သမထနှင့် ၀ိပဿနာ ဟူသည်
October 24, 2009 by mettayate
၁) သမထဟူသည် ဈာန်အလုပ်ဖြစ်၍ ၀ိပဿနာကား ဉာဏ်အလုပ် ဖြစ်ပေသည်။
၂) သမထဖြင့် ပထမဈာန်၊ ဒုတိယဈာန် အစရှိသဖြင့် ဈာန်အဆင့်ဆင့်သို့ ရောက်နိုင်ပြီး ၀ိပဿနာမှာကား သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ် အစရှိသဖြင့် ဉာဏ်အစရှိသဖြင့် ဉာဏ်အဆင့်ဆင့်ကို ရောက်နိုင်ပေသည်။
၃) သမထသည် ပညတ်ကိုရှုမှတ်ပွားများခြင်းဖြစ်၍ ၀ိပဿနာမှာကား ပရမတ်ကို ရှုမှတ်ပွားများခြင်း ဖြစ်သည်။
၎) သမထသည် ကိလေသာကို ငြိမ်အောင်သာထိန်းနိုင်ခြင်းရှိ၍၊ ၀ိပဿနာကား ကိလေသာကို ချုပ်ငြိမ်းအောင် စွမ်းဆောင်နိုင်ခြင်းရှိသည်။
၅) သမထသည် သမာဓိဦးစီးသောအလုပ်ဖြစ်၍ ၀ိပဿနာကား ပညာဦးစီးသောအလုပ် ဖြစ်သည်။
၆) သမထသည် အရင်းအနှီးများသလောက် အမြတ်နည်းပြီး ၀ိပဿနာကား အရင်းအနှီးနည်းသလောက် အမြတ်များပေသည်။
(သမထပွားသောအခါ ထိုင်၍သာပွားရခြင်း၊ တစ်ယောက်တည်းသာပွားရခြင်း၊ အသံဗလံတိတ်ဆိတ်ငြိမ်သက်ရခြင်းစသော ကယိကထများခြင်းကို အရင်းအနှီးများသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ရသောအခါဈာန်အဘိညာဉ်သာဖြစ်၍ အမြတ်နည်းခြင်း။ ၀ိပဿနာကား ဉာဏ်ပညာအလုပ်ဖြစ်၍ ဆရာကောင်းထံမှနည်းရလျှင် စီးပွားဥစ္စာရှာဖွေလုပ်ကိုင်ရင်းပင် ပွားများနိုင်ပါသည်။ သို့အတွက် အရင်းနည်းသည်ဟုဆိုရခြင်းဖြစ်ပြီး ရရှိသောအခါ မဂ်ဖိုလ်နိဗ္ဗာန်ထိရရှိသဖြင့် အမြတ်များသည်ဟု ဆိုခြင်းဖြစ်ပါသည်။)
ဗုဒ္ဓလက်ထက်တွင် ရာဇဂြိုဟ်မြို့တွင် လူဦးရေကိုးကုဋေရှိရာ အရိယာခုနှစ်ကုဋေ
သာဝတ္ထိမြို့တွင် လူဦးရေ ခုနှစ်ကုဋေရှိရာ အရိယာငါးကုဋေထိ အိမ်ထဲမှာနေရင်းဖြစ်နေခဲ့ပေသည်။
လယ်တီဆရာတော်ဘုရားကြီးကလည်း -
ဤ၀ိပဿနာကမ္မဋ္ဌာန်းအရာမည်သည် အလွန်နက်နဲသိမ်မွေ့လှ၏။ ဟောပြောပြသဆုံးမသွန်သင်သောဆရာ နေရာကျရန်လိုလှ၏။ သိသင့်သောနေရာ၌နေရာတကျသိနိုင်အောင် ဟောပြောမှု ထင်မြင်အောင် အားထုတ်ရမည့်အရာ၌ နေရာတကျ ထင်ကွက်မြင်ကွက်ပေါ်အောင် ပြသမှုသည်ကား ဆရာ့တာဝန်တည်း။ ထင်ကွက်မြင်ကွက်ပေါ်ရုံနှင့် ကမ္မဋ္ဌာန်းကိစ္စ ခရီးရောက်နိုင်သေးသည်မဟုတ်။
