုယ်ကို ရစ်ပတ်လျက်ရှိသော အရေ၌ တလိက္ခာခန့်မျှ [၂၄၃] ဝင်လျက်တည်သော အောက်ဖက်၌ မိမိ၏ အမြစ်ဖြင့်, အထက်ဖက်၌ ဟင်းလင်းပြင်အရပ်ဖြင့် ဖီလာပတ်ဝန်းကျင်၌ အချင်း ချင်းဖြင့် ပိုင်းခြားလျက်ရှိသည်၊ အမွေး ၂-ပင်တို့သည် တပေါင်းတည်း မရှိကုန်၊ ဤသည်ကား ထိုအမွေးတို့၏ မိမိအဖို့ အားဖြင့် ပိုင်းခြားခြင်းဟူသော သဘာဂပရိစ္ဆေဒ ပေတည်း၊ မိမိအဖို့ မဟုတ်သော အခြားအဖို့ဖြင့် ပိုင်းခြားခြင်းဟူသော ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၃) လက်သည်း ခြေသည်း
၁၈၅။ နခါ (လက်သည်း ခြေသည်း) ဟူသည်ကား နှစ်ဆယ်သော လက်သည်းခွံ ခြေသည်းခွံတို့၏ အမည်ပေ တည်း။ ၎င်းတို့သည် အားလုံးပင်အဆင်းအားဖြင့် ဖြူကုန်၏၊ သဏ္ဌာန်အားဖြင့် ငါး၏ အကြေးသဏ္ဌာန် ရှိကုန်၏၊ အရပ်အား ဖြင့် ခြေသည်းတို့သည် အောက်အရပ်၌, လက်သည်းတို့သည် အထက်အရပ်၌ ဤသို့အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ် ကုန်၏၊ တည်ရာအားဖြင့် လက်ချောင်း ခြေချောင်းတို့၏ အဖျားအပေါ်ဖက်တို့၌ တည်ကုန်၏၊ အပိုင်းအခြားအားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ လက်ချောင်း ခြေချောင်းတို့၏ အစွန်းအသားတို့ဖြင့်, အတွင်းဖက်၌ လက်ချောင်း ခြေချောင်းတို့၏ အမိုးဖက်အသားဖြင့်, အပြင်ဖက်နှင့် အဖျား၌ ဟင်းလင်းပြင်အရပ်ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်၊ လက်သည်း ခြေသည်းခွံ ၂-ခုတို့သည် တပေါင်းတည်း မရှိကုန်၊ ဤသည်ကား ထိုလက်သည်း ခြေသည်းတို့၏ သဘာဂပရိစ္ဆေဒ ပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၄) သွား
၁၈၆။ ဒန္တာ (သွားတို့) ဟူသည်မှာ သွားပြည့်စုံသောသူအား ၃၂-ခုသော သွားရိုးတို့ပေတည်း။ ၎င်းတို့သည်လည်း အဆင်းအားဖြင့် ဖြူကုန်၏၊ သဏ္ဌာန်အားဖြင့် များသောသဏ္ဌာန်ရှိကုန်၏၊ ချဲ့၍ပြအံ့ - ယင်းသွားတို့တွင် အောက်သွား အစဉ်၏ အလယ်၌ ၄-ချောင်းတို့သည် ရွှံ့မြေစိုင်၌ အစဉ်အတိုင်း စိုက်ထားသော ဗူးစေ့သဏ္ဌာန် ရှိကုန်၏၊ ယင်းတို့၏ နံပါး နှစ်ဖက်တို့၌ တချောင်း တချောင်းသည် အမြစ် တခုစီရှိ၏ အဖျားချွန်အစွန်း တခုစီရှိ၏ စပယ်ငုံသဏ္ဌာန် ရှိ၏၊ ယင်းတို့မှ နံပါး၌ တချောင်း တချောင်းသည် အမြစ် နှစ်ခုစီ ရှိ၏ အစွန်းနှစ်ခုစီ ရှိ၏ လှည်း ထောက်ခွသဏ္ဌာန် ရှိ၏၊ ယင်းတို့မှ နံပါး၌ နှစ်ချောင်း နှစ်ချောင်းတို့သည် အမြစ်သုံးခုစီ ရှိကုန်၏ အစွန်းသုံးခုစီ ရှိကုန်၏၊ ယင်းတို့မှ နံပါး၌ နှစ်ချောင်း နှစ်ချောင်းတို့ သည် အမြစ်လေးခုစီ ရှိကုန်၏ အစွန်းလေးခုစီ ရှိကုန်၏။ အထက်သွား အစဉ်၌လည်း ဤအတူပင်။ အရပ်အားဖြင့် အထက် အရပ်၌ ဖြစ်ကုန်၏၊ တည်ရာအားဖြင့် အထက် အောက် မေးရိုးနှစ်ခုတို့၌ တည်ကုန်၏၊ အပိုင်းအခြားအားဖြင့် အောက်ဖက် အရင်းဖက်၌ မေးရိုး၌ တည်သော မိမိ၏ အမြစ်အပြင်ဖြင့်, အထက်အဖျားဖက်၌ ဟင်းလင်းအရပ်ဖြင့်, ဖီလာ နံပါး၌ အချင်း ချင်းဖြင့် ပိုင်းခြားလျက် ရှိသည်၊ သွား ၂-ချောင်းတို့သည် တပေါင်းတည်း မရှိကုန်၊ ဤသည်ကား ထိုသွားတို့၏ သဘာဂ ပရိစ္ဆေဒ ပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၅) အရေ
၁၈၇။ တစော (အရေ) ဟူသည်မှာ တကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံလျက်တည်သော အရေထူပေတည်း။ ထိုအရေထူ ၏ အထက်၌ အမည်း အညို အဝါ စသည် အဆင်းရှိသော အရေပါးမည်သည် ရှိ၏၊ ယင်း အရေပါးသည် တကိုယ်လုံးမှ ခွါ၍လုံးစုလျှင် ဆီးစေ့မျှရှိ၏။ အရေထူသည်ကား အဆင်းအားဖြင့် ဖြူသည်သာတည်း၊ ထိုအရေထူ၏ ဖြူသည်၏အဖြစ်သည် မီးလောင်ခြင်း, လက်နက်ဖြင့် ပုတ်ခတ်ခြင်းစသည်တို့ကြောင့် အရေပါးပွန်းပဲ့ ပျက်စီးသွားသောအခါ၌ ထင်ရှား၏၊ သဏ္ဌာန် အားဖြင့် ကိုယ်၏သဏ္ဌာန်ရှိသည်သာ ဖြစ်ပေသည်။ ဤကား ဤအရာ ၌ အကျဉ်းပေတည်း။
[၂၄၄] အကျယ်အားဖြင့်မူကား ခြေချောင်းအရေသည် အအိမ်ကို ပြုတတ်သော ပိုး၏ ပိုးချည်မျှင် အိမ်သဏ္ဌာန် ရှိ၏၊ ခြေဖမိုးရေသည် ဘွတ်ဘိနပ်၏ အမိုးဖုံးသဏ္ဌာန်ရှိ၏၊ ခြေသလုံးရေသည် ထမင်းထုပ်သည့် ထန်းရွက်သဏ္ဌာန်ရှိ၏၊ ပေါင်ရေ သည် ဆန်တို့ဖြင့် ပြည့်နေသော ဆန်အိတ်ရှည် သဏ္ဌာန်ရှိ၏၊ တင်ပါးအရေသည် ရေဖြင့်ပြည့်နေသော အဝတ်ရေစစ်သဏ္ဌာန် ရှိ၏၊ ကျောက်ကုန်းရေသည် ပျဉ်ချပ်၌ ကြက်ထားသော သားရေသဏ္ဌာန်ရှိ၏၊ ဝမ်းဗိုက်ရေသည် စောင်းခွက်၌ကြက်ထားသော သားရေသဏ္ဌာန်ရှိ၏၊ ရင်ပတ်ရေသည် အများအားဖြင့် လေးထောင့်သဏ္ဌာန်ရှိ၏၊ နှစ်ခုသော လက်မောင်းတို့၏အရေသည် မြားထည့်စရာတောင့်၌ ကြက်ထားသောသားရေသဏ္ဌာန်ရှိ၏၊ လက်ဖမိုးရေသည် သင်ဓုန်းအိမ် သဏ္ဌာန်ရှိ၏၊ တနည်းကား ခေါင်းဖြီးသည့် ဖြီးအိတ်သဏ္ဌာန် ရှိ၏၊ လက်ချောင်းရေသည် သံကောက်အိမ်သဏ္ဌာန် ရှိ၏၊ လည်ရေသည် လည်ပတ် သဏ္ဌာန် ရှိ၏၊ မျက်နှာရေသည် (ခံတွင်း နှာခေါင်း မျက်စိပေါက်တို့ဖြင့်) အပေါက်အပေါက် ရှိသည်ဖြစ်၍ ပိုးအိမ်သဏ္ဌာန် ရှိ၏ (ဝါ-စာပေါင်းသိုက်သဏ္ဌာန် ရှိ၏၊) ဦးခေါင်းရေသည် သပိတ်အိတ်သဏ္ဌာန် ရှိ၏။
ပိုင်းခြားပုံ မှတ်ပုံကို ဆက်၍ပြအံ့-အရေကို သိမ်းဆည်းသောယောဂီသည် အထက်နှုတ်ခမ်းမှစ၍ အထက်ပိုင်း မျက်နှာသို့ ဉာဏ်ကို သွားစေလျက် ရှေးဦးစွာ မျက်နှာကို မြှေးယှက်လျက်တည်သော အရေကို ပိုင်းခြား အပ်၏၊ ထို့နောင် နဖူးရေကို (ပိုင်းခြားအပ်၏)၊ ထို့နောင် အိတ်၌ ထည့်ထားသော သပိတ်နှင့် သပိတ်အိတ်တို့၏ အကြားဖြင့် လက်ကို သွားစေ ဘိသကဲ့သို့ ခေါင်းရိုးနှင့် ခေါင်းရေတို့၏ အကြားဖြင့် ဉာဏ်ကိုသွားစေ၍ အရိုးနှင့်တကွ အရေ၏ တစပ်တည်းအဖြစ်ကို ခွဲခွါ လျက် ခေါင်းရေကို ပိုင်းခြားအပ်၏၊ ထို့နောင် ပခုံးရေကို (ပိုင်းခြားအပ်၏)၊ ထို့နောင် အနုလုံအားဖြင့်၎င်း၊ ပဋိလုံအားဖြင့်၎င်း လက်ျာလက်အရေကို (ပိုင်းခြားအပ်၏)၊ ထို့နောင် ထိုနည်းဖြင့်ပင်လျှင် လက်ဝဲလက်အရေကို၊ ထို့နောင် ကျောက်ကုန်းရေကို (ပိုင်းခြားအပ်၏)၊ ၎င်းကို ပိုင်းခြားပြီးလျှင် အနုလုံအား ဖြင့်၎င်း၊ ပဋိလုံအားဖြင့်၎င်း လက်ျာခြေအရေကို၊ ထို့နောင် ထိုနည်း ဖြင့်ပင်လျှင် လက်ဝဲခြေအရေကို (ပိုင်းခြားအပ်၏)၊ ထို့နောင် အစဉ်အတိုင်းပင်လျှင် သိုအိမ်ရေ ဝမ်းရေ ရင်ရေ လည်ရေတို့ကို (ပိုင်းခြားအပ်ကုန်၏)၊ ထို့နောင် လည်ရေ၏ အခြားမဲ့၌ အောက်မေးရေကို ပိုင်းခြားပြီးလျှင် အောက်နှုတ်ခမ်းအဆုံးသို့ ရောက်စေ၍ ပြီးဆုံးစေအပ်၏။ ဤဆိုခဲ့သည့်အတိုင်း ရုန့်ရင်း ရုန့်ရင်းသော အရေကို သိမ်းဆည်းသော ယောဂီအား သိမ်မွေ့ သောအရေသည်လည်း ထင်ရှား၏။ အရပ်အားဖြင့် အထက်အောက်နှစ်ပါးသောအရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် တကိုယ် လုံးကို မြှေးယှက် ရစ်ပတ်လျက် တည်၏၊ အပိုင်းအခြားအားဖြင့် အောက်ဖက် အတွင်းဖက်၌ တည်ရာအရပ်၏ အပြင်ဖြင့်, အထက်ဖက် အပြင်ဖက်၌ ဟင်းလင်းအရပ်ဖြင့် ပိုင်းခြားလျက်ရှိသည်။ ဤသည်ကား ထိုအရေ၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၆) အသား
