ဥပသမာနုဿတိကမ္မဋ္ဌာန်း
၉-အာနာပါနဿတိပွါးပုံ ပြဆိုချက်
၂၁၅။ ယခုအခါ၌ မြတ်စွာဘုရားသည်-
''ရဟန်းတို့ ဤအာနာပါနဿတိ သမာဓိသည်လည်း ပွါးစေ(အပ်)လျှင် အကြိမ်များစွာ ပြု (အပ်)လျှင် ငြိမ်သက်သည်သာလျှင်လည်း ဖြစ်ပေ၏ မွန်မြတ်သည်သာလျှင်လည်း ဖြစ်ပေ၏ သွန်း ထည့်အပ်သည်လည်း မရှိပေ၊ ချမ်းသာသော နေခြင်းလည်း ဖြစ်ပေ၏၊ ပေါ်လာကုန် ပေါ်လာကုန် သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကိုလည်း တခဏချင်းပင် ကွယ်ပျောက်စေနိုင်ပေ၏ ငြိမ်း စေနိုင်ပေ၏''ဟုဤသို့ ချီးမွမ်းတော်မူပြီးလျှင်-
(ကထံ ဘာဝိတော စ ဘိက္ခဝေ အာနာပါနဿတိ သမာဓိ ကထံ ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော၊ ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေ တိ။ ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၊ သော သတောဝ အဿသတိ သတော ပဿသတိ။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ။ပ။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ။ပ။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿမီတိ သိက္ခတိ။ သဗ္ဗကာယ ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရ ပဿသိဿာမီတိ သိက္ခတိ။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ ။ပ။ သုခပဋိသံဝေဒီ ။ပ။ စိတ္တသင်္ခါရ-ပဋိသံဝေဒီ ။ပ။ ပဿမ္ဘယံ စိတ္တသင်္ခါရံ ။ပ။ စိတ္တပဋိသံဝေဒီ ။ပ။ အဘိပ္ပမောဒယံ စိတ္တံ ။ပ။ သမာဒဟံ စိတ္တံ ။ပ။ ဝိမောစယံ [၂၅၉]စိတ္တံ ။ပ။ အနိစ္စာနုပဿီ ။ပ။ ဝိရာဂါနုပဿီ ။ပ။ နိရောဓာနုပဿီ။ပ။ ပဋိနိဿဂ္ဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ။ ပဋိနိဿဂ္ဂါ နုပဿီ ပဿသိဿာမီတိ သိက္ခတိ။)
''ရဟန်းတို့ အာနာပါနဿတိသမာဓိသည် အဘယ်သို့ ပွါးစေ(အပ်)လျှင် အဘယ်သို့ အကြိမ် များစွာပြု(အပ်)လျှင် ငြိမ်သက်သည်သာလျှင်လည်း ဖြစ်သနည်း မွန်မြတ်သည်သာလျှင်လည်း ဖြစ် သနည်း သွန်းလောင်းအပ်သည်လည်း မရှိသနည်း ချမ်းသာသော နေခြင်းလည်း ဖြစ်သနည်း၊ ပေါ်လာ ကုန် ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို တခဏချင်းပင် ကွယ်ပျောက် စေနိုင်သနည်း ငြိမ်းစေနိုင်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက် ၍ ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်ရောက်၍ ဖြစ်စေ၊ လူသူဆိတ်သော ကျောင်းသို့ ကပ်ရောက်၍ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေကာ အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းဆီသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေ၏။ ထိုင်ပြီးသော