ထင်မြင်အောင် အားထုတ်ရန်အချက်ကို ဆရာသွန်သင်ပြသ၍ လှလှကြီးရိပ်မိသောအခါ အထင်အမြင် နေ့စဉ်တိုးပွားစေရန် ရဟန်းဖြစ်ခဲ့အံ့။ ဆိတ်ငြိမ်ရာတောတောင်အရပ်သို့ဝင်၍ ထက်သန်သောဝိရိယဖြင့် လရှည်နှစ်များအားထုတ်မှု။ လူဖြစ်ခဲ့အံ့၊ အိမ်စီးပွားနှင့်ဖက်တွဲ၍ လရှည်နှစ်များ စွဲမြဲမှုသည်ကား တပည့်၏တာဝန်တည်း။
အာနာပါန အစရှိသော သမထကမ္မဋ္ဌန်းမျိုးသည်ကား ပြောဟောမှု အလွန်လွယ်၏။ နိမိတ်အထင်ရအောင် အားထုတ်မှုအလွန်ခဲယဉ်း၏။ အိမ်နေ၍ စီးပွားနှင့်ဖက်တွဲခြင်းမရ။ ဆိတ်ငြိမ်ရာသို့ထွက်၍ အပြင်းအထန်အားထုတ်နိုင်မှ နိမိတ်ကိုရနိုင်၏။
ဝိပဿနာကမ္မဋ္ဌာန်းသည်ကား ဉာဏ်အလုပ်ဖြစ်၍ လယ်လုပ်ရင်းလည်းဖြစ်နိုင်၏။ ယာလုပ်ရင်းလည်း ဖြစ်နိုင်၏။ လှေသွားရင်၊ ၀န်ထမ်းရင်း၊ ရောင်းရင်းဝယ်ရင်းအစရှိသည်ဖြင့် အိမ်အလုပ်၊ အိမ်စီးပွားနှင့် ဖက်တွဲနိုင်သတည်း။
ဘုရားလက်ထက်က သမထကမ္မဋ္ဌာန်းပေါက်ရောက်သူ လူ၌အလွန်နည်း၏။ ရဟန်းတို့သာများ၏။
ဝိပဿနာကမ္မဋ္ဌာန်းပေါက်ရောက်၍ သောတာပန်အရိယာဖြစ်ကြသူကား လူ၌အလွန်များ၏. လူသောတပန်တစ်ထောင်ကို ရဟန်းသောတာပန်တစ်ယောက်ကျထား၍ ရေတွက်သော်လည်း ရဟန်းဘက်သာကုန်လေရာ၏။ လူဘက်မှ မကုန်လေရာ။ ဤမျှလောက် များပြား၏။ အဘယ်ကြောင့်ဆိုသော် လောက၌ ရဟန်းအလွန်နည်း၏။ လူကမူ မဇ္ဈိမတိုက်နှင့် အပြည့်ရှိ၏။
လူသောတာပန်လည်း ပြည့်မတတ်ပင် များလှ၏။ ထိုသို့များလှခြင်းက အိမ်စီးပွားနှင့် ၀ိပဿနာတွဲချင်းတိုင်းတွဲသာလှလေသောကြောင့်တည်း။
အယုတ်အားဖြင့် အစေခံ၊ အိမ်ကျွန်မ၊ အခစားကူလီပင် ဖြစ်သော်လည်း သံဝေဂသတိကောင်းကောင်းရှိပါလျှက် ၀ိပဿနာဖက်တွဲနိုင်တော့သည်သာတည်း။ ဤမျှသောစကားစုဖြင့် ၀ိပဿနာမှုည်သည် လူတို့လည်း စွဲမြဲခြင်းငှာ အလွန်ကောင်းလှကြောင်း ပြလိုရင်းစကားတည်း။
ဒီပနီပေါင်းချုပ် တတိယတွဲ- စာမျက်နှာ- ၃၁၆ (အာဟာရဒီပနီကျမ်းမှ ကောက်နှုတ်ချက်)
၇) သမထသည် သာသနာတွင်း သာသနာပနှစ်မျိုးလုံး၌ ရနိုင်သော်လည်း ၀ိပဿနာသည် သာသနာတွင်းမှသာ ရနိုင်သည်။
၈) သမထသည် မဖြစ်သေးသောကုသိုလ်ကံများကို ဖြစ်စေနိုင်စွမ်းရှိ၍ ဖြစ်ပြီးသားအပါယ်ဆွဲချမည့်အကုသိုလ်ကံများကို ပယ်ဖျောက်နိုင်စွမ်းမရှိပေ။ ၀ိပဿနာကား မဖြစ်သေးသောကုသိုလ်ကိုလည်း ဖြစ်စေနိုင်စွမ်းရှိ၍ ဖြစ်ပြီးသားအပါယ်ဆွဲချမည့်အကုသိုလ်ကံများကိုလည်း ပယ်ဖျောက်နိုင်စွမ်း ရှိပေသည်။