၁၈၈။ မံသံ(အသား)ဟူသည်မှာ ကိုးရာသော သားတစ်တို့ပေတည်း။ ထိုအလုံးစုံသည်လည်း အဆင်းအားဖြင့် နီ၏ ပေါက်ပန်းနှင့်တူ၏၊ သဏ္ဌာန်အားဖြင့် ခြေသလုံး ကြွက်သားသည် ထန်းရွက် ထမင်းထုပ် သဏ္ဌာန် ရှိ၏၊ ပေါင်သားသည် ဆေးကြိတ်ကျောက်သား (ကျောက်လုံးငယ်) သဏ္ဌာန်ရှိ၏၊ တင်ပါးသားသည် ခုံလောက်စွန်းသဏ္ဌာန်ရှိ၏၊ ကျောက်ကုန်း သားသည် ထန်းလျက်ပြားသဏ္ဌာန် ရှိ၏၊ နံပါးနှစ်ဖက်၏ အသားသည် စပါးကျီ၏ ဝမ်းဗိုက်နံရံ၌ ပါးပါးလိမ်းကျံထား သော မြေညက်သဏ္ဌာန် ရှိ၏၊ သားမြတ်သားသည် လုံးစေပြီးလျှင် ပစ်ချလိုက်သော ရွှံ့မြေညက်စိုင်သဏ္ဌာန်ရှိ၏၊ [၂၄၅] လက်မောင်း ၂-ခုအသားသည် နှစ်ကောင်ထပ်၍ထားသော အရေမရှိသည့် ကြွက်ကောင်ကြီးသဏ္ဌာန် ရှိ၏။ ဤဆိုခဲ့သည့် အတိုင်း ရုန့်ရင်းရုန့်ရင်းသော အသားကို သိမ်းဆည်းသော ယောဂီအား သိမ်မွေ့သော အသားသည်လည်း ထင်ရှား၏။ အရပ် အားဖြင့် အထက်အောက် နှစ်ပါးသောအရပ်တို့၌ ဖြစ်၏။ တည်ရာအားဖြင့် သုံးရာ့နှစ်ဆယ် (၃၂ဝ)သော အရိုးတို့ကို လိမ်းကျံ တွယ်ကပ်လျက် တည်၏၊ အပိုင်းအခြားအားဖြင့် အောက်ဖက် အတွင်းဖက်၌ အချင်းချင်း ဆက်စပ်နေသော အရိုး၌ တည်ရာ အပြင်ဖြင့်, အထက်ဖက် အပြင်ဖက်၌ အရေဖြင့်, ဖီလာ ပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက်ရှိသည်။ ဤ သည်ကား ထိုအသား၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၇) အကြော
၁၈၉။ နှာရု (အကြော)ဟူသည်ကား ကိုးရာ (၉ဝဝ) သောအကြောတို့ပေတည်း။ (ထို)အကြောအားလုံးတို့သည်လည်း အဆင်းအားဖြင့် ဖြူကုန်၏၊ သဏ္ဌာန်အားဖြင့် အမျိုးမျိုးသော သဏ္ဌာန်ရှိကုန်၏၊ ချဲ့၍ပြဦးအံ့-ဤအကြော ကိုးရာတို့တွင် လည်၏ ရှေးအဖို့မှစ၍ ကိုယ်ကို ဖွဲ့ယှက်ကုန်လျက် အကြောမကြီးငါးခုတို့သည် ရှေ့ဖက်ဖြင့် ဆင်းသက်ကုန်၏၊ ငါးခု တို့သည် နောက်ဖက်ဖြင့်၊ ငါးခုတို့သည် လက်ျာနံပါးဖြင့်၊ ငါးခုတို့သည် နောက်ဖက်ဖြင့်၊ ငါးခုတို့သည် လက်ျာ နံပါးဖြင့်၊ ငါးခုတို့သည် လက်ဝဲနံပါးဖြင့် (ဆင်းသက်ကုန်၏)၊ လက်ျာလက် ကို ဖွဲ့ယှက်ကုန်လျက်လည်း လက်၏ရှေ့ဖက်ဖြင့် ငါးခု၊ နောက်ဖက်ဖြင့် ငါးခု၊ လက်ဝဲလက်ကို ဖွဲ့ယှက်ကုန်လျက် ထို့အတူ (ရှေ့ဖက် ငါးခု နောက်ဖက် ငါးခု)၊ လက်ျာခြေကို ဖွဲ့ယှက်ကုန်လျက်လည်း ခြေ၏ ရှေ့ဖက်ဖြင့် ငါးခု၊ နောက်ဖက်ဖြင့် ငါးခု၊ လက်ဝဲခြေကို ဖွဲ့ယှက်ကုန်လျက်လည်း ထို့အတူ (ရှေ့ဖက် ငါးခု နောက်ဖက် ငါးခု) ဤသို့အားဖြင့် (သရီရဓာရက) ကိုယ်ကိုဆောင်သော အကြောမည်ကုန်သော ၆ဝ-သော အကြောမကြီးတို့သည် ကိုယ်ကို ဖွဲ့ယှက်ကုန်လျက် ဆင်းသက်ကုန်၏။ ယင်းအကြောမကြီးတို့ကို ကဏ္ဍရာဟူ၍လည်း ဆိုအပ်ကုန်၏။ ထိုအကြောမကြီး အားလုံးတို့သည်လည်း ဗြူဒိုင်းခတ္တာငုံသဏ္ဌာန် ရှိကုန်၏။ အခြားအကြောတို့သည်ကား ထိုထိုကိုယ်အရပ်ကို လွှမ်းဖုံး ဖြန့်ယှက်လျက် တည်ကုန်၏၊ ထိုအောက် သိမ်မွေ့သော အကြောတို့သည် ချည်ကြိုး သဏ္ဌာန် ရှိကုန်၏၊ ထိုအောက် သိမ်မွေ့ကုန်သော အခြားအကြောတို့သည် ဆင်သမနွယ်သဏ္ဌာန် ရှိကုန်၏၊ ထိုအောက် သိမ်မွေ့ကုန် သော အခြားအကြောတို့သည် စောင်းကြိုးကြီး သဏ္ဌာန်ရှိကုန် ၏ ၊ ထိုအောက် သိမ်မွေ့သော အခြားအကြောတို့သည် အပ်ချည်ကြိုးကြမ်းသဏ္ဌာန် ရှိကုန် ၏၊ လက်ဖမိုး ခြေဖမိုးတို့၌ အကြောတို့သည် ငှက်ခြေသဏ္ဌာန် ရှိကုန်၏၊ ဦးခေါင်း၌ အကြော တို့သည် သူငယ်တို့၏ ခေါင်းစွပ်ဇာသဏ္ဌာန် ရှိကုန်၏၊ ကျောက်ကုန်း၌ အကြောတို့သည် နေပူထဲ၌ ဖြန့်ထားသော ပိုက်စို သဏ္ဌာန်ရှိကုန်၏၊ ဆိုခဲ့ပြီးတို့မှ ကြွင်းကုန်သော ထိုထို အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်ကုန်သော အကြောတို့သည် ကိုယ်၌ ဝတ်ထားသော ဇာအင်္ကျီသဏ္ဌာန်ရှိကုန်၏။ အရပ်အားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ ဖြစ်ကုန်၏၊ တည်ရာအားဖြင့် တကိုယ်လုံး၌ အရိုးတို့ကို ဖွဲ့ယှက်လျက် တည်ကုန်၏။ အပိုင်းအခြားအားဖြင့် အောက်ဖက်၌ သုံးရာသော အရိုးတို့၏ အထက်တွင် တည်ရာအရပ်အပြင်ဖြင့် အထက်ဖက်၌ အသားနှင့်အရေတို့ကို ထိဆိုက်၍ တည်ရာအရပ်တို့ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအကြောတို့၏ သဘာဂပရိစ္ဆေဒပေတည်း၊ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၈) အရိုး
၁၉ဝ။ အဋ္ဌိ(အရိုး)ဟူသည်ကား ၃၂-ချောင်းသော သွားရိုးတို့ကို ချန်ထား၍ ကြွင်းကုန်သော လက်ရိုး ၆၄-ခု၊ ခြေရိုး ၆၄-ခု၊ အသားကိုမှီသော အရိုးနု ၆၄-ခု၊ ဖဏှောင့်ရိုး ၂-ခု၊ ခြေတဖက် တဖက်၌ ဖမျက်ရိုး ၂-ခုစီ (ပေါင်း ၄-ခု)၊ ခြေသလုံးရိုး ၂-ခုစီ၊ ဒူးဆစ်ရိုး ၁-ခုစီ၊ ပေါင်ရိုး ၁-ခုစီ၊ တင်ပါးရိုး ၂-ခု၊ ကျောက်ဆူးရိုး ၁၈-ခု၊ နံရိုး ၂၄-ခု၊ [၂၄၆] ရင်ရိုး ၁၄-ခု၊ ရင်ညွန့်ရိုး ၁-ခု၊ ညှပ်ရိုး ၂-ခု၊ လက်ပြင်ရိုး ၂-ခု၊ လက်မောင်းရိုး ၂-ခု၊ လက်ဖျံရိုး ၂-ခုစီ (၄-ခု)၊ လည်ရိုး ၇-ခု၊ မေးရိုး ၂-ခု၊ နှာခေါင်းရိုး ၁-ခု၊ မျက်ကွင်းရိုး ၂-ခု၊ နားရိုး ၂-ခု၊ နဖူးရိုး ၁-ခု၊ ဦးခေါင်းခွံရိုး ၉-ခု ဤသို့အားဖြင့် အရိုး တို့သည် သုံးရာမျှရှိကုန်၏။ ထိုအားလုံးတို့သည်လည်း အဆင်းအားဖြင့် ဖြူကုန်၏။ သဏ္ဌာန်အားဖြင့် အမျိုးမျိုးသော သဏ္ဌာန်ရှိကုန်၏။
ချဲ့၍ပြဦးအံ့-ထိုတွင် ခြေချောင်းအဖျားဆစ်ရိုးတို့သည် ခပေါင်းစေ့သဏ္ဌာန်ရှိကုန်၏၊ ထို၏အခြားမဲ့ အလယ် အဆစ် ရိုးတို့သည် ပိန္နဲစေ့သဏ္ဌာန်ရှိကုန်၏၊ အရင်းဆစ်ရိုးတို့သည် ထက်စည်သဏ္ဌာန်ရှိကုန်၏၊ ခြေဖမိုးရိုးတို့သည်ထုပြားထားသော ဗြူဒိုင်းခတ္တာပင်၏ အကြောစုသဏ္ဌာန်ရှိကုန်၏၊ ဖဏှောင့်ရိုးသည် တစေ့သာရှိသော ထန်းသီးစေ့သဏ္ဌာန်ရှိ၏၊ ဖမျက်ရိုး တို့သည် ကြိုးဖြင့်ဖွဲ့ချည်ထားသော ကစားစရာ ဂေါ်လီလုံး သဏ္ဌာန်ရှိကုန်၏၊ ဖမျက်ရိုးတို့၌ ခြေသလုံးရိုးတို့၏ တည်ရာ အရပ်သည် အခွံသင်ထားသော စွန်ပလွညှောက်သဏ္ဌာန်ရှိ၏၊ ခြေသလုံးရိုး အငယ်သည် ကစားစရာ လေးငယ်၏ကိုင်း သဏ္ဌာန်ရှိ၏၊ ခြေသလုံးရိုးအကြီးသည် ညှိုးပိန်နေသော မြွေ၏ကျောက်ကုန်းသဏ္ဌာန်ရှိ၏၊ ဒူးဆစ်ရိုးသည် တဖက်ပဲ့သော ရမြှုပ်သဏ္ဌာန်ရှိ၏၊ ထိုဒူးဆစ်ရိုး၌ ခြေသလုံးရိုး၏ တည်ရာအရပ်သည် အဖျားမထက်သည့် နွားချိုသဏ္ဌာန်ရှိ၏၊ ပေါင်ရိုး သည် မကောင်းသဖြင့်ရွေထားသော ပဲခွပ်ရိုး ပုဆိန်ရိုးသဏ္ဌာန် ရှိ၏၊ တင်ပါးရိုး၌ ထိုပေါင်ရိုး၏ တည်ရာအရပ်သည် ကစား စရာ ဂေါ်လီလုံးသဏ္ဌာန်ရှိ၏၊ ထိုပေါင်ရိုးနှင့် (တကွ စပ်လျက်) တင်ပါးရိုး၏ တည်ရာအရပ်သည် အဖျားပိုင်း ပြတ်နေသော ပုန်းညက်သီးကြီးသဏ္ဌာန်ရှိ၏။