ထိုရဟန်းသည် အမှတ်ရလျက်သာလျှင် ဝင်သက်ရှု၏ အမှတ် ရလျက်သာလျှင် ထွက်သက် ရှူ၏။ ရှည်စွာ ရှူသွင်းလျှင်လည်း ရှည်စွာ ရှူသွင်းသည်ဟု အပြားအား ဖြင့် သိ၏။ ရှည်စွာ ရှူထုတ်လျှင်လည်း ရှည်စွာ ရှူထုတ်သည်ဟု သိ၏။ တိုစွာ ရှူထုတ်လျှင်လည်း တိုစွာရှူထုတ်သည်ဟု သိ၏။ အလုံးစုံ သော ဝင်သက်အပေါင်းကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ အလုံးစုံသော ထွက်သက် အပေါင်းကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ကာယသင်္ခါရကို ငြိမ်းစေ လျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ပီတိကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ ပီတိကို သိလျက် ရှူထုတ်အံ့ဟုလေ့ကျင့်၏။ သုခကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ သုခကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ္တသင်္ခါရကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ္တသင်္ခါရကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ္တသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ္တသင်္ခါရကို ငြိမ်းစေလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ်ကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ်ကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ်ကို ဝမ်းမြောက်စေလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ်ကို ဝမ်းမြောက်စေလျက် ရှူထုတ်အံ့ ဟု လေ့ကျင့် ၏။ စိတ်ကို ကောင်းစွာထားလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ်ကို ကောင်းစွာ ထားလျက် ရှူထုတ် အံ့ဟု လေ့ကျင့်၏။ စိတ်ကို လွတ်စေလျက် [၂၅၉] ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ်ကို လွတ်စေလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ မမြဲဟု ရှုလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ မမြဲဟု ရှုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ဝိရာဂကို ရှူလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ ဝိရာဂ ကို ရှုလျက် ရှူထုတ်အံ့ဟု လေ့ကျင့် ၏။ နိရောဓကို ရှုလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ နိရောဓကိုရှုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ပဋိနိဿဂ္ဂကို ရှုလျက် (ဝါ-လွှတ်သောအားဖြင့် ရှုလျက်၊ ဝါ-လွှတ်နိုင်အောင် ရှုလျက်) ရှူသွင်းအံ့ဟု လေ့ကျင့်၏။ ပဋိနိဿဂ္ဂကို ရှုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏''ဟူ၍ဤသို့ တဆဲ့ခြောက်ပါးသော တည်ရာဌာနရှိသော