၉) သမထနှင့် ၀ိပဿနာသည် ၃ဂဏန်းနှင့် ၄ ဂဏန်းလို အသွင်သဏ္ဍန်တူလျက် မျက်နှာမူထားသော ဦးတည်ချက်နှင့် တန်ဘိုးခြင်းကား ကွာခြားလှပေသည်။ သမထကို အကျိုးမရှိဟု ဆိုလိုခြင်းမဟုတ်။ သမထမှာပင် တန့်ရပ်နေမှာစိုးသောကြောင့် ဖြစ်သည်။ သမထပွား၍ရလာသော ဥပစာရသမာဓိ၊ အပ္ပနာသမာဓိများကို ၀ိပဿနာဉာဏ်ဖြင့် တွဲဖက်၍ ပရမတ်ခန္ဓာအဖြစ်အပျက်ကို ရှုပွားနိုင်မည်ဆိုလျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရနိုင်ပြန်ပါသည်။
ဝိပဿနာ အားထုတ်သင့်ကြောင်း
October 25, 2009 by mettayate
စလင်းကန်လယ်ဆရာတော်ဘုရားကြီးက -
အို လူအများတို့၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာရှိသလဲ။ ယခုအခါ ဓမ္မက္ခန္ဓာဘုရားတွေ အများကြီးရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူသော အေးအေးစက်စက်နေကြလျှင် အများကြီးနစ်နာကြပေလိမ့်မည်။ စာမတတ်လို့ ဘာမတတ်လို့လဲ မလုပ်ကြပါနှင့်။ ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည်။ သို့အတွက်. အို.. လူများတို့ ယခုအခါ ကံပါရမီကို မေးရန်မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။
မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီး ပျားများဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော်၊ ကံပါရမီချဖွယ်မလို။
အညစ်အကြေးလူးသူသည် ရေစင်ရှိလျှက် မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊ မိမိကသာ ဖျင်းလို့၊ အလို့။ န လို့ ဖြစ်သည်။
အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ၊ လန့်ကြ၊ ထိတ်ကြ။ အို… လူများတို့။ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။ ဟူ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရကြောင်းလမ်းစဉ်ဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါတယ်။
”မည်သူမဆို ၀ိပဿနာ တရားကို ပွားများအားထုတ်သင့်ကြောင်း”
၁) အိုဘေ နာဘေ သေဘေးကို မတွေးမမြင်ဘဲ ပျော်ရွှင်မိုက်မှား နေကြသူများ။
၂) ဒီခေတ်ဟာ အရိယာခေတ် မဟုတ်တော့ဘူး။ ကျင့်ရင်လဲ ပင်ပန်းရုံသာရှိမယ်လို
ခေတ်အပေါ်မှာ လွှဲပုံချနေသူများ။
၃) တို့များက ပါရမီနည်းတယ် ပါရမီရှင်ကြီးတွေနဲ့သာ ထိုက်တန်ပါတယ်ဟု ပါရမီပေါ်လွှဲချနေသူများ။
၎) မဂ် ဖိုလ် နိဗ္ဗာန်ဆိုတာ တိဟိတ်ပုဂ္ဂိုလ်မျိုးတွေ သာ ဒီဘ၀ကျင့်ရင်ရနိုင်တာ၊ တို့က ဒွိဟိတ်ပုဂ္ဂိုလ် အတန်းအစားလောက်ပါဟု စစ်မရောက်မီ မြားကုန်ကာ အရှုံးပေးနေကြသူများ။
(တိဟိတ် ဆိုသည်မှာ အလောဘ၊ အဒေါသ၊ အမောဟ ဆိုသော အဟိတ် ၃ ပါး)
(ဒွိဟိတ် ဆိုသည်မှာ အလောဘနှင့် အဒေါသ ဆိုသော အဟိတ် ၂ ပါး)
၅) ဘ၀ပေါင်းများစွာက ဆုတောင်းလာကြတဲ့ ဆုထူးပန် အဓိပတိ ပုဂ္ဂိုလ်ကြီးတွေသာ ကျင့်ရင် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တာ၊ တို့များ ငနုံငမွားတွေနဲ့ မထိုက်တန်ပါဘူးဟု လွှဲချနေကြသူ ဖြစ်၏။
ဤသူများ တိရစ္ဆန်ဘုံုံ့ စဉ် စံမည်။ မဂ် ဖိုလ် မရ ဟု ဆိုလို၏။
ဤ၀ိပဿနာ အလုပ်သည် သမထ အလုပ်ကဲ့သို့ ပလီဗောဓ ဆိတ်ငြိမ်ရာကြီးကိုရမှသာ ပြီးစီးနိုင်သည်မဟုတ်။
ပါရမီဥာဏ်သည်သာ ပဓာနတည်း။ ပါရမီဥာဏ်ရှိခဲ့ပါမှု တရားနာရင်းနှင့်ပင် ပေါက်ရောက်၍ သွားတတ်၏။
ဃရာဝါသကိစ္စအတွင်းမှာပင် ပေါက်ရောက်နိုင်၏။
အကြောင်းမှာကား ဥာဏ်ရှိသူတို့မှာ ကိုယ်တွင်းကိုယ်ပြင် အိမ်တွင်းအိမ်ပြင် ရွာတွင်းရွာပြင် တွေ့မြင်သမျှသည် အနိစ္စ ဥာဏ်ပွားစီးဖို့ချည်းသာတည်း။
မှ – သောမနဿုပေက္ခာဒီပနီ စာမျက်နှာ ၆၁၊ ၆၂ – ယခုခေတ်သည် သုက္ခ၀ိပဿကခေတ်
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ၀ိပဿနာသမာဓိ ခေါ် ခဏိကသမာဓိနဲ့ ၀ိပဿနာ မြန်မြန်ရှုပွားသင့်ကြောင်း ဟောကြားချက်
October 25, 2009 by mettayate
သမထနဲ့ မဂ်ဖိုလ် မရနိုင်ဘူး။
သမထတည်းဟူသော အကြောင်းကြောင့် မဂ်ဖိုလ်တည်းဟူသော အကျိုးတရား ဘယ်တော့မှ မပေါ်နိုင်ဘူး။
အခု သံယုတ်ပါဠိတော်မှာ ဘုရာဒဟာ သုသိမကို ဟောလို့ သိကြရပြီ။ (ဘုရားက သုသိမ ရှေ့ပိုင်းက ၀ိပဿာနာဥာဏ် နောက်ပိုင်းက နိဗ္ဗာန်မြင်တဲ့ မဂ်ဥာဏ်ပဲလို့ တိုတိုကျဉ်းကျဉ်းပဲ ဖြေဆိုတော်မူလိုက်တယ်။)
ဒါသိရရင် အရှည်မလိုက်ကြနဲ့။ တိုတိုနဲ့ ခရီးရောက်အောင် အားထုတ်ကြလို့ ပြောလိုက်ပါတယ်။
အရှည်လိုက်နေလို့ရှိရင် ဒုက္ခရောက်ဖို့ မြင်တယ်။
အချိန်အလွန်နည်းနေပြီ။ သိကြရဲ့လား။
သိရင်သိတဲ့အတိုင်း ကြိုးစားကြ။ သုဒ္ဓ၀ိပဿနာရှုကြ။ ဒါနဲ့မှ အဆင်ပြေမယ်.