တင်ပါးရိုး ၂-ခိုတို့သည်လည်း တပေါင်းတည်းဆက်စပ်လျက် ဖြစ်ကြပါမူ အိုးထိန်သည်တို့ လုပ်ထားသည့် ခုံ လောက်သဏ္ဌာန်ရှိကုန်၏၊ တခုစီကွဲနေလျှင် ပန်းပဲတို့၏ သံကိုက်သဏ္ဌာန် ရှိကုန်၏၊ အစွန်း၌ တည်သော တင်ပါးရိုးသည် တွဲလျားဆွဲထားသော မြွေ၏ ပါးပျဉ်းသဏ္ဌာန်ရှိ၏၊ ခုနစ်ခု ရှစ်ခုသော ဌာနတို့၌ အပေါက် အပေါက် ရှိ၏၊ ကျောက်ဆူးရိုး တို့သည် အတွင်းဖက်မှ (အမြင်အားဖြင့်) အဆင့်ဆင့်ထပ်လျက်တင်ထားသော ခဲပြားခွေတို့၏ သဏ္ဌာန်ရှိကုန်၏၊ အပြင်ဖက်မှ (အမြင်အားဖြင့်) ဗိန်းလုံးအစဉ် (ဝါ-ဗိန်းလုံးအဆင့်ဆင့်) သဏ္ဌာန်ရှိကုန်၏၊ ထိုကျောက်ဆူးရိုးတို့၏ အကြားအကြား၌ လွှသွားနှင့်တူကုန်သော နှစ်ခုသုံးခုသော ဆူးနှင့်တူသော အရိုးများရှိကြ၏။ ၂၄-ခုသော နံရိုးတို့တွင် မပြည့်သောနံရိုးတို့သည် မပြည့်သော သန်လျက် (ဓားရှည်, ဓားကောက်)သဏ္ဌာန်ရှိကုန်၏၊ ပြည့်သော နံရိုးတို့သည် ပြည့်သော သန်လျက်သဏ္ဌာန် ရှိကုန်၏၊ နံရိုးအားလုံးတို့သည်လည်း ကြက်ဖြူ၏ဖြန့်ထားသော အတောင်သဏ္ဌာန်ရှိကုန်၏။ ၁၄-ခုသော ရင်ရိုးတို့သည် အိုမင်းပျက်စီးနေသော သန်လျှင်းချိုင့်သဏ္ဌာန် ရှိကုန်၏။ ရင်ညွန့်ရိုးသည် ယောက်မရွက်သဏ္ဌာန် ရှိ၏။ ညှပ်ရိုး ၂-ခုတို့သည် သံပဲခွပ်ငယ်၏ အရိုးသဏ္ဌာန်ရှိကုန်၏၊ လက်ပြင်ရိုး ၂-ခုတို့သည် တဖက်မှ ကုန်နေသော သီဟိုဠ်ပေါက်တူးသဏ္ဌာန်ရှိကုန်၏၊ လက်မောင်းရိုး ၂-ခုတို့သည် ကြေးမုံရိုး သဏ္ဌာန်ရှိကုန်၏၊ ၂-ခု ၂-ခုသော လက်ဖျံရိုး တို့သည် အစုံတွဲလျက်ရှိသော ထန်းဖု-ထန်းညှောင့်-ထန်းမြစ် သဏ္ဌာန်ရှိကုန်၏၊ လက်ကောက် ဝတ်ရိုးတို့သည် တဖက်မှ တွယ်ကပ်စေလျက် ထားအပ်သော ခဲပြားရစ်ခွေသဏ္ဌာန်ရှိကုန်၏၊ လက်ဖမိုးရိုးတို့သည် ထုပြားထားသော ဗြူဒိုင်းခတ္တာပင်၏ အကြောစုသဏ္ဌာန်ရှိကုန်၏၊ [၂၄၇] လက်ချောင်းရိုးတို့တွင် အရင်းဆစ်ရိုးတို့သည် ထက်စည်သဏ္ဌာန် ရှိကုန်၏၊ အလယ် ဆစ်ရိုးတို့သည် မပြည့်သော ပိန္နဲစေ့သဏ္ဌာန်ရှိကုန်၏၊ အဖျားဆစ် အရိုးတို့သည် ခပေါင်းစေ့သဏ္ဌာန် ရှိကုန်၏။ ခုနစ်ခုသော လည်ရိုးတို့သည် ဒုတ်တံ (လှံကန်)ဖြင့် ထိုးလျှို၍ အစဉ်အတိုင်း ဆင့်ထားသော ဝါးမျစ် ကွင်းပိုင်းများ သဏ္ဌာန် ရှိကုန်၏၊ အောက်မေးရိုးသည် ပန်းပဲသမားတို့၏ သံကိုယ်သဏ္ဌာန်ရှိ၏၊ အထက်မေးရိုးသည် ကြံခွံသင်သည့် ဓား မောက်သဏ္ဌာန်ရှိ၏၊ မျက်တွင်းရိုး နှာတွင်းရိုးတို့သည် အဆံအနှစ်ကို ထုတ်ထားသည့် နုသော ထန်းစေ့ သဏ္ဌာန်ရှိကုန်၏၊ နဖူးရိုးသည် မှောက်ထားသော ခရုသင်းခွက်ကွဲခြမ်း သဏ္ဌာန်ရှိ၏၊ နားထင်ရိုးတို့သည် ဆေတ္တာသည်၏ သင်ဓုန်းအိမ်သဏ္ဌာန် ရှိကုန်၏။ နဖူးရိုး-နားထင်ရိုးတို့၏အထက်၌ သင်းကျစ်ဖွဲ့ရာအရပ်၌ အရိုးသည် အတွန့် အတွန့်ရှိ၍ ထောပတ်ဖြင့် ပြည့်သော အဝတ်ပိုင်းသဏ္ဌာန်ရှိ၏၊ ဦးထိပ်ရိုးသည် မျက်နှာဝကို ဖြတ်ထားသော ကောက်သော အုန်းမှုတ် သဏ္ဌာန် ရှိ၏၊ (နောက်ဖက်) ဦးခေါင်းရိုးတို့သည် ချုပ်စပ်ထားသော ကွဲအက်သော ဗူးအုံ သဏ္ဌာန်ရှိကုန်၏။
အရပ်အားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ ဖြစ်ကုန်၏။ တည်ရာအားဖြင့် သာမန်ပြောရလျှင် တကိုယ် လုံး၌ တည်ကုန်၏၊ ခွဲခြား၍ အထူးအားဖြင့် ပြောရလျှင်ကား ထိုအရိုးတို့တွင် ဦးခေါင်းရိုးတို့သည် လည်ရိုးတို့၌ တည်ကုန်၏၊ လည်ရိုးတို့သည် ကျောက်ဆူးရိုးတို့၌ တည်ကုန်၏၊ ကျောက်ဆူးရိုးတို့သည် တင်ပါးရိုးတို့၌ တည်ကုန်၏၊ တင်ပါးရိုးတို့သည် ပေါင်ရိုးတို့၌၊ ပေါင်ရိုးတို့သည် ဒူးဆစ်ရိုးတို့၌၊ ဒူးဆစ်ရိုးတို့သည် ခြေသလုံး ရိုးတို့၌၊ ခြေသလုံးရိုးတို့သည် ဖမျက်ရိုးတို့၌၊ ဖမျက်ရိုးတို့သည် ခြေဖမိုးရိုးတို့၌ တည်ကုန်၏။ အပိုင်းအခြားအားဖြင့် အတွင်းဖက်၌ ရိုးတွင်းခြင်ဆီဖြင့်, အထက်ဖက်-အပြင် ဖက်၌ အသားဖြင့်, အဖျားနှင့် အရင်းဖက်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအရိုးတို့၏ သဘာဂ ပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၉) ရိုးတွင်းခြင်ဆီ
၁၉၁။ အဋ္ဌိမိဉ္ဇံ (ရိုးတွင်းခြင်ဆီ) ဟူသည်ကား ထိုထို အရိုးတို့၏ အတွင်း၌ တည်သော ခြင်ဆီ ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ဖြူ၏၊ သဏ္ဌာန်အားဖြင့် ကြီးကုန် ကြီးကုန်သော အရိုးတို့၏ အတွင်း၌တည်သော ခြင်ဆီသည် ဝါးကျည် တောက်၌ ထည့်၍ ပြုတ်ထားသော ကြိမ်ညွန့်ကြီးသဏ္ဌာန် ရှိ၏၊ ငယ်ကုန် အလွန်ငယ်ကုန်သော အရိုးတို့၏ အတွင်း၌ တည်သော ခြင်ဆီသည် ငယ်သော ဝါးဆစ်တို့၌ ထည့်၍ ပြုတ်ထားသော ကြိမ်ညွန့်နု သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် အထက် အောက် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် အရိုးတို့၏ အတွင်း၌ တည်၏၊ အပိုင်းအခြားအားဖြင့် အရိုးတို့၏ အတွင်းဖက် မျက်နှာပြင်တို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုခြင်ဆီ၏ သဘာဂပရိစ္ဆေဒ ပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁ဝ) အညှို့
၁၉၂။ ဝက္ကံ (အညှို့)ဟူသည်ကား အညှာ တခုတည်း၌ ဖွဲ့တွယ်လျက်ရှိသော အသားစိုင် ၂-ခုတို့ပေတည်း။ ၎င်း သည် အဆင်းအားဖြင့် စဉ်းငယ်နီ၏ ပင်လယ်ကသစ်စေ့ အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် သူငယ်တို့၏ ကစားစရာ အစုံဖွဲ့ ထားသော ဂေါ်လီလုံး ၂-ခုသဏ္ဌာန် ရှိ၏၊ တနည်း ပြောရလျှင် အညှာတခုတည်း၌ ဖွဲ့တွယ်နေသော သရက်သီး ၂-လုံးတွဲ သဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် လည်မျိုမှထွက်သော တခုသောအညှာရင်းဖြင့် အတန်ငယ်ဆင်းသွားပြီးလျှင် [၂၄၈]နှစ်ဖြာကွဲသော အကြောကြီးဖြင့် ဖွဲ့တွယ်လျက် နှလုံးသားကို ခြံရံ၍ တည်၏၊ အပိုင်း အခြားအားဖြင့် အညှို့ကို အညှို့အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအညှို့၏ သဘာဂပရိစ္ဆေဒ ပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၁) နှလုံး
၁၉၃။ ဟဒဟံ (နှလုံး)ဟူသည်ကား နှလုံးသားပေတည်း။ ၎င်းသည် အဆင်းအားဖြင့် နီ၏၊ ပဒုမ္မာကြာနီ ပွင့်ဖတ်၏ ကျောဖက်အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် ပြင်ပ အပွင့်ဖတ်တို့ကို ခွါပစ်၍ စောက်ထိုးဆွဲထားသော ပဒုမ္မာ ကြာငုံသဏ္ဌာန် ရှိ၏၊ အပ၌ ပြေပြစ်ချောညက်၏၊ အတွင်း၌ သပွတ်ခါးသီး၏ အတွင်းသားနှင့် တူ၏၊ ပညာရှိသော သူတို့အား အနည်းငယ် ပွင့်၏၊ ပညာနုံ့သောသူတို့အား ငုံလျက်သာ ရှိ၏၊ ယင်း နှလုံး၏ အတွင်း၌ ပုန်းညက်စေ့၏ တည်ရာမျှသော တွင်းငယ်သည် ရှိ၏၊ ယင်း တွင်းငယ်၌ လက်ဆွန်းဝက်ခန့်မျှသော သွေးသည် ကောင်းစွာ တည်ရှိ၏၊ ယင်းသွေးကို မှီ၍ (ဝါ-ယင်း သွေး၌ရှိ သော ဝတ္ထုရုပ်ကိုမှီ၍) မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့သည် ဖြစ်ကုန်၏။ ဆက်ဦးအံ့-ထိုသို့သော ဤနှလုံးသွေးသည် ရာဂအားကြီးသော သူအား နီ၏၊ ဒေါသအားကြီးသော သူအား မည်း၏၊ မောဟ အားကြီးသောသူအား အသားဆေးရေနှင့် တူ ၏၊ ဝိတက် အားကြီးသောသူအား ပဲပိစပ်ပြုတ် ရေအဆင်း ရှိ၏၊ သဒ္ဓါအားကြီးသောသူအား မဟာလှေကားပွင့်အဆင်း ရှိ၏၊ ပညာအားကြီးသောသူအား ကြည်၏ အထူးကြည်လင်၏ နောက်ကျုခြင်းမရှိ ဖြူစင်၏ ထက်ဝန်းကျင် စင်ကြယ်၏ ကောင်းစွာ သွေးထားသော ပတ္တမြားဇာစ်ကဲ့သို့ အရောင်တောက်လျက်ထင်၏။ အရပ်အားဖြင့် အထက်အရပ်၌ဖြစ်၏၊ တည်ရာ အားဖြင့် သားမြတ်နှစ်ခုတို့၏ အလယ်ကြား ကိုယ်၏အတွင်း၌ တည်၏၊ အပိုင်းအခြားအားဖြင့် နှလုံးသည် နှလုံးအဖို့ အားဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုနှလုံး ၏ သဘာဂပရိစ္ဆေဒ ပင်တည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၂) အသည်း
၁၉၄။ ယကနံ (အသည်း) ဟူသည်ကား အစုံသော အသားလွှာပေတည်း။ ၎င်းသည် အဆင်းအားဖြင့် နီရောင်ရှိ၏၊ ဖျော့တော့သော သဘောရှိ၏ နီလွန်းသည်ကားမဟုတ် ကုမုဒ္ဒရာကြာပွင့်ဖတ်၏ ကျောဖက်အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် အရင်း၌ တခုတည်း, အဖျား၌ အစုံဖြစ်၍ ပင်လယ် ကသစ်ရွက်သဏ္ဌာန် ရှိ၏၊ ထိုအသည်းသည်လည်း ပညာနုံ့သော သူတို့ အား တခုတည်းသောဖြစ်လျက် ကြီး၏၊ ပညာရှိသောသူတို့အား နှစ်ခု သုံးခုဖြစ်လျက် ငယ်ကုန်၏၊ အရပ်အားဖြင့် အထက် အရပ်၌ဖြစ်၏၊ တည်ရာအားဖြင့် နှစ်ခုသောသားမြတ်တို့၏ အတွင်း၌ လက်ျာနံပါးကိုမှီ၍ တည်၏၊ အပိုင်းအခြား အားဖြင့် အသည်းသည် အသည်းအဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထို အသည်း ၏ သဘာဂ ပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၃) အမြှေး