အကြင်အာနာပါနဿတိကမ္မဋ္ဌာန်းကို ဟောကြားညွှန်ပြတော်မူ (အပ်) လေပြီ၊ ထိုအာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွါးစေပုံနည်းသည် (ဖွင့်ပြရန်) အစဉ်ရောက်လာပြီ။ သို့သော်လည်း ထိုပွါး စေပုံနည်းသည် ပါဠိအဖွင့်သို့ အစဉ်လျှောက်သဖြင့်သာလျှင် ဖွင့်ဆို (အပ်)သည်ရှိသော် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြည့်စုံနိုင်ပေ၏၊ ထို့ကြောင့် ယခုဆိုမည့် စကားရပ်သည် ဤအာနာပါနဿတိ ကမ္မဋ္ဌာန်း၌ ပါဠိကို ဖွင့်ခြင်းလျှင် ရှေ့သွား ရှိသော အကျယ်ဖွင့်ပြချက် ပေတည်း။
၂၁၆။ ကထံ ဘာဝိတော စ ဘိက္ခဝေ အာနာပါနဿတိ သမာဓိ-အစရှိသော ဤစကားထဲ၌ (ကထံ) အဘယ်သို့နည်း ဟူသောစကားသည် အာနာပါနဿတိဘာဝနာကို အမျိုးမျိုးသော အပြားအားဖြင့် ချဲ့ပြရန် အလိုရှိသဖြင့် မေးသော စကား ပေတည်း။ ပွါးစေ(အပ်)လျှင် အာနာပါနဿတိသမာဓိသည်-ဟူသော စကားသည် ချဲ့၍ပြရန် အလိုရှိသဖြင့် မေးထားသော တရားကို ဖော်ပြသော စကားပေတည်း။ အဘယ်သို့ အကြိမ်များစွာ ပြု(အပ်)လျှင်။ပ။ ငြိမ်းစေနိုင်သနည်း-ဟူသော ဤစကား ရပ်၌လည်း ဤနည်းပင်တည်း။ ထိုစကားရပ်၌ ဘာဝိတော-ဟူသည်ကား ဖြစ်စေအပ်သည်, တနည်းကား ပွါးစေအပ်သည် (ဟုဆိုလို၏)။ အာနာပါနဿတိသမာဓိ- ဟူသည်ကား ဝင်လေထွက်လေကို သိမ်းဆည်းသော သတိနှင်.့ယှဉ်သော သမာဓိ ပေတည်း။ တနည်းကား ဝင်လေ ထွက်လေကို သိမ်းဆည်းသော သတိကြောင့် (ဖြစ်သော)သမာဓိသည် အာနာပါန ဿတိ သမာဓိမည်၏။ ဗဟုလီကတော- ဟူသည်ကား အဖန်ဖန်ပြုအပ်သည်(ဟုဆိုလို၏)၊ သန္တောစေဝ ပဏီတော စ-ဟူသည် ကားငြိမ်သက်သည်သာလျှင် လည်း (ဖြစ်၏) မွန်မြတ်သည်သာလျှင်လည်း (ဖြစ်၏)။ ၂-ပုဒ်လုံးတို့၌ (ဧဝ-သဒ္ဒါ) သာလျှင် ဟူသောစကားဖြင့် ကိန်းသေသတ်မှတ်ခြင်းကို သိအပ်၏။ အဘယ်သို့ ဆိုလိုသနည်း?ဟူမူ အသုဘကမ္မ ဋ္ဌာန်းသည် ထိုးထွင်း ၍သိခြင်း (ပဋိဝေဓ)၏ အစွမ်းသက်သက်အားဖြင့်သာလျှင် ငြိမ်သက်သည်၎င်း၊ မွန်မြတ်သည်၎င်း ဖြစ်ပေသည်၊ သို့သော် လည်း ရုန့်ရင်းသော အာရုံရှိခြင်းကြောင့်၎င်း၊ စက်ဆုပ်ဖွယ် အာရုံရှိခြင်းကြောင့်၎င်း အာရုံ၏ အစွမ်းအားဖြင့် မငြိမ်သက်သည် သာလျှင် မမွန်မြတ်သည်သာလျှင် ဖြစ်သကဲ့သို့ ဤ အာနာပါနဿတိ ကမ္မဋ္ဌာန်းသည်ကား ထိုကဲ့သို့ မငြိမ်သက်သည်သော် ၎င်း၊ မမွန်မြတ်သည်သော်၎င်း တစုံတခုသော အကြောင်းကြောင့်မျှ မဖြစ်ပေ၊ စင်စစ်သော်ကား အာရုံ၏ ငြိမ်သက်ခြင်းကြောင့် လည်း ငြိမ်သက်ပေ၏ အထူးငြိမ်သက်ပေ၏ ငြိမ်းအေးပေ၏၊ ပဋိဝေဓဟုဆိုအပ်သော ဈာန်အင်္ဂါ၏ ငြိမ်သက်ခြင်းကြောင့် လည်း (ငြိမ်သက်ပေ၏ အထူးငြိမ်သက်ပေ၏ ငြိမ်းအေးပေ၏)၊ အာရုံ၏ မွန်မြတ်ခြင်းကြောင့်လည်း မွန်မြတ်ပေ၏ မရောင့်ရဲ နိုင်အောင် ကောင်းသည်ကို ပြုတတ်ပေ၏၊ ဈာန်အင်္ဂါ၏ မွန်မြတ်ခြင်းကြောင့်လည်း မွန်မြတ်ပေ၏ မရောင့်ရဲနိုင်