အသေက အလွန်နီးနေပြီ။
ဒါမှမဟုတ် သမထ ၀င်ရှုပ်နေရင် နစ်ချင်မြုတ်ချင်ကြသေးလို့ဆိုတာ မှတ်လိုက်ကြ။
သမထနဲ့ နိဗ္ဗာန်မရနိုင်ဘူး။
သမထနဲ့ အချိန်မဖြုန်းကြနဲ့တော့ ၀ိပဿနာ သက်သက်ကိုသာ ရှုကြ။
သမထအရှိန်အဟုန်က ဗြဟ္မာ ပြည်ပဲ ရောက်အောင်တတ်နိုင်တယ်။ ဒီထက်မပိုဘူး။ သမထက သူ့အရှန်ကုန်ရင် ကျချင်ရာ ကျနိုင်တယ်။
သမထက အားကိုးမရဘူး။ သူနဲ့ လမ်းမဆုံးဘူး။
အဆန်းတရားလည်း မဟုတ်တော့ပါဘူးလို့ ပြောလိုက်ပါတယ်။
ဒကာ ဒကာမတွေ အခုနိဗ္ဗာန်ရှာနေကြတယ်။
သမထနဲ့ အချိန်ကုန်ရင် ကိုယ်ကျိုးနည်းကြဦးမယ်လို့ မှတ်လိုက်ကြ။
ဒါ့ကြောင့် သမထဖယ်ထားပြီး ၀ိပဿနာသက်သက် သုဒ္ဓ၀ိပဿနာလက်နက်ကို မြဲမြဲကိုင်ထားကြ။
ဒကာတို့တစ်တွေ သမထနဲ့ နိဗ္ဗာန် မရဘူး။
နိဗ္ဗာန် ရချင် လိုချင်ရင် ၀ိပဿနာလုပ်ရမယ်ဆိုတာ အမြဲအစွဲ ဆုံးဖြတ်ချက်ချလိုက်ကြ။ (ဒုလ္လဘ ဒေသနာတော်ကျမ်၊ စာမျက်နှာ (၂၁၀ မှ ၂၁၂) )
ဒကာတို့တစ်တွေ ကံကောင်း ဥာဏ်ကောင်းရှိတဲ့ အစိတ်အရွယ်၊ နှစ်ဆယ်အရွယ်တွေတုန်းက ငါ့းပါးအာရုံကာမရုဏ်ကိစ္စတွေမှာ သုံးထားခဲ့ကြပြီကိုး၊
ဒါ့ကြောင့်ကံမွဲ ဥာဏ်မွဲကလေးနဲ့ နည်းနည်းနဲ့ ရအောင် ကြိုးစားယူကြရမယ်။
ဒကာတို့တစ်တွေ အရင်က ကံကောင်း ဥာဏ်ကောင်းတွေ အလွဲသုံးစားလုပ်ခဲ့ကြပြီ၊
အခုနေမှာ နက်နဲ့တရားနဲ့ ကံမွဲဥာဏ်မွဲနဲ့ပဲ တွေ့ကြုံနေရတယ်။
ရှေးက ငါးပါးအာရုံ ကာမရုဏ်တွေမှာ သုံးပစ်ခဲ့ကြလို့ ကုန်ခဲ့ပြီ၊ အဲ့ဒါကောင်ေးတွဟူသရွေ့ ကုန်ခဲ့တာပဲ။
ဒကာ ဒကာမတွေ ဒါဟာ ဘယ်သူ့အပြစ်လဲ ရိပ်မိကြရဲ့လား။
ဖရာသူခိုးက ခိုးနေရတဲ့အထဲမှာ ဒကာတို့က အလွဲသုံးစားလုပ်နေတဲ့အချိန်က လုပ်ပစ်နဲ့ဆိုတော့ ကျန်ပါဦးမလား။
ဘယ်ကျန်တော့မှလဲ။
ဒီကြားထဲ အချိန်ရွေ့ချင်သေးတော့ အချိန်က ကုန်ရော့လာသေးတယ်။
“ ပထမအရွယ်မှာ ပညာရှာ
ဒုထိယအရွယ်မှာ ဥစ္စာ
တတိယအရွယ်မှာ ဘာဝနာတဲ့။
ဘယ်သူက ထွင်လိုက်တဲ့ အမှားလဲ မသိပါဘူး။”
အချိန်ရွှေ့နေတာ တတိယအရွယ်မှာ ဘာဝနာတဲ့။
ကံမွဲဥာဏ်မွဲကျမှ ဘာဝနာဆိုရင် သွားပြီ။
ရော်ဘာတုံးလက်သီးနဲ့ ထိုးသလိုနေမှာပဲလို့သာ မှတ်လိုက်ကြတော့။
ဒကာ ဒကာမတို့ အရှည်မလိုက်ကြနဲ့။ တိုတိုပဲလိုက်ကြလို့ ပြောလိုက်ပါတယ်။