၁၉၅။ ကိလောမကံ (အမြှေး)ဟူသည်ကား ဖုံးလွှမ်းတတ်သော အမြှေး မဖုံးလွှမ်းတတ်သော အမြှေးတို့၏ အပြားအား ဖြင့် နှစ်ပါးအပြားရှိသော မြှေးယှက်တတ်သော အသားလွှာပေတည်း။ ထိုနှစ်ပါးလုံးသည်လည်း အဆင်းအားဖြင့်ဖြူ၏။ ဘွဲ့ဖြူပုဆိုးကြမ်းနှင့် တူသော အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် မိမိ၏ တည်ရာ အရပ်သဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် ဖုံးလွှမ်း တတ်သော အမြှေးသည် အထက်အရပ်၌ ဖြစ် ၏၊ အခြားအမြှေးသည် ၂-ပါးသော အရပ်တို့၌ဖြစ်၏၊ တည်ရာအားဖြင့် [၂၄၉] ဖုံးလွှမ်းတတ်သော အမြှေးသည် နှလုံးနှင့်အညှို့ကို ဖုံးလွှမ်း လျက်တည်၏၊ မဖုံးလွှမ်းတတ်သော အမြှေးသည် တကိုယ်လုံး၌ အရေ၏အောက်ရှိ အသားကို မြှေးယှက်လျက် တည်၏၊ အပိုင်းအခြားအားဖြင့် အောက်ဖက်၌ အသားဖြင့် အထက်ဖက်၌ အရေဖြင့်, ဖီလာပတ်ဝန်းကျင်၌ အမြှေးအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအမြှေး၏ သဘာဂပရိစ္ဆေဒပေ တည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၄) အဖျဉ်း
၁၉၆။ ပိဟကံ (အဖျဉ်း)ဟူသည်ကား အစာသစ်အိမ်၏ အထက်စောင်၌ တည်သော သရက်ရွက်ခေါ် ဝမ်းလွှာ အသားတုံးပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ညို၏ ကြောင်ပန်းပွင့်အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် လက်ခုနစ်သစ်ပမာဏ ရှိ၏၊ အဖွဲ့အညှာမရှိ နွား (နက)် ငယ်၏ လျှာသဏ္ဌာ န်ရှိ၏၊ အရပအ်ားဖြင့် အထကအ် ရပ်၌ ဖြစ်၏ ၊ တညရ်ာအားဖြင့် နလှုးံ၏ လက်ဝဲဖက်၌ အစာသစ်အိမ်လွှာ၏ အထက်ဖက်ကို မှီ၍တည်၏၊ ယင်းအဖျဉ်းကို လက်နက်ဖြင့် ထိုးခုတ် ပုတ်ခတ်ခြင်း ကြောင့် အပြင်သို့ ထွက်လတ်သော် သတ္တဝါတို့၏ အသက်ကုန်ခြင်း ဖြစ်လေတော့၏၊ အပိုင်းအခြားအားဖြင့် အမြှေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအမြှေး၏ သဘာဂပရိစ္ဆေဒ ပေတည်း၊ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၅) အဆုတ်
၁၉၇။ ပပ္ဖါသံ (အဆုတ်)ဟူသည်ကား အသားပိုင်း နှစ်ခု သုံးခု အပြားရှိသော အဆုတ်မည်သော အသားပေတည်း။ ၎င်းသည် အဆင်းအားဖြင့် နီ၏ မမှည့်လွန်းသေးသော ရေသဖန်းသီး အဆင်းရှိ၏၊ သဏ္ဌာန်အား ဖြင့် မညီမညွတ် ဖြတ်ထား သော ထူသောမုန့်ပိုင်းသဏ္ဌာန်ရှိ၏၊ အတွင်းဖက်၌ စားသောက်ထားသော အစာမရှိသောအခါ တက်သော ကမ္မဇတေဇော အပူငွေ့ဖြင့် ပူလောင်နှိပ်စက်သောကြောင့် ညက်စွာ ဝါးထားသော ကောက်ရိုးထွေးကဲ့သို့ပင် အနှစ်အရသာမရှိ၊ အဆီသြဇာ မရှိ၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် ကိုယ်၏အတွင်း၌ သားမြတ်နှစ်ခုတို့၏ အကြား၌နှလုံးနှင့် အသည်းကို ဖုံးအုပ်ကာ တွဲရရွဲဆွဲလျက်တည်၏၊ အပိုင်းအခြားအားဖြင့် အဆုတ်အဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအဆုတ်၏ သဘာဂပရိစ္ဆေပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၆) အူမ
၁၉၈။ အန္တံ (အူမ)ဟူသည်ကား ယောက်ျားမှာ ၃၂-တောင်, မိန်မမှာ ၂၈-တောင်ရှိသော အူမခွေပေတည်း၊ ၂၁-ခု သော နေရာတို့၌ တွန့်လျက် ခွေလျက်ရှိ၏၊ ထိုသို့သော ဤအူမခွေသည် အဆင်းအားဖြင့် ဖြူ၏ ကျောက်ဖြူမှုန့် အင်္ဂတေ အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် နီသော ဆိုးရေကျင်း၌ ခွေ၍ထည့်ထားသော ခေါင်းဖြတ်ထားသည့် မြွေသဏ္ဌာန်ရှိ၏၊ အရပ် အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် အထက်တွင် လည်မျိုနှင့် အောက်တွင် ကျင်ကြီးလမ်း (ဝစ္စမဂ်)၌ ဖွဲ့စပ်လျက်ရှိသောကြောင့် လည်မျိုအစ ဝစ္စမဂ်အဆုံးရှိသော ကိုယ်အတွင်း၌ တည်၏၊ အပိုင်းအခြားအားဖြင့် အူမအဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအူမ၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့်တူသည် သာတည်း။
(၁၇) အူသိမ်
[၂၅ဝ] ၁၉၉။ အန္တဂုဏံ (အူသိမ်)ဟူသည်ကား အူမခွေအရပ်တို့၌ ဖွဲ့တွယ်သောအရာပေတည်း။ ထိုအူသိမ်သည် အဆင်းအားဖြင့် ဖြူ၏ ကြာသိမ်မြစ်အဆင်းရှိ၏၊ ဝါ-ရေ၌နစ်နေသော မှော်မြစ်အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် ကြာသိမ်မြစ် မှော်မြစ်သဏ္ဌာန်ပင်ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် ပေါက်တူးပေါက်ခြင်း ပုဆိန်ပါက် ခြင်းအမှု စသည်တို့ကို ပြုလုပ်သောသူတို့၏ အူခွေတို့ကို လျှောမကျအောင် ယန္တြားစက်ကို ဆွဲငင်သောအခါ၌ ယန္တြားစက် ကြိုးသည် ယန္တြားစက်ပျဉ်ချပ်တို့ကို လျှောမကျအောင် ဖွဲ့တွယ်ထားသကဲ့သို့ တပေါင်းတည်း ဖွဲ့တွယ်လျက် ခြေသုတ်ကြိုး ဝန်း ၏ အကြား၌ ချုပ်စပ်လျက် တည်သော ကြိုးငယ်တို့ကဲ့သို့ ၂၁-ခု သော အူမခွေတို့၏ အကြား၌ ချုပ်စပ်လျက်တည်၏၊ အပိုင်းအခြားအားဖြင့် အူသိမ်အဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအူသိမ်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၈) အစာသစ်
၂ဝဝ။ ဥဒရိယံ(အစာသစ်)ဟူသည်ကား အစာသစ်အိမ်ဟူသော ဝမ်း၌ဖြစ်သော (ဝါ-တည်ရှိနေသော) စား-သောက်ခဲ- လျက်ထားသော အစာပေတည်း။ ၎င်းသည် အဆင်းအားဖြင့် စားမျိုထားသည့် အစာအဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် အဝတ် ရေစစ်၌ လျော့လျော့ထုတ်ထားသော ဆန်များသဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် အထက်အရပ်၌ဖြစ်၏၊ တည်ရာအားဖြင့် အစာသစ် အိမ် ဟူသော ဝမ်း၌ တည်၏။
(ဥဒရ) အစာသစ်အိမ်-ဝမ်းမည်သည်မှာ စိုသောအဝတ်ပုဆိုးကို နှစ်ဖက်မှကိုင်၍ လိမ်၍ညှစ်လျှင် အလယ်၌ဖြစ်သော လေအူဖောင်းနှင့်တူသော အူမလွှာပေတည်း၊ အပြင်ပ၌ချောညက်၏ အတွင်း၌ အသားမှိုက် အသားပုပ်ကို ရစ်ထုတ်ထားသော ညစ်နွမ်းသော တဘက်၏ အမြိတ်အဆာနှင့်တူ၏၊ ပုပ်ရိသော ပိန္နဲသီးအခွံ၏ အတွင်းဖက်နှင့် တူသည်ဟူ၍လည်း ဆိုသင့်ပေ ၏၊ ယင်းအစာသစ်အိမ်၌ တက္ကောဋကပိုး ဂဏ္ဍုပ္ပါဒကပိုး တာလဟီရကပိုး သူစိမုခပိုး ပဋတန္တသုတ္တကပိုး ဤသို့အစရှိကုန် သော ၃၂-ပါးသော အမျိုးအားဖြင့် ကွဲပြားကုန်သော ပိုးတို့သည် ရှုပ်ယှက်ခတ်လျက် အစုလိုက်အပြုံလိုက်သွားလာ ကျက်စား ကြလျက် နေကုန်၏၊ ယင်းပိုးတို့သည် (အစာအိမ်ထဲ၌) အဖျော်ဘောဇဉ်စသည် မရှိသောအခါ မြည်အော်ကုန်လျက် ခုန်တက် ကုန်၍ နှလုံးသားကို တိုက်ခိုက် ထိပါးကုန်၏၊ အဖျော်ဘောဇဉ်စသည်ကို စားမျိုသောအခါ၌လည်း မော့သော ပါးစပ် ရှိကုန်လျက် ရှေးဦးစွာ မျိုလိုက်သော နှစ်လုပ် သုံးလုပ်တို့ကို လျင်စွာလျင်စွာ လုယက်စားသောက်ကုန်၏၊ ယင်းအစာသစ် အိမ်သည် ထိုပိုးတို့၏ မီးနေအိမ်လည်း ဖြစ်၏၊ ကျင်ကြီးအိမ်လည်း ဖြစ်၏ သူနာရုံလည်းဖြစ်၏ သုသာန်လည်းဖြစ်၏၊ ယင်း အစာအိမ်သစ်၌၃ ဥပမာဖြင့်ပြရလျှင် ဒွန်းစဏ္ဍားရွာ တံခါးပေါက်တွင် ရေပုပ်အိုင်၌ နွေအခါမှာ မိုးသည်းထန်စွာ ရွာလတ်သော် မိုးရေဖြင့်မျောပါလာသော ကျင်ငယ် ကျင်ကြီး အရေပိုင်း အရိုးပိုင်း အကြောပိုင်း တံထွေး နှပ် သွေးအစရှိသော အမျိုးမျိုးသော အပုပ် အရိ အရွဲ အပေါင်းသည် ကျရောက်ပြီးလျှင် ရွှံ့ပုပ်ရေဖြင့် ရောယှက် နှောက်နှက် အပ်သည့်ပြင် နှစ်ရက် သုံးရက် လွန်သောအခါ ပေါက်ပွါးသော ပိုးလောက်များနှင့်လည်း ရောပြွမ်းလျက်ရှိ၏၊ နေပူရောင်၏ အပူရှိန်ဖြင့်လည်း ကျိုက်ကျိုက် ဆူလျက် အမြှုပ်တစီစီ ထစေကာ ညိုပုပ်သော အဆင်းရှိသည်ဖြစ်၍ အလွန်နံစော်လျက် အလွန်စက်ဆုပ်ဖွယ်ကောင်းသဖြင့် ချဉ်းကပ်ရန် ကြည့်ရှုရန်ပင် မထိုက်သည့်အနေသို့ ရောက်လျက် တည်၏၊ [၂၅၁] နမ်းရှူရန် စားသုံးရန် မထိုက်သည်မှာမူ ဆိုဖွယ်ပင် မရှိတော့ပေ၊ ဤအတူပင် အမျိုးမျိုးသော စားဖွယ် သောက်ဖွယ် စသည်သည် သွားတည်းဟူသော ကျည်ပွေ့ဖြင့် ထောင်းထု ကြိတ်ချေလျက် လျှာတည်းဟူသော လက်ဖြင့် ပြန်လှန် မွှေနှောက်ကာ တံထွေး သွားရေတို့ဖြင့် မြှေးယှက် လူးလည်းလိုက်သဖြင့် ထိုခဏ၌ပင် အဆင်း အနံ့ အရသာ ကောင်းခြင်း စသည်မှ ကင်းသည်ဖြစ်၍ ယက္ကန်းသည်တို့၏ ချည်စာကစိဖတ် ခွေးအန်ဖတ်တို့နှင့် တူစွာ (အစာသစ်အိမ်၌) ကျပြီးလျှင် သည်းခြေ သလိပ် လေတို့ဖြင့် ဖုံးအုပ် ရစ်ပတ်သည့် ပြင် ဝမ်းမီး အပူရှိန်ဖြင့် ကျိုက်ကျိုက်ဆူလျက် ပိုးမျိုး သုံးဆဲ့နှစ်ပါးတို့ဖြင့်လည်း ရှုပ်ယှက် ခတ်လျက် နောက်နောက် ကာလ၌ (ဝါ-ကြာလေလေ) အမြှုပ် စီပေါင်းအပွက်တို့ကို ထစေလျက် ရှိသဖြင့် အလွန်ပုပ်ရိ နံစော်၍ စက်ဆုပ်ဖွယ် ကောင်း လှသည့် အနေသို့ ရောက်လျက် တည်ချေသည်၊ ယင်းအစာသစ်အိမ် အကြောင်းကို ကြားရုံမျှ ကြားရသောကြောင့်သော်လည်း စားဖွယ် သောက်ဖွယ်စသည်တို့၌ မနှစ်သက် မမြိန်ယှက်ဖွယ်၏ အဖြစ်သည် ကောင်းစွာ တည်လေတော့၏၊ ဉာဏ်မျက်စိဖြင့် ရှုမြင်ရပါမူ ဆိုဖွယ်ပင် မရှိတော့ပြီ၊ ထို့ပြင်လည်း ယင်း အစာသစ်အိမ်၌ ကျလာသော အဖျော်ဘောဇဉ် စသည်သည် ငါးပုံ ခွဲခြမ်းခြင်းသို့ ရောက်လေ၏၊ တပုံကို ပိုးတို့ စားကြသည်၊ တပုံကို ဝမ်းမီးက လောင်သည်၊ တပုံက ကျင်ငယ်ဖြစ်သွားသည်၊ တပုံက ကျင်ကြီး ဖြစ်သွားသည်၊ တပုံက ရသဓာတ် ဖြစ်ပြီးလျှင် အသွေးအသား စသည်တို့ကို ဖြစ်ပွါးစေသည်။ အပိုင်းအခြားအားဖြင့် အစာသစ်အိမ်အသားလွှာဖြင့်၎င်း၊ အစာသစ်အဖို့ဖြင့်၎င်း ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအစာသစ်၏ သဘာဂပရိစ္ဆေဒ ပင်တည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၉) အစာဟောင်း
၂ဝ၁။ ကရီသံ (အစာဟောင်း)ဟူသည်ကား ကျင်ကြီးပေတည်း။ ၎င်းသည်အဆင်းအားဖြင့် စားမျိုလိုက်သောအစာ၏ အဆင်းရှိသည်သာလျှင် အများအားဖြင့် ဖြစ်တတ်၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်၏ သဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် အောက်အရပ်၌ တည်၏၊ တည်ရာအားဖြင့် အစာကျက်အိမ် (အစာဟောင်းအိမ်)၌ တည်၏၊ အစာဟောင်းအိမ် မည်သည်မှာ ရှေးအဖို့အားဖြင့် ချက်အောက်အရပ်နှင့် နှောက်အဖို့အားဖြင့် အောက်ဆုံး ကျောက်ဆူးရိုးဆစ်တို့၏အလယ်၌ အူမ၏အဆုံး ဝယ် အစောက်အားဖြင့် လက်ရှစ်သစ်မျှရှိသော ဝါးကျည်အခေါင်း နှင့်တူသော အရပ်ပေတည်း၊ ယင်း အစာဟောင်း အိမ်၌ ဥပမာဖြင့် ပြရလျှင် မြင့်မောက်ရာမြေအဖို့၌ကျသော မိုးရေသည် လျှောကျစီးဆင်း၍ နိမ့်သော မြေအဖို့ကို ပြည့်စေလျက် တည်သကဲ့သို့ ထို့အတူပင် အစာသစ်အိမ်၌ ကျလာသမျှ အဖျော် ဘောဇဉ်စသည်သည် ဝမ်းမီးက အမြှုပ်ထစေလျက် ချက်ပြီး တိုင်း ချက်ပြီးတိုင်း ဆေးကြိတ်ကျောက်လုံးဖြင့် ကြိတ်ချေလိုက်သကဲ့သို့ ကြေညက်သိမ်မွေ့ခြင်းသို့ ရောက်ပြီးလျှင် အူခေါင်း ဖြင့် လျှောကျကာ လျှောကျကာ ဖိသိပ်၍ ဝါးကျည်ထောက်၌ ထည့်ထားသော ဝါဖျော့ဖျော့ မြေညက်ကဲ့သို့ စုဝေးလျက်တည် ၏။ အပိုင်းအခြားအားဖြင့် အစာဟောင်းအိမ် အလွှာဖြင့်၎င်း၊ ကျင်ကြီး အဖို့ဖြင့်၎င်း ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထို အစာဟောင်း၏ သဘာဂပရိစ္ဆေဒ ပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂ဝ) ဦးနှောက်
၂ဝ၂။ မတ္ထလုင်္ဂံ (ဦးနှောက်)ဟူသည်ကား ဦးခေါင်းခွံ အတွင်း၌တည်သော ခြင်ဆီအစုပေတည်း။ ၎င်းသည် အဆင်း အားဖြင့် ဖြူ၏ မှို အစိုင်အခဲ အဆင်းရှိ၏၊ နို့ဓမ်းအဖြစ်သို့ မရောက်တတ်သေးသော ပကတိအနေမှပျက်၍ ခဲစပြုနေသော နို့ရည် အဆင်းရှိသည်ဟူ၍လည်း ဆိုသင့်၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် ဦးခေါင်းခွံ၏အတွင်း၌ လေးခုသော ချုပ်စပ်ကြောင်းတို့ကိုမှီ၍ ပေါင်းစပ်လျက်ထားအပ်ကုန်သော လေးခုသော မုန့်ညက်စိုင်တို့ကဲ့ကို ပေါင်းစပ်လျက်တည်၏၊ အပိုင်းအခြားအားဖြင့် ဦးခေါင်းခွံ၏ အတွင်းဖက် မျက်နှာပြင် တို့ဖြင့်၎င်း၊ ဦးနှောက်အဖို့ဖြင့်၎င်း [၂၅၂] ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုဦးနှောက်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၁) သည်းခြေ
၂ဝ၃။ ပိတ္တံ (သည်းခြေ) ဟူသည်ကား ဗဒ္ဓသည်းခြေခေါ် ဖွဲ့အပ်သော သည်းခြေ, အဗဒ္ဓသည်းခြေခေါ် မဖွဲ့အပ်သော သည်းခြေအားဖြင့် ၂-ပါးသော သည်းခြေတို့ပေတည်း။ ထိုတွင် ဗဒ္ဓသည်းခြေသည် အဆင်းအားဖြင့် ပြစ်ချွဲသော သစ်မည်စည် ဆီ အဆင်းရှိ၏၊ အဗဒ္ဓသည်းခြေသည် ညှိုးသောတောင်ကျည်းပန်းအဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် နှစ်မျိုးလုံးပင် တည်ရာ အရပ်သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ဗဒ္ဓသည်းခြေသည် အထက်အရပ်၌ ဖြစ်၏၊ အဗဒ္ဓသည်းခြေသည် နှစ်ပါးသောအရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် အဗဒ္ဓသည်းခြေသည် ဆံပင် အမွေး သွား လက်သည်း ခြေသည်းတို့၏ အသားမှ လွတ်နေသော အရပ်ကို၎င်း၊ မာခြောက်နေသော အရေကို၎င်း ချန်ထား၍ကြွင်းသော တကိုယ်လုံးကို ''ဆီပေါက်သည် ရေပြန့်သကဲ့သို့'' ပြန့်နှံ့လျက်တည်၏၊ ယင်း အဗဒ္ဓသည်းခြေပျက်လျှင် မျက်စိများဝါကုန်၏၊ မူးကုန်၏၊ ကိုယ်တုန် လှုပ်၏၊ ယားယံ၏။ ဗဒ္ဓ သည်းခြေသည် နှလုံးနှင့်အဆုတ်တို့၏ အလယ်အကြား၌ အသည်းအသားကို မှီ၍တည်သော သပွတ်ကြီးသီးအိမ်နှင့် တူသော သည်းခြေအိမ်၌ တည်၏၊ ယင်းဗဒ္ဓ သည်းခြေပျက်လျှင် သတ္တဝါတို့သည် ရူးကုန်၏၊ ဖောက်ပြန်သောစိတ် ရှိကုန်သည်ဖြစ်၍ အရှက်အကြောက်ကို စွန့်လျက် မပြုသင့်သည်ကို ပြုကုန်၏၊ မပြောသင့်သည်ကို ပြောကုန်၏၊ အကြံသင့်သည်ကို ကြံကုန်၏။ အပိုင်းအခြားအားဖြင့် သည်းခြေအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုသည်းခြေ၏ သဘာဂပရိစ္ဆေဒ ပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၂) သလိပ်
၂ဝ၄။ သေမှံ (သလိပ်)ဟူသည်ကား ကိုယ်၏အတွင်း၌ တကွန်းစား-တစလယ်ပြည့် ပမာဏရှိသောသလိပ်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ဖြူ၏ ဝက်ချေးပနဲရွက်ရည် အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏၊ အရပ် အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် အစာသစ်အိမ်ဟူသော ဝမ်းလွှာအူခေါင်း၌တည်၏၊ ယင်း သလိပ်သည် စားသောက်ဖွယ် စသည်ကို မျိုသောအခါ၌ ဥပမာဖြင့် ပြရလျှင် ရေ၌ ရေမှော်ရေညှိသည် သစ်သားဖြစ်စေ ခဲဖြစ်စေကျလျှင် နှစ်ခြမ်းပြတ်ကွဲပြီးနောက် တဖန်ပြန်၍စေ့ကာ ရေကိုဖုံးလျက် တည်သကဲ့သို့ ထို့အတူပင် စားဖွယ် သောက်ဖွယ်စသည် ကျလာ သောအခါ နှစ်ခြမ်း ပြတ်ကွဲပြီးနောက် တဖန် အစာသစ်ကို ဖုံးလျက် တည်၏၊ ယင်း သလိပ်နည်းလျှင် ပြည်မှည့်သော အနာ ကဲ့သို့၎င်း၊ ကြက်ဥပုပ်ကဲ့သို့၎င်း ဝမ်းဗိုက် အစာသစ်အိမ်သည် ပုပ်သော အနံ့ရှိလျက် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ ထို့ပြင် ထိုအစာသစ်အိမ်မှ တက်လာသောအနံ့ဖြင့် အဆန်လေသည်၎င်း၊ ခံတွင်းသည်၎င်း အကောင်ပုပ်အနံ့ရှိ၏၊ ထိုသို့သော ပုဂ္ဂိုလ် သည်လည်း ''သင်က အပုပ်နံ့ ထွက်သည် ဖဲခွါသွားပါ''ဟု အဆိုခံရတတ်၏၊ ထို့ပြင် ယင်းသလိပ်သည် ပွါးများ၍ ထူထဲခြင်း သို့ ရောက်နေလျှင် ကျင်ကြီးတွင်း၌ အဖုံးပျဉ်ချပ်ကဲ့သို့ အပုပ်နံ့ကို အစာအိမ်၏ အတွင်း၌သာလျှင် ပိတ်ဆို့လျက်တည်၏။ အပိုင်းအခြားအားဖြင့် သလိပ်အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုသလိပ်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၃) ပြည်