အောင် ကောင်းသည်ကို ပြုတတ်ပေ၏၊ ထို့ကြောင့် ''သန္တော စေဝ ပဏီတော စ''ဟု ဟောတော်မူပေသည်။ အသေစနကော စ သုခေါ စ ဝိဟာရော ဟူသော ဤစကားရပ်၌ (အနက်ကား) အကြင် သမာဓိမှာ (ငြိမ်သက်ခြင်း မွန်မြတ်ခြင်းကို ဖြစ်စေတတ်သော) သွန်းထည့်ပေးအပ်သောအကြောင်း (တစုံတခုမျှ)မရှိ၊ ထိုသမာဓိသည် အသေစနက မည်၏၊ သွန်းထည့်ပေးအပ်သော အကြောင်း မရှိသော သမာဓိ၊ အကူအညီ အခြားတပါးနှင့် မရောပြွမ်းသော အသီးအခြား တခု တည်းသော သီးသန့်ဖြစ်သော သမာဓိ (ဟုဆိုလို၏)။ ဤအာနာပါနဿတိ သမာဓိ၌ (ကသိုဏ်းဈာန် စသည်မှာကဲ့သို့) ရှုစ ရာအာရုံကို ကြိုတင်၍ ပြုရခြင်းလည်း မရှိ၊ ဥပစာရဖြင့်မူလည်း ငြိမ်သက်သည်၏အဖြစ် မရှိ၊ (စင်စစ်သော်ကား) အစအဦး နှလုံးသွင်းသည်မှစ၍ မိမိ၏ သဘောအားဖြင့်ပင်လျှင် ငြိမ်သက်သည်၎င်း၊ မွန်မြတ်သည်၎င်း ဖြစ်သည်-ဤကား အသေစန ကော-ပုဒ်၏ အနက်ပေတည်း။ အချို့ဆရာတို့ကမူ အသေစနကော-ဟူသည်ကား မသွင်းမဆမ်းအပ်ပဲ သြဇာရှိသော [၂၆ဝ] ပင်ကိုသဘောအားဖြင့်ပင်လျှင် ချိုမြိန် ကောင်းမွန်သော သမာဓိ-ဟု ဖွင့်ဆိုကုန်၏။ ဤဆိုခဲ့သည့် အတိုင်း ဤအာနပါန ဿတိသမာဓိသည် သွန်းထည့် ပေးအပ်သည်-သွန်းလောင်း ပေးအပ်သည်လည်း မရှိပေ၊ ဝင်စားတိုင်း ဝင်စားတိုင်းသော ခဏ၌ ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ရခြင်းငှါဖြစ်သောကြောင့် ချမ်းသာသောနေခြင်းလည်း ဖြစ်ပေသည် ဟူ၍ သိအပ်ပေ၏။ ပေါ်လာကုန် ပေါ်လာကုန်သော-ဟူသည်မှာ မခွါအပ်ကုန်သေး မခွါအပ်ကုန်သေးသော (ဟု ဆိုလို၏)။ ပါပကေ-ဟူသည်ကား ယုတ်ညံ့ကုန်သော(ဟု ဆိုလို၏)။ အကုသလေ ဓမ္မေ-ဟူသည်ကား မလိမ္မာကြောင်း မိုက်မဲကြောင်း အဝိဇ္ဇာကြောင့် ဖြစ်ကုန်သော တရားတို့ကို (ဟု ဆိုလို၏)။ ဌာနသော အန္တရဓာပေတိ-ဟူသည်ကား တခဏချင်းဖြင့်ပင်လျှင် ကွယ်စေ၏ ကွာစေ၏(ဟုဆိုလို၏)။ ဝူပသမေတိ-ဟူသည်ကား ကောင်းစွာငြိမ်းစေ၏၊ တနည်း ကိလေသာကို ဖောက်ခွဲခြင်း အဖို့ရှိသောကြောင့် အစဉ်အတိုင်း (တိုးတက်၍) အရိယမဂ်ဟူသော ကြီးပွါးခြင်းသို့ ရောက်လတ်သော် အကြွင်းမဲ့ ပယ်ဖြတ် တတ်၏၊ (အရိယဖိုလ်ဖြင့်) တဖန်ငြိမ်းစေတတ်၏ဟု ဆိုလိုပေသည်။
ယခုဆိုမည့် စကားသည်ကား ဤအရာ၌ အကျဉ်းချုပ် အနက်ပေတည်း။ ရဟန်းတို့ အဘယ်အပြားအားဖြင့် အဘယ် အခြင်းအရာ အဘယ်အစီအရင်အားဖြင့် ပွါးစေ(အပ်)လျှင် အဘယ်အပြားအားဖြင့် အကြိမ်များစွာပြု(အပ်)လျှင် အာနာပါန ဿတိ သမာဓိသည် ငြိမ်သက်သည်သာလျှင် ဖြစ်သနည်း။ပ။ ငြိမ်းစေနိုင်သနည်း-ဤကား အကျဉ်းချုပ်အနက်။ ၂၁၇။ ယခုအခါ၌ ထိုအနက်ကို ချဲ့ပြလိုသည် ဖြစ်၍ ဣဓ ဘိက္ခဝေ-စသည်ကို