အချိန်က မရတော့ဘူး။ ရိပ်မိကြရဲ့လား။
ဒကာတို့ခန္ဓာမှာ ဇရာသူခိုးက အချိန်တိုင်းခိုးနေတာ။
အိပ်နေတော့လည်း ဇရာကခိုး၊ မနက်လင်းတော့ သားရေး သမီးရေး စီးပွားရေးတွေနဲ့ အလွဲသုံးစားလုပ်ပစ်ကြ။
အမွဲနဲ့လာရတာ အသေက စောသွားရင် ခက်မယ်။
အသေမဦးခင် အရင်ဦးအောင်လုပ်နိုင်မှ ဖြစ်တော့မယ်။
ဒါ့ကြောင့် နိဗ္ဗာန်ရောက်ချင်ရင် ကြိုးစားပြီး မှတ်သားနာယူကြ။
ဒကာ ဒကာမတွေ နိဗ္ဗာန်ရချင်ရင် ရှေ့ပိုင်းက ၀ိပဿနာမဂ်၊ နောက်ပိုင်းက လောကုတ္တရာမဂ်။
ဒါကိုလုပ်ရမယ်လို့ မှတ်ကြ။ ရှင်းပြီ မဟုတ်လား။
ဝိပဿနာသမာဓိနဲ့ သွားရမယ်။
သမထ မလုပ်နဲ့တော့။ သမထလုပ်ရင် အချိန်ကြာနေမယ်
ဒီလိုမှ မလုပ်ရင် ဇရာခိုးတာနဲ့ အသေစောတာနဲ့ပဲ ကိစ္စတုံးရတော့မယ်။ ရိပ်မိကြပြီးလား။
ဒီအတိုင်းသွားရင် သာသနာပနဲ့ပဲ သေသွားရမယ်။
သာသနာနဲ့ ကြုံတယ်ဆိုပေမယ့် သာသာနာတွင်းတရားမရတော့ သာသာနာပလို့ပဲ ဆိုရတယ်။
သဘောပေါက်ကြပြီလား။ သမထသမာဓိဆိုရင် ကြာမယ်။ ဒါက သာသနာပ တရား။ သာသနာတွင်း တရား မဟုတ်ဘူး။
ဒါ့ကြောင့် ဒီသမထ သမာဓိမလုပ်နဲ့တော့။ သေစောရင် အမျောကြီး မျောရလိမ့်မယ်။ နားလည်ကြပြီလား။
ဒီအလုပ်မှာ သမာဓိက ၀ိပဿနာ သမာဓိနဲ့ သွားရမယ်။ ရှင်းပြီလား။
ကိုင်း ဒကာ ဒကာမတွေ အလုပ်ပြမယ်။
“အလုပ်က
ရှေ့ က ၀ိပဿနာမဂ်။
နောက်က လောကုတ္တရာ မဂ်” လို့မှတ်ကြ။
တိုတိုနဲ့ အမိဖမ်းဖို့ လုပ်ကြ၊ မှတ်မိကြပြီလား
ရှေ့ပိုင်းက ၀ိပဿနာမဂ် နောက်ပိုင်းက လောကုတ္တရာမဂ်။ ဒါကို မိအောင်လုပ်ရမယ်။
ကံမွဲ ဥာဏ်မွဲသမားတွေ ကောင်းကောင်းမှတ်သွားကြ
ဒီနှစ်ခုတည်းနဲ့ သွားကြရမယ်။ များနေရင် ဆေးချက်မီမှာ မဟုတ်ဘူး။
ဆေးချက်မီအောင် မနည်းလုပ်နေရတယ်။
ဒါမှမဟုတ်ရင် ကျွမ်းထိုးမှောက်ခုံသွားဖို့သာ ပြင်ကြတော့လို့ မလုပ်ချင်တဲ့သူတွေအတွက် ပြောလိုက်ပါတယ်။
( ဟောတဲ့ ပုဂ္ဂိုလ်က သစ္စာတရားဟောလို့ တရားနာတဲ့သူကလည်း တစ်ပါးအာရုံမသွားဘဲ သစ္စာတရားမှာသာ နှလုံးထားနိုင်ရမယ်။ အဲ့လိုထားနိုင်ရင် တရားနာရင်းက သောတာပန်တည်နိုင်တယ်လို့ ပေဋကောပဒေသမှာ ဟောထားတယ်။ )
ဝိပဿနာ သုံးမျိုး
October 25, 2009 by mettayate