[၂၅၃] ၂ဝ၅။ ပုဗ္ဗော (ပြည်)ဟူသည်ကား ပုပ်သောသွေး၏ အစွမ်းအားဖြင့်ဖြစ်သော ပြည်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ဖျော့တော့သော ဖက်ရွက်ယော်အဆင်းရှိ၏၊ သူသေကောင်၌မူ ပြစ်ချွဲသောထမင်းရည် အပုပ်အသိုး အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာသဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ဖြစ်၏၊ တည်ရာအားဖြင့်မူကား ပြည်၏ အမြဲတမ်းတည်ရာမည်သည် မရှိပေ၊ သစ်ငုတ် ဆူး လက်နက် မီးလျှံ စသည်တို့ဖြင့်. ထိခိုက်ခံရသော. အကြင်အကြင် ကိုယ် အရပ်၌ သွေးသည် စုဝေးတည်နေလျက် ရင့်ကျက်၏၊ အိုင်းအမာ အဖုအလုံး. စသည်တို့သည်မူလည်း (အကြင် အကြင် ကိုယ် အရပ်၌) ဖြစ်ပေါ်ကုန်၏၊ ထိုထို ကိုယ်အရပ်၌ (ပြည်သည်) တည်၏။ အပိုင်းအခြားအားဖြင့် ပြည်၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုပြည်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့်တူသည်သာတည်း။
(၂၄) သွေး
၂ဝ၆။ လောဟိတံ (သွေး) ဟူသည်ကား စုဝေးတည်နေသော သန္နိစိတ သွေး, ရွေ့ရှား သွားနေသော သံသရဏသွေး အားဖြင့် ၂-ပါးသော သွေးတို့ပေတည်း။ ထိုတွင် သန္နိစိတသွေးသည် အဆင်းအားဖြင့် ချက်ထားပြီးသော ပြစ်ချွဲသော ချိပ်ရည် အဆင်းရှိ၏၊ သံသရဏသွေးသည် ကြည်သော ချိပ်ရည်အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် နှစ်ပါးလုံးပင် တည်ရာအရပ်၏ သဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် သန္နိစိတသွေးသည် အထက်အရပ်၌ဖြစ်၏၊ သံသရဏသွေးသည် ၂-ပါးသော အရပ်တို့၌ဖြစ်၏၊ တည်ရာအားဖြင့် သံသရဏသွေးသည် ဆံပင် အမွေး လက်သည်း ခြေသည်းတို့၏ အသားမှ လွတ်နေသော အရပ်ကို၎င်း၊ မာခြောက်နေသော အရေကို၎င်း ချန်ထား၍ ကြွင်းသောအလုံးစုံသော ဥပါဒိဏ္ဏကိုယ်ကို ဓမနီမည်သော သွေးကြော ကွန်ရက် ကို အစဉ်လျှောက်သဖြင့် ပြန့်နှံ့လျက် တည်၏၊ သန္နိစိတသွေးသည် အသည်းတည်ရာအရပ်၏ အောက်အဖို့ကိုပြည့်စေလျက် တကွန်းစားမျှရှိ၏၊ နှလုံး အညှို့ အဆုတ်တို့၏ အထက်၌ အနည်းငယ် အနည်းငယ် ယိုလျက် အညှို့ နှလုံး အသည်း အဆုတ် တို့ကို စိုစွတ်စေလျက် တည်၏၊ မှန်ပေ၏-ထိုသန္နိစိတ သွေးက အညှို့ နှလုံးစသည်တို့ကို မစိုစွတ်စေပါမူ သတ္တဝါတို့သည် ရေဆာကုန်၏။ အပိုင်းအခြားအားဖြင့် သွေး၏အဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုသွေး၏ သဘာဂပရိစ္ဆေဒ ပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၅) ချွေး
၂ဝ၇။ သေဒေါ(ချွေး)ဟူသည်ကား အမွေးတွင်း စသည်တို့မှ ယိုထွက်သော အာပေါဓာတ် (အရည်ဓာတ်) ပေတည်း။ ထိုချွေးသည် အဆင်းအားဖြင့် ကြည်လင်သော နှမ်းဆီအဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ် သဏ္ဌာန်ရှိ၏၊ အရပ်အား ဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် သန္နိစိတသွေး၏ တည်ရာကဲ့သို့ ချွေး၏ အမြဲတမ်း တည်ရာမည်သည် မရှိပေ။ စင်စစ်သော်ကား အကြင်အခါ၌ မီးပူ နေပူ ဥတုဖောက်ပြန်ဖြင်း စသည်တို့ကြောင့် ကိုယ်သည်ပူ၏၊ ထိုအခါ၌ ရေမှ နုတ်ပြီးခါမျှ ဖြစ်သော မညီမညွတ်ဖြတ်ထားသည့် ကြာစွယ် ကြာရင်း ကုမုဒ္ဒရာကြာရိုးစည်း(မှ ရေယိုကျသ)ကဲ့သို့ အလုံးစုံ သော ဆံတွင်း အမွေးတွင်း အပေါက်အကြားတို့မှ (ချွေး) ယိုထွက်၏၊ ထို့ကြောင့် ထိုချွေး၏ သဏ္ဌာန်ကိုလည်း ဆံတွင်း အမွေးတွင်း အပေါက်အကြားတို့၏ အစွမ်းအားဖြင့်ပင်လျှင် သိပအ်၏။ ဆက်ဦးအံ့-ချွေးကို သိမ်းဆည်းသော ယောဂီသည် ဆံတွင်း အမွေးတွင်း အပေါက်အကြားတို့ကို ပြည့်စေလျက် တည်သည်၏ အစွမ်းအားဖြင့်သာလျှင် ချွေးကိုနှလုံးသွင်းအပ်၏။ [၂၅၄] အပိုင်းအခြားအားဖြင့် ချွေး၏ အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုချွေး၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၆) အဆီခဲ
(၂ဝ၈)။ မေဒေါ(အဆီခဲ)ဟူသည်ကား ခဲသောအဆီပေတည်း။ ထိုအဆီခဲသည် အဆင်းအားဖြင့် ခြမ်းအပ်သော နနွင်း သားအဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် ကိုယ်ကာယ ဆူဖြိုးသောသူမှာ အရေနှင့်အသားတို့၏အကြား၌ နနွင်းရောင် ဘွဲ့ဖြူ ပုဆိုး ကြမ်းကို ထည့်ထားသကဲ့သို့သဏ္ဌာန်ရှိ၏၊ ကိုယ်ကာယ ပိန်သောသူမှာ သလုံးသား ပေါင်သား ကျောက်ဆူးရိုးကို မှီသော ကျောက်ကုန်သား ဝမ်းပြင်းသားဟူသော ဤအသားတို့ကိုမှီ၍ နှစ်ထပ် သုံးထပ်ပြုလျက်ထားသော နနွင်းရောင် ဘွဲ့ဖြူပုဆိုး ကြမ်းသဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ဖြစ်၏၊ တည်ရာအားဖြင့် ဝသောသူအား တကိုယ်လုံးကို ပြန့်လျက်, ပိန်သောသူအား သလုံးသားစသည်တို့ကို မှီ၍တည်၏၊ အဆီအစေးဟု ခေါ်ခြင်းသို့ ရောက်သော်လည်း ယင်းအဆီခဲကို အလွန်စက်ဆုပ်ဖွယ် ရှိခြင်းကြောင့် ခေါင်းလိမ်းဆီ အကျိုးငှါလည်း မယူကုန်၊ နှာ ခေါင်းဆီစသည် အကျိုးငှါလည်း မယူကုန်၊ အပိုင်းအခြားအားဖြင့် အောက်ဖက်၌ အသားဖြင့်, အထက်ဖက်၌ အရေဖြင့်, ဖီလာပတ်ဝန်းကျင်၌ အဆီခဲ အဖို့ဖြင့် ပိုင်းခြား လျက် ရှိသည်၊ ဤသည်ကား ထိုအဆီခဲ၏ သဘာဂ ပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရဂိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည် သာတည်း။
(၂၇) မျက်ရည်
၂ဝ၈။ အဿု(မျက်ရည်)ဟူသည်ကား မျက်စိတို့မှ ယိုထွက်သော အာပေါဓာတ်ပေတည်း။ ၎င်းသည် အဆင်းအား ဖြင့် ကြည်သော နှမ်းဆီ အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် မျက်တွင်းတို့၌တည်၏၊ သို့သော်လည်း ဤမျက်ရည်သည် သည်းခြေ အိမ်၌ သည်းခြေကဲ့သို့ မျက်တွင်းတို့၌ အခါခပ်သိမ်း စုဝေးလျက်တည်သည်ကား မဟုတ်ပေ၊ စင်စစ်သော်ကား အကြင်အခါ၌ သတ္တဝါတို့သည် ရွှင်လန်းဝမ်းမြောက် ကုန်လျက် သည်းစွာ ရယ်ရွှင်ကုန်၏၊ နှလုံးမသာဖြစ်ကုန်လျက် (မူလည်း) ငိုကြွေးမြည်တမ်းကုန်၏၊ မျက်ရည်ကျစေနိုင်သည့် ထိုသို့သဘောရှိသော မလျော်သော အစာကိုမူလည်း စားသုံမိကုန်၏၊ အကြင်အခါ၌မူလည်း ထို သတ္တဝါတို့၏ မျက်စိတို့ကို မီးခိုး မြူ ဖုံမှုန့်စသည်တို့က ထိပါးနှိပ်စက်ကုန်၏၊ ထိုအခါ၌ ဤဆိုခဲ့သော ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်းနှင့် မသင့်လျော် သော အစာဥတုတို့ကြောင့် (ထိုမျက်ရည်သည်) ဖြစ်ပေါ်လာပြီးလျှင် (မျက်တွင်းတို့ကို ပြည့်ဈေက် တည်မူလည်းတည်၏ ယိုထွက်မူလည်း ယိုထွက်၏၊ ဆက်ဦးအံ့-မျက်ရည်ကို သိမ်းဆည်းသော ယောဂီသည် မျက်တွင်းတို့ကို ပြည့်စေလျက် တည် သည်၏ အစွမ်းအားဖြင့် သိမ်းဆည်းအပ်၏။ အပိုင်းအခြားအားဖြင့် မျက်ရည်၏ အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည် ကား ထိုမျက်ရည်၏ သဘာဂ ပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင် တို့နှင့် တူသည်သာတည်း။