မိန့်တော်မူလေသည်။ ထိုစကား တော်ထဲ၌ ဣဓဘိက္ခဝေ ဘိက္ခု-ဟူသည်ကား ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ဟု ဆိုလို၏)။ မှန်ပေ၏-ဤ စကားတော်၌ ဣဓ-ဟူသော ဤသဒ္ဒါသည် ခပ်သိမ်းသောအပြားအားဖြင့် အာနာပါနဿတိ သမာဓိကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်၏ မှီရာဖြစ်သော သာသနာကိုလည်း ပြ၏၊ အခြားသာသနာ၏ (အာနာပါနဿတိသမာဓိကို ခပ်သိမ်းသော အခြင်း အရာအားဖြင့် ဖြစ်စေတတ်သော ပုဂ္ဂိုလ်၏တည်ရာဟူသော) ထိုအဖြစ်ကိုလည်းပယ်မြစ်၏။ မှန်ပေ၏-''ရဟန်းတို့ ဤ သာသနာတော်၌သာလျှင် ကိလေသာငြိမ်းသော သမဏ¼ ရဟန်းကို ရအပ်၏။ပ။ ဤသာသနာမှ အခြားသော ဝါဒတို့သည် (ဝန်ခံသည့်အတိုင်း) သိကုန်သော ကိလေသာ ငြိမ်းကုန်သော သမဏ¼ရဟန်းတို့မှ ဆိတ်ကုန်၏''ဟူသော ဤစကားကို ဟော တော်မူပေသည်။ ထို့ကြောင့် ''ဤ သာသနာတော်၌ ရဟန်းသည်''ဟူ၍ ငါဖွင့်ဆိုပေသည်။
အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ-ဟူသော ဤစကားသည် အာနာပါနဿတိသမာဓိ ဘာဝနာအားလျော်သော ကျောင်းအိပ်ရာ နေရာကို ထိုယောဂီရဟန်း သိမ်းယူပုံကို ပြသော စကားပေတည်း၊ ချဲ့၍ပြအံ့ ဤ ရဟန်း၏ စိတ်သည် အဆင်းအစရှိကုန်သော အာရုံတို့၌ ရှည်မြင့်စွာသော ကာလပတ်လုံး အစဉ်လိုက်ကာ ပြန့်သွားလျက် ရှိ၏၊ ထိုသို့ ပြန့်သွားနေသော စိတ်သည် အာနာပါနဿတိသမာဓိ၏ အာရုံသို့ တက်ခြင်းငှါအလိုမရှိ၊ ကောက်ကျစ်သော နွားက-ထားသည့် လှည်းသည် လမ်းမဟုတ်ရာသို့သာလျှင် ပြေးသွား သကဲ့သို့ ဘာဝနာလမ်းမှန် မဟုတ်ရာသို့သာလျှင် ပြေးသွား တတ်၏။ ထို့ကြောင့် ဥပမာဖြင့် ပြရလျှင် ကောက်ကျစ်သော မိခင်နွားမ၏ နို့ရည်ကို အကုန်သောက်စို့၍ ကြီးပြင်း လာသော ကောက်ကျစ်သော နွားငယ်ကို ဆုံးမလိုသော နွားကျောင်းသမား (နွားမွေးသူ)သည် မိခင်နွားမမှ ခွဲဆောင်၍ တခုသောအရပ်၌ ကြီးစွာသောတိုင်ကို စိုက်ထူ၍ ထိုတိုင်၌ ကြိုးဖြင့် ဖွဲ့ချည်ထားရာ၏၊ ထိုအခါ ထိုသူ၏ ထိုနွားငယ်သည် ထိုမှ ဤမှ ရုန်းကန် လှုပ်ရှားနေရာ၏၊ လှုပ်ရှားပြီးလျှင် ထွက်ပြေးရန် မစွမ်းနိုင်သောကြောင့် ထိုတိုင်ကိုသာလျှင် မှီ၍မူလည်း နေရာ၏ မှီ၍မူလည်း အိပ်ရာ၏၊ ထို့အတူပင် ရှည်မြင့်စွာသောကာလပတ်လုံး ရူပါရုံ စသည်တို့ကို စွဲ၍ဖြစ်သော (သုခဝေဒနာ ဟူသော) အရသာကို သောက်သုံးခြင်းဖြင့် ကြီးပွါးလာသော ပျက်ချော်နေသည့် စိတ်ကို ဆုံးမလိုသော ဤရဟန်းသည်လည်း ရူပါရုံ အစရှိသော အာရုံများမှ ခွဲဆောင်၍ တောသို့ဖြစ်စေ, သစ်ပင်ရင်းသို့ ဖြစ်စေ, လူသူဆိတ်ရာ ကျောင်းသို့ဖြစ်စေ သွင်းထားပြီးလျှင် ထိုအရပ်ဝယ် ဝင်လေ ထွက်လေ ဟူသောတိုင်၌ သတိတည်းဟူသော ကြိုးဖြင့် ဖွဲ့ချည်ထားအပ်၏၊ ဤသို့ ဖွဲ့ချည်ထားလျှင် ထိုရဟန်း၏ ထိုစိတ်သည် ထိုမှ ဤမှ ရုန်းကန်လှုပ်ရှား၍ နေငြားသော်လည်း ရှေးအခါက လေ့ကျက်နေကျ အာရုံကို မရသဖြင့် သတိတည်းဟူသော ကြိုးကိုဖြတ်၍ [၂၆၁] ထွက်ပြေးရန် မစွမ်းနိုင်သောကြောင့် ထိုဝင်လေ ထွက်လေ ဟူသော အာရုံကိုသာလျှင် ဥပစာရသမာဓိ အပ္ပနာသမာဓိတို့၏ အစွမ်းအားဖြင့် မှီ၍လည်း နေ၏ မှီ၍လည်း အိပ်၏။ ထို့ကြောင့် ရှေးဆရာတို့သည်-
''နွားငယ်ကို ဆုံးမလိုသော လူသည် တိုင်၌ဖွဲ့ချည်ထားရာသကဲ့သို့ ထို့အတူဤသာသနာတော် ၌ မိမိစိတ်ကို ဆုံးမလိုသော ရဟန်းသည် ကမ္မဋ္ဌာန်းအာရုံ၌ သတိဖြင့် မြဲမြံစွာ ဖွဲ့ချည်ထားရာ၏''ဟု မိန့်ဆိုကြပေသည်။
ယခုပြဆိုခဲ့သည့်အတိုင်း ထိုယောဂီရဟန်း၏ (တောအစရှိသော) ဤကျောင်းသည် ဘာဝနာအား လျော်ပေ၏။ ထို့ ကြောင့် ''ဤစကားသည် အာနာပါနဿတိသမာဓိဘာဝနာ အားလျော်သော ကျောင်း အိပ်ရာ နေရာကို ထိုရဟန်းသိမ်းယူပုံကို ပြသောစကားပေတည်း''ဟူ၍ ငါဆိုခဲ့ပေသည်။
တနည်းသော်ကား ဤအာနာပါနကမ္မဋ္ဌာန်းသည် (လေးဆယ်သော) ကမ္မဋ္ဌာန်းအပြားထဲတွင် ဦးထိပ်သဖွယ်ဖြစ်ပေ၏၊ (အလုံးစုံသော) ဘုရားများ (အချို့) ပစ္စေကဗုဒ္ဓါများ (အချို့) သာဝကများတို့၏ မဂ်ဖိုလ် တရားထူးကို ရခြင်း၏ နီးစွာသော အကြောင်းလည်း ဖြစ်ပေ၏၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း၏ နီးစွာသောအကြောင်းလည်း ဖြစ်ပေ၏၊ ယင်း အာနာပါနဿတိကမ္မဋ္ဌာန်းကို မိန်းမ ယောက်ျား ဆင် မြင်း စသည်တို့၏ အသံများဖြင့် ပြွမ်းသော ရွာနားကျောင်းကို မစွန့်ပဲ ပွါးစေခြင်းငှါ မလွယ်ကူပေ၊ (အကြောင်းမူကား) ဈာန်မှာ အသံဟူသော (ပျက်စီးကြောင်း) ဆူးငြောင့်ရှိသောကြောင့်ပေတည်း။ စင်စစ်သော်ကား ဤယောဂီရဟန်းသည် ရွာနှင့်ဝေးသော တောအရပ်၌ ဤအာနာပါနဿတိကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုမှတ် လျက် အာနာပါနလျှင် အာရုံရှိသော စတုတ္ထ ဈာန်ကို (ဝါ-အာနာပါနလျှင် အာရုံရှိသော ဈာန်လေးပါး အပေါင်းကို.) ဖြစ်စေ ပြီးလျှင် ထိုဈာန်ကိုပင် အခြေခံပြု၍ သင်္ခါရတို့ကို သုံးသပ်လျက် အမြတ်ဆုံး အရဟတ္တဖိုလ်သို့ရောက်ရန် လွယ်ကူပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုရဟန်းအား လျော်သောကျောင်းကို ပြတော်မူလိုသောကြောင့် ''တောသို့ ကပ်ရောက်၍ ဖြစ်စေ'' အစရှိသော စကားကို မိန့်တော်မူပေသည်။