(၂၈) ဆီကြည်
၂ဝ၉။ ဝသာ (ဆီကြည်)ဟူသည်ကား မခဲမူ၍ ကျေနေသောဆီပေတည်း။ ၎င်းသည် အဆင်းအားဖြင့် အုန်းဆီ အဆင်း ရှိ၏၊ ထမင်းချိုး (ထမင်းရည်)၌ သွန်းလောင်းထားသော ဆီအဆင်းရှိသည်ဟူ၍လည်း ဆိုသင့်၏၊ သဏ္ဌာန်အားဖြင့် ရေချိုးသောအခါ၌ ကြည်သော ရေ၏အထက်၌ လည်နေသော ဆီပေါက်၏ ပျံ့ဟန်သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ၂-ပါး သော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် (ဆိုလျှင်) အများအားဖြင့် လက်ဖဝါးမျက် နှာပြင် လက်ဖမိုး ခြေဖဝါးမျက်နှာပြင် ခြေဖမိုး နှာခေါင်းဖု နဖူး ပခုံးစွန်းတို့၌ တည်၏၊ ဆက်ဦးအံ့-ဤ ဆီကြည်သည် ဆိုခဲ့သော ဤအရပ်တို့၌ အခါခပ်သိမ်း ကျေ သည် ပျော်သည်သာလျှင် ဖြစ်လျက် တည်နေသည် မဟုတ်ပေ၊ စင်စစ်သော်ကား အကြင်အခါ၌ မီးပူ နေပူ ဥတု၏ထူးခြား ဖောက်ပြန်ခြင်း သွေးလေစသော ဓာတ်တို့၏ထူးခြား ဖောက်ပြန်ခြင်းတို့ကြောင့် ထိုဆိုခဲ့သော အစိတ်အပိုင်းအရပ်တို့သည် [၂၅၅] ဖြစ်သော အပူငွေ့ ရှိကုန်၏ (ဝါ-ပူကုန်၏)၊ ထိုအခါ ထိုအရပ်တို့၌ ရေချိုးစဉ်မှာ ကြည်သော ရေပေါ်၌ အဆီပေါက်၏ ပျံ့သွားခြင်း ကသဲ့ို (ဤဆြီကည်သ ည)် ထမှို ဤမှ ရွေ့ ရှား၏၊ အပငိုး အခြားအားဖြင့် ဆြီကညအ် ဖို့ဖြင့် ပငိုး ခြားလျကရ် သှိ ည၊် ဤသည်ကား ထိုဆီကြည်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၉) တံထွေး
၂၁ဝ။ ခေဠော (တံထွေး)ဟူသည်ကား ခံတွင်းထဲ၌ အမြှုပ်နှင့် ရောသော အာပေါဓာတ်ပေတည်း။ ၎င်းသည် အဆင်း အားဖြင့် ဖြူ၏ ရေမြှုပ်နှင့်တူသော အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန်ရှိ၏၊ ရေမြှုပ်သဏ္ဌာန် ရှိသည် ဟူ၍လည်း ဆိုသင့်၏၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် နှစ်ဖက်သော ပါးစောင်တို့မှ သက်ဆင်း၍ လျှာ၌တည်၏၊ ဆက်ဦးအံ့-ဤတံထွေးသည် ဤဆိုခဲ့သော ပါးစောင် လျှာတို့၌ အခါခပ်သိမ်း စုဝေးလျက် တည်နေသည်ကား မဟုတ်ပေ၊ စင်စစ်သော်ကား အကြင်အခါ၌ သတ္တဝါတို့သည် တံထွေးဖြစ်ဖွယ် ထိုသို့သဘောရှိသော အစာအာဟာရကို မြင်မူ လည်း မြင်ကုန်၏ အမှတ်ရမူလည်း အမှတ်ကုန်၏၊ အပူ အခါး အစပ် အငန် အချဉ်တို့တွင် တစုံတခုကိုမူလည်း ခံတွင်း၌ ထည့်ကုန်၏၊ သို့မဟုတ် အကြင်အခါ၌ ထိုသတ္တဝါ၏ နှလုံးသည် မကျန်းမမာ နာ၏ (ဝါ-ဖောက်ပြန်၏)၊ တစုံတရာ၌ မူလည်း စက်ဆုပ်ခြင်း ဖြစ်၏၊ ထိုအခါ၌ တံထွေးသည် ဖြစ်ပေါ် ပြီးလျှင် နှစ်ဖက်သော ပါးစောင်တို့မှ သက်ဆင်း၍ လျှာ၌ တည်ပေသည်၊ အထူးမှတ်ဖွယ်ကား ဤတံထွေးသည် လျှာဖျား၌ ပါး၏ ကျဲ၏၊ လျှာရင်း၌ ပြစ်ချွဲ၏၊ ထို့ပြင် ခံတွင်း၌ ထည့် လိုက်သော မုံ့ဆန်းကို ဖြစ်စေ, ဆန်ကိုဖြစ်စေ, အခြား ခဲဖွယ် တစုံတခုကို ဖြစ်စေ၊ မြစ်ထဲက သဲသောင်ပြင်၌ လက်ယက် တွင်းငယ်ကဲ့သို့ ကုန်ခြင်းသို့ မရောက်မူ၍ သာလျှင် စိုစွတ်စေခြင်းငှါ စွမ်းနိုင်ပေ၏။ အပိုင်း အခြားအားဖြင့် တံထွေးအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုတံထွေး၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၃ဝ) နှပ်
၂၁၁။ သိင်္ဃာဏိကာ (နှပ်)ဟူသည်ကား (မတ္ထလုင်္ဂတော်) ဦးနှောက်မှ ယိုထွက်ကျသော မစင်ကြယ်သော အရာပေ တည်း။ ၎င်းသည် အဆင်းအားဖြင့် နုသော ထန်းသီးဆံအဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ် သဏ္ဌာန်ရှိ၏၊ အရပ် အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် နှာခေါင်းဖုတို့ကို ပြည့်စေလျက်တည်၏၊ ဆက်ဦးအံ့-ဤနှပ်သည် ထို နှာခေါင်းဖုတို့၌ အခါခပ်သိမ်း စုဝေးလျက် တည်နေသည်ကား မဟုတ်ပေ၊ စင်စစ်သော်ကား ဥပမာအားဖြင့် ပြရလျှင် လူ တယောက်သည် ပဒုမ္မာကြာဖက်(ရွက်)၌ နို့ဓမ်းကို ထုပ်ပြီးလျှင် အောက်ဖက်၌ ဆူးဖြင့် ထိုးဖောက်ရာ၏၊ ထိုအခါ ၎င်း အပေါက်ဖြင့် နို့ဓမ်းရည်ကြည်သည် လျှော၍ ပြင်ဖက် အောက်ဖက်သို့ ကျရာသကဲ့သို့ ဤအတူပင်လျှင် အကြင်အခါ၌ သတ္တဝါတို့သည် ငိုကုန်၏၊ ထူးခြား ဖောက်ပြန်သော အစာဥတုတို့၏ အစွမ်းဖြင့်ဖြစ်သော ဓာတ်ချောက်ချားခြင်း ရှိကုန်သည် (ဝါ-ဓာတ်ဖောက်ပြန်ကုန်သည်)မူလည်း ဖြစ်ကုန်၏၊ ထိုအခါ၌ ဦးခေါင်းအတွင်းမှ သလိပ်ပုပ်အဖြစ်သို့ ရောက်သော ဦးနှောက်သည် လျှောကျပြီးလျှင် အာခေါင်ထိပ်မှ အပေါက်အကြားဖြင့် သက်ဆင်း၍ နှာခေါင်းဖုတို့ကို ပြည့်စေလျက် တည်မူ လည်း တည်၏ ယိုထွက်မူလည်း ယိုထွက်၏၊ ဆက်ဦးအံ့-နှပ်ကို သိမ်းဆည်းသော ယောဂီသည် နှာခေါင်းဖုတို့ကို ပြည့်စေ လျက် တည်သည်၏ အစွမ်းအား ဖြင့်သာလျှင် သိမ်းဆည်းအပ်၏၊ အပိုင်းအခြားအားဖြင့် နှပ်အဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤ သည်ကား ထိုနှပ်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၃၁) အစေး
[၂၅၆] ၂၁၂။ လသိကာ (အစေး)ဟူသည်ကား ကိုယ်ထဲ၌ အရိုးဆက်တို့၏ အကြား၌ ကျိချွဲသော အစေးပုပ်ပေ တည်း။ ၎င်းသည် အဆင်းအားဖြင့် မဟာလှေခါးပင်၏ အစေးနှင့်တူသော အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ် သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် အရိုးဆက်တို့၏ နယ်ဆီကိစ္စကို ပြီးစေလျက် တရာ့ရှစ်ဆယ်သော အရိုးဆက်တို့၏ အကြား၌ တည်၏၊ အထူးကား ဤအစေး နည်းသောသူမှာ ထစဉ် ထိုင်စဉ် သွားစဉ် ဆုတ်စဉ် ကွေးစဉ် ဆန့်စဉ် အရိုးတို့သည် ခဋ်ခဋ်ဂုတ်ဂုတ် မြည်ကုန်၏၊ လက်ဖျစ်သံကို ပြုလျက် သွားလာသကဲ့သို့ရှိတတ်၏၊ တယူဇနာ နှစ်ယူဇနာခန့်မျှ ခရီးသွားမိလျှင် ဝါယောဓာတ်သည် ပျက်တတ်၏၊ ကိုယ်(အင်္ဂါ)တို့သည် ဆင်းရဲပင်ပန်းကုန်၏။ (ဤအစေး) များသောသူမှာမူ ထခြင်း ထိုင်ခြင်း စသည်တို့(ကို ပြုသောအခါ)၌ အရိုးတို့သည် ခဋ်ခဋ်¼ဂုတ်ဂုတ် မမြည်ကုန်၊ ရှည်ဝေးသော ခရီးကို သွားပြီးသော်လည်း ဝါယောဓာတ်သည် မပျက်၊ ကိုယ်(အင်္ဂါ)တို့သည် မဆင်းရဲ မပင်ပန်းကုန်။ အပိုင်း အခြားအားဖြင့် အစေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအစေး၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၃၂) ကျင်ငယ်
၂၁၃။ မုတ္တံ (ကျယ်ငယ်)ဟူသည်ကား ကျင်ငယ်ရည်-ဆီးရည်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ပဲကြီးပြာရည် အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် မှောက်ထားသည့် ရေအိုးအတွင်း၌ရှိသော ရေသဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် အောကအရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် ဆီးအိမ် စည်ဖောင်း၏ အတွင်း၌ တည်၏၊ ဆီးအိမ်မည်သည်မှာ စည်ဖောင်းဖုလုံးကို ဆိုသည်၊ ယင်း စည်ဖောင်း၌ ဥပမာဖြင့် ပြရလျှင် တံစီးတွင်း၌ ထည့်ထားသော ရေဝင်ပေါက် မရှိသည့် ယဝနဃဋခေါ် ရေစစ်အိုး၌ တံစီးရည်သည် ဝင်သကဲ့သို့ သို့သော် ၎င်း၏ ဝင်ရာလမ်းပေါက်သည် မထင်သကဲ့သို့ ထို့အတူပင် ကိုယ်မှကျင်ငယ်သည် ဝင်၏၊ သို့သော် ၎င်း၏ ဝင်ရာလမ်းပေါက်ကား မထင်ပေ၊ ထွက်ပေါက်လမ်းကား ထင်ရှားပေ၏၊ ယင်း စည်ဖောင်းသည် ကျင်ငယ်ဖြင့် ပြည့်လတ်သော် ''ကျင်ငယ်စွန့်မည်''ဟု သတ္တဝါတို့၏ အားထုတ်ခြင်းဖြစ်လေသည်။ အပိုင်းအခြားအားဖြင့် ဆီးအိမ် စည်ဖောင်း၏ အတွင်းအရပ်ဖြင့်၎င်း၊ ကျင်ငယ်အဖို့ဖြင့်၎င်း ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုကျင်ငယ်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(ဤတွင် ပိုင်းခြားဆုံးဖြတ်ပုံ ပြီး၏)။
ရှုဆင်ခြင်ပုံနှင့် တိုးတက်ပုံ
၂၁၄။ ယခုပြဆိုခဲ့သည့်အတိုင်း ဆံပင်အစရှိကုန်သော ၃၂-ကောဋ္ဌာသတို့ကို အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ, အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ပိုင်းခြားဆုံးဖြတ်ပြီးလျှင် ''အစဉ်အတိုင်း ရွတ်ဆို နှလုံးသွင်းခြင်း, မမြန်လွန်းသောအား ဖြင့် ရွတ်ဆိုနှလုံးသွင်းခြင်း'' အစရှိသောနည်းဖြင့် အဆင်း, သဏ္ဌာန်, အနံ့, မှီရာအကြောင်း, တည်ရာတို့၏ အစွမ်းအားဖြင့် ငါးပါးအပြားအားဖြင့် ''စက်ဆုပ်ဖွယ် စက်ဆုပ်ဖွယ်'' ဟု နှလုံး¼သွင်းသော ယောဂီအား အမည်ပညတ်ကို လွန်မြောက်သည်၏ အဆုံး၌ ဥပမာဖြင့် ပြရလျှင် မျက်စိကောင်းသော ယောက်ျားအား အဆင်းအရောင် သုံးဆဲ့နှစ်မျိုးရှိကုန်သော ပန်းတို့၏ တခု တည်းသော ချည်ဖြင့် သီကုံးထားသောပန်းကုံးကို ကြည့်ရှုနေလျှင် ပန်းအားလုံးတို့သည် မရှေးမနှောင်း တပြိုင်နက်လိုပင် ထင်ရှားပေါ်နေကုန်သကဲ့သို့ ထို့အတူပင် ''ဤကိုယ်ထဲ၌ ဆံပင်တို့ ရှိကြ၏'' ဤသို့စသည်ဖြင့် ဤကိုယ်ကို (ဉာဏ်ဖြင့်) ကြည်ရှုနေစဉ် ထိုအလုံးစုံသော ကောဋ္ဌာသတရားတို့သည် [၂၅၇] မရှေးမနှောင်း တပြိုင်နက်လိုပင် ထင်ရှားပေါ်ကုန်၏။ ထို့ ကြောင့် မနသိကာရ-ကောသလ္လကို ပြဆိုသောစကား (နှာ ၂၈၈)၌ ''ချဲ့၍ ပြအံ့-အားထုတ်ခါစ ယောဂီအားဆံပင်ဟု နှလုံး သွင်းလျှင် နှလုံးသွင်းမှုသည် (နှုတ်တက်ရနေသည့်အတိုင်း) သွား၍ ကျင်ငယ်ဟူသော အဆုံး ကောဋ္ဌာသသို့သာလျှင် ဆိုက်၍ တည်၏''ဟူ၍ ငါဆိုခဲ့ပေသည်၂။
ထို့ပြင် အကယ်၍ အပြင်ပ သူတပါးသန္တာန်၌လည်း (ငါ့သန္တာန်မှာလိုပင် စက်ဆုပ်ဖွယ်ချည်းဟု) နှလုံးသွင်းမှုကို ပုံတူပြု၍ ဆောင်ငြားအံ့၊ ထိုသို့ဆောင်လျှင် ထို ယောဂီအား ဤ ဆိုခဲ့သည့်အတိုင်း ကောဋ္ဌာသ အားလုံးတို့ ထင်ကြသော အခါ၌ လှည့်လည်သွားလာနေကုန်သော လူ တိရစ္ဆာန် စသည်တို့သည် သတ္တဝါ၏ အခြင်းအရာကို စွန့်ကုန်၍ (ဝါ-သတ္တဝါ ၏ အခြင်းအရာ ကင်းကုန်လျက်) စက်ဆုပ်ဖွယ် ကောဋ္ဌာသ အစုအပုံ၏ အနေအားဖြင့်သာလျှင် ထင်ပေါ်ကုန်၏၊ ထိုလူ တိရစ္ဆာန် စသည်တို့ စားမျိုသော စားဖွယ် သောက်ဖွယ် စသည်သည်လည်း စက်ဆုပ်ဖွယ် ကောဋ္ဌာသ အစုအပုံထဲ၌ ထည့် (အပ်)သကဲ့သို့ ထင်ပေါ်လေသည်။
ထိုအခါ အစဉ်ကို စွန့်ခြင်းစသည်၏ အစွမ်းအားဖြင့် ''စက်ဆုပ်ဖွယ် စက်ဆုပ်ဖွယ်''ဟူ၍ အဖန်တလဲလဲ နှလုံးသွင်း သော ထိုယောဂီအား အစဉ်(အတိုင်း တိုးတက်သော)အားဖြင့် အပ္ပနာသည် ဖြစ်ပေါ်၏။ ထိုသို့ဖြစ်ရာ၌ ဆံပင်စသည်တို့၏ အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ, အပိုင်းအခြားတို့၏အစွမ်းဖြင့် ထင်ခြင်းသည် ဥဂ္ဂဟနိမိတ်ပေတည်း။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် စက်ဆုပ်ဖွယ်၏ အစွမ်းဖြင့် (ဝါ-စက်ဆုပ်ဖွယ် ဟု) ထင်ခြင်းသည် ပဋိဘာဂနိမိတ်ပေတည်း။ ထို ပဋိဘာဂနိမိတ်ကို (ဝါ-ထို ပဋိဘာဂနိမိတ်လျှင် အာရုံရှိသော နှလုံးသွင်းမှုကို) အထပ်ထပ် မှီဝဲလျက် ပွါးစေသော ယောဂီအား ရှေး၌ဆိုခဲ့ပြီးသော နည်းဖြင့် အသုဘကမ္မဋ္ဌာန်းတို့၌ကဲ့သို့ ပဌမဈာန်၏ အစွမ်းအားဖြင့်သာလျှင် အပ္ပနာသည် ဖြစ်၏။ ထိုအပ္ပနာသည် အကြင်ပုဂ္ဂိုလ်အား ကောဋ္ဌာသ တခုတည်းသာလျှင် ထင်ရှား၏၊ သို့မဟုတ် (အကြင် ပုဂ္ဂိုလ်သည်) တခုသော ကောဋ္ဌာသ၌ အပ္ပနာသို့ရောက်ပြီးလျှင် တဖန်အခြားကောဋ္ဌာဃ၌ အားထုတ်ခြင်းကို မပြုတော့ပေ၊ ထိုသို့သော ပုဂ္ဂိုလ်နှစ်ဦးအား အပ္ပနာတပါးသာဖြစ်သည်။ အကြင် ပုဂ္ဂိုလ်အားမူ များစွာကုန်သော ကောဋ္ဌာသတို့သည် ထင်ကုန်၏၊ သို့မဟုတ် (အကြင်ပုဂ္ဂိုလ်သည်) တခုသောကောဋ္ဌာသ၌ ဈာန်သို့ရောက်ပြီးလျှင် တဖန်အခြားကောဋ္ဌာသ၌လည်း အားထုတ် ခြင်းကို ပြု၏၊ ထိုသို့သော ပုဂ္ဂိုလ်နှစ်ဦးအား (ထင်သော သို့မဟုတ် နှလုံးသွင်းသော) ကောဋ္ဌာသ အရေအတွက်အားဖြင့် ပဌမဈာန်တို့သည် ဖြစ်ကုန်၏၊ မလ္လကထေရ်အား (ဖြစ်ကုန်သ)ကဲ့သို့ ပေတည်း။
တဆင့်ကြားဘူးသည်မှာ ထို မလ္လကထေရ်အရှင်သည် ဒီဃနိကာယ်ဆောင် အဘယထေရ်ကို လက်၌ကိုင်၍ ''ငါ့ရှင် အဘယ ဤပြဿနာကို မှတ်ယူပါဦး''ဟု ဆိုပြီးလျှင် ''မလ္လကထေရ်ဟာ ၃၂-ပါးသော ကောဋ္ဌာသတို့၌ ၃၂-ပါးသော ပဌမ ဈာန်တို့ကိုရသည်၊ အကယ်၍ ညဥ့်မှာဈာန်တပါး နေ့မှာဈာန်တပါး ဝင်စားလျှင် လဝက်¼လခွဲ ကျော်ဖြင့် (ဝါ-၁၇¼ရက်ဖြင့်) တဖန်ပြန်၍ ဝင်စားရသည်၊ အကယ်၍ နေ့စဉ် ဈာန်တပါးကိုသာ ဝင်စားပါမူကား တလကျော်ဖြင့် တဖန်ပြန်၍ ဝင်စားရ သည်''ဟု ဆိုသတတ်။
ဆက်ဦးအံ့-ဤဆိုခဲ့သည့်အတိုင်း ပဌမဈာန်၏ အစွမ်းအားဖြင့် ပြီးစီးငြားသော်လည်း ဤ ကမ္မဋ္ဌာန်းကို အဆင်း, သဏ္ဌာန် စသည်တို့၌ သတိ၏အားစွမ်းဖြင့် ပြီးစီးသောကြောင့် ကာယဂတာသတိဟူ၍(သတိဖြင့် ပဓာနပြု၍) ဆိုအပ်ပေသည်။ အကျိုးကား-ဤကာယဂတာသတိကမ္မဋ္ဌာန်း အားထုတ်သော ရဟန်းသည် ကမ္မဋ္ဌာန်းကျောင်း, ဘာဝနာတို့၌ မပျော် မွေ့ခြင်းနှင့် ကာမဂုဏ်၌ ပျော်မွေ့ခြင်းတို့ကို နှိမ်နင်းနိုင်ပေ၏၊ ထိုရဟန်းကို (ထို) မပျော်မွေ့ခြင်းနှင့် ပျော်မွေ့ခြင်းက မနှိမ်နင်းနိုင်ပေ၊ ဖြစ်ပေါ်လာသော မပျော်မွေ့ခြင်း, ပျော်မွေ့ခြင်းကို နှိမ်နင်း၍ နှိမ်နင်း၍ နေနိုင်ပေ၏၊ ဘေးငယ် ဘေးကြီးကို သည်းခံနိုင်ပေ၏၊ ထိုရဟန်းကို ဘေးငယ် ဘေးကြီးက မနှိပ်စက်နိုင်ပေ၊ ဖြစ်ပေါ်လာသော ဘေးငယ် ဘေးကြီးကို နှိမ်နင်း၍ နှိမ်နင်း၍နေနိုင်ပေ၏၊ အအေးကို သည်းခံနိုင်ပေ၏၊ [၂၅၈] အပူကို အစာဆာခြင်းကို ရေဆာခြင်းကို မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ကိုက်ခဲထိပါးခြင်းအတွေ့တို့ကို(သည်းခံနိုင်ပေ၏) မကောင်းသဖြင့် ပြောဆိုကုန်သော မကောင်းသဖြင့် ရောက်လာ ကုန်သော စကားဆိုးတို့ကို (သည်းခံနိုင်ပေ၏)၊ ကိုယ်ထဲ၌ ဖြစ်ပေါ်လာကုန်သော ပြင်းထန် ကြမ်းတမ်းကုန်သော မခံသာ ကုန်သော သာယာဖွယ်ကင်းကုန်သော မနှစ်မြို့ဖွယ်ဖြစ်ကုန်သော သေစေနိုင်လောက်ကုန်သော ဆင်းရဲဝေဒနာတို့ကို သည်းခံ နိုင်သော သဘောရှိပေ၏၊ ဆံပင် စသည်တို့၏ အညို အဝါ အနီ အဖြူ ဟူသော အဆင်းအထူးကိုမှီ၍ ဈာန် ၄-ပါးတို့ကို ရနိုင်ပေ၏၊ အဘိညာဉ်တို့ကို ထိုးထွင်းသိနိုင်ပေ၏ ရနိုင်ပေ၏။
ထို (သို့ မပျော်မွေ့မှု ပျော်မွေ့မှုကို နှိမ်နင်းနိုင်ခြင်းမှစ၍ ဈာန်လေးပါးနှင့် အဘိညာဉ်တို့ကို ရသည်တိုင်အောင် များစွာသော အကျိုးရှိခြင်း)ကြောင့် အမြော်အမြင်ဉာဏ်ပညာနှင့် ပြည့်စုံသော ပညာ ရှိသည် ဤ ဆိုခဲ့သည့်အတိုင်း များပြားသော အကျိုးအာနိသင်နှင့် ပြည့်စုံသော ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကို မမေ့မလျော့ပဲ စင်စစ်မှန်စွာ အားထုတ်ရာတော့သတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခုဆိုခဲ့ပြီးသော စကားသည် ကာယဂတာသတိကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(ကာယဂတာသတိကမ္မဋ္ဌာန်း ပြီး၏)။