မှန်ပေ၏-မြတ်စွာဘုရားသည် မြေကြန်တတ်သော ဆရာနှင့် တူတော်မူပေ၏၊ (တူပုံကား) မြေကြန်တတ်သော ဆရာသည် မြို့ရာမြေကို ကြည့်ရှုပြီးလျှင် ကောင်းစွာ စူးစမ်းဆင်ခြင်၍ ''ဤအရပ်၌ မြို့ကို တည်ထောင်ကြလော့''ဟု ညွှန်ပြ၏၊ ချမ်းသာစွာ မြို့ပြီးလတ်သော်မင်း၏ အိမ်တော်မှ ကြီးစွာသော ပူဇော်သက္ကာရကို ရသကဲ့သို့ ထို့အတူပင် မြေကြန်ဆရာနှင့် တူသော ထိုမြတ်စွာဘုရားသည် ယောဂီရဟန်းအား လျော်သော ကျောင်းကို စူးစမ်းဆင်ခြင်တော်မူ၍ ''တောအစရှိသော ဤ အရပ်၌ ကမ္မဋ္ဌာန်းကို အားထုတ်ရမည်''ဟု ညွှန်ပြတော်မူ၏၊ ထို့နောင် ထိုအရပ်၌ ကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီသည် သမာဓိဝိပဿနာ အရိယမဂ်အစဉ်အားဖြင့် အရဟတ္တဖိုလ်သို့ ရောက်ပြီးလတ်သော် ''ငါတို့ဆရာဖြစ်တော်မူသော ထိုမြတ်စွာ ဘုရားသည် စင်စစ် မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့် အမှန်သိတော်မူသော ဘုရားရှင်ပါပေတကား''ဟု(ချီးကျူး မြတ်နိုးခြင်း အစရှိသော)ကြီးစွာသော ပူဇော်သက္ကာရကို ရတော်မူပေသည်။
ထိုမှတပါး (တောအရပ်စသည်၌ အားထုတ်နေသော) ဤယောဂီ ရဟန်းကို ကျားသစ်နှင့် တူသည်ဟူ၍ ဆိုအပ်၏၊ ချဲ့၍ပြအံ့-တောမင်းဖြစ်သော ကျားသစ်ကြီးသည် တောထဲ၌ မြက်တောရှုပ်ကို၎င်း၊ သစ်တောရှုပ်ကို၎င်း၊ တောင်ရှုပ်ကို၎င်း မှီကာ ပုန်းအောင်း၍ တောကျွဲ စိုင် ဝက် အစရှိသော သားကောင်တို့ကို ဖမ်းယူသကဲ့သို့ ထို့အတူပင်လျှင် တောစသော အရပ် တို့၌ ကမ္မဋ္ဌာန်းကို အားထုတ်သော ဤရဟန်းသည် အစဉ်အတိုင်း သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ်အရ ဟတ္တမဂ်တို့ကို၎င်း၊ လေးပါးသော အရိယဖိုလ်ကို၎င်း ယူသည်ဟု သိအပ်ပေ၏။ ထို့ကြောင့် ရှေးဆရာတို့သည်- [၂၆၂] ''ကျားသစ် မည်သည်မှာ ပုန်းအောင်လျက် သားကောင်တို့ကို ဖမ်းယူသကဲ့သို့ ထို့အတူ ပင် အားထုတ်သည့် လုံ့လနှင့်ပြည့်စုံသော ဝိပဿနာရှုသူ ဤဘုရားသားတော်သည် တောသို့ဝင်၍ မြတ်သော အရိယဖိုလ်ကို ယူပေသည်''ဟု မိန့်ဆိုကြပေသည်။
ထို့ကြောင့် ထိုရဟန်း၏ ဘာဝနာအားထုတ်မှု အဟုန်အစွမ်းအားသင့်လျော်သည့် အောင်မြေဖြစ်သော တောကျောင်း ကို ပြတော်မူလိုသော မြတ်စွာဘုရားသည် ''တောအရပ်သို့ကပ်၍ဖြစ်စေ''အစရှိသော စကားကို မိန့်တော်မူပေသည်။ ၂၁၈။ ထိုစကားရပ်၌ အရညဂတော-ဟူရာတွင် ''(အရည)တော ဟူသည်မှာ တံခါးခုံမှထွက်၍ အပြင်၌ အလုံးစုံသော ဤအရပ်သည် (အရည) တော မည်၏'' ဟူ၍၎င်း၊ ''လေးတာဖြင့် တာငါးရာ ဝေးကွာသော ကျောင်းသည် အောက်ထစ်ဆုံး (အနီးဆုံး) တောကျောင်းမည်၏''ဟူ၍၎င်း ဤသို့ ပြဆိုသည့် လက္ခဏာရှိသော တောတို့တွင် ဆိတ်ငြိမ် ချမ်းသာရှိသော တစုံတခုသော တောသို့ ကပ်သည် (ဖြစ်၍)။ သစ်ပင်ရင်းသို့ကပ်၍-ဟူသည်ကား သစ်ပင်၏ အနီး (သစ်ပင်အောက်)သို့ ကပ်သည် (ဖြစ်၍)။ ဆိတ်သောကျောင်းသို့ ကပ်၍-ဟူသည်ကား ဆိတ်ငြိမ်သော လူသူကင်းသော အရပ်သို့ကပ်သည် (ဖြစ်၍)။ ဆက်ဦးအံ့-ဤအရာ၌ တောအရပ်နှင့် သစ်ပင်ရင်းကို ချန်ထားပြီးလျင် ကြွင်းသော ခုနစ်ပါးအပြား ရှိသော ကျောင်းသို့ ကပ်ရောက်သည်ကိုလည်း ''လူသူဆိတ်သော ကျောင်းသို့ ကပ်ရောက်သည်''ဟု ဆိုသင့်ပေ၏။ ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီရဟန်းအား ဥတုသုံးပါးနှင့်လျော်သည့်ပြင် သလိပ်စသော ဓာတ်သုံးပါး, မောဟ စသော စရိုက်သုံးပါးနှင့်လည်း လျော်သည်ဖြစ်၍ အာနာပါနဿတိဘာဝနာအားလျော်သော (တောအစရှိသော)ကျောင်းကို ညွှန်ပြပြီးလျှင် မတွန့်ဆုတ်ခြင်း, မပျံ့လွင့်ခြင်း အဖို့ရှိသော ငြိမ်သက်သော ဣရိယာပုတ်ကို ညွှန်ပြတော်မူလိုသောကြောင့် ''ထိုင်နေ၏''ဟု မိန့်တော်မူပေသည်။ ထို့နောင် ထိုယောဂီအား ထိုင်ခြင်း ဣရိယာပုတ်၏ ခိုင်မြဲခြင်းကို၎င်း၊ ဝင်လေ ထွက်လေ တို့ကို ဖြစ်စေရန် ချမ်းသာလွယ်ကူခြင်းကို၎င်း၊ အာရုံသိမ်းဆည်းကြောင်း နည်းကို၎င်း ပြတော်မူလိုသည်ဖြစ်၍''ထက်ဝယ်ဖွဲ့ ခွေကာ''စသည်ကို မိန့်တော်မူလေသည်။ ထိုစကားရပ်၌ (ပလ္လင်္ကံ) ထက်ဝယ် ဟူသည်ကား ထက်ဝန်းကျင်မှ ပေါင်တို့ကို ဖွဲ့ယှက်၍ ထိုင်ခြင်းပေတည်း။ (အာဘုဇိတွာ) ဖွဲ့ခွေ၍ဟူသည်ကား ဖွဲ့၍၊ ဥဇုံ ကာယံ ပဏိဓာယ-ဟူသည်ကား အထက်ပိုင်း ကိုယ်ကို ဖြောင့်စွာထား၍။ တဆဲ့ရှစ်ခုသော ကျောက်ဆူးရိုးတို့ ကို အစွန်းအချင်းချင်း တည့်တည့် မတ်မတ် ဖြစ်စေ၍ (ဟု ဆိုလို၏)။ အကျိုးကား¼ဤသို့ အထက်ပိုင်း ကိုယ်ကို ဖြောင့်မတ်စွာထား၍ ထိုင်နေသော ယောဂီအား အရေ အသား အကြော တို့သည် ညွတ်မကျကုန်၊ ထိုအခါယောဂီအား ထိုအရေ အသားအကြောတို့၏ ညွတ်ကျခြင်းကြောင့် ခဏတိုင်း ခဏတိုင်းဖြစ် နိုင်ကုန်သော ဒုက္ခဝေဒနာတို့သည် မဖြစ်ပေါ်လာကုန်၊ ထိုဒုက္ခဝေဒနာတို့ မဖြစ်ပေါ်ကုန်လတ်သော် စိတ်သည် တအာရုံတည်း ရှိလျက် တည်ကြည်၏၊ ကမ္မဋ္ဌာန်းသည် မကျပေ၊ ကြီးပွါးခြင်းသို့ ရောက်ပေ၏။ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ-ဟူသည်ကား ကမ္မဋ္ဌာန်းအာရုံ ဆီသို့ ရှေးရှု သတိကို ထား၍ (ဖြစ်စေ၍) တနည်းကား ပရိ-သည် သိမ်းဆည်းခြင်းအနက် ရှိ၏၊ မုခံ-သည် ထွက်သွားခြင်းအနက်ရှိ၏၊ သတိ-သည် ထင်ခြင်းအနက်ရှိ၏၊ ထို့ကြောင့် ''ပရိမုခံသတိံ''ဟု ဆိုပေသည်ဟူ၍ ဤသို့ ပဋိသမ္ဘိဒါမဂ်၌ ဟောထားသောနည်းဖြင့်လည်း ဤအရာ၌ အနက်ကိုမှတ်အပ်ပေ၏။ ထိုပဋိသမ္ဘိဒါမဂ်အဖွင့်၌ ဤကား အကျဉ်းချုပ်အနက်ပေတည်း-ထက်ဝန်းကျင်ယူအပ်-သိအပ်သဖြင့် ဆန့်ကျင်ဘက်မှ ထွက်သွား-လွတ်မြောက်သော သတိကို ပြု၍-ဖြစ်စေ၍၊ ဤကား အကျဉ်းချုပ်ပေတည်း။
[၂၆၃] ၂၁၉။ သော သတောဝ အဿသတိ သတော ပဿသတိ (ထို ရဟန်းသည် အမှတ်ရလျက်သာလျှင် ဝင်သက် ရှူ၏၊ အမှတ်ရလျက်သာလျှင် ထွက်သက် ရှူ၏)ဟူသည်ကား ထိုရဟန်းသည် ဤဆိုခဲ့သည့်အတိုင်း ထိုင်ပြီးလျှင် ဤဆိုခဲ့ သည့်အတိုင်း သတိကို ဖြစ်စေပြီးလျှင် ထိုသတိကို မစွန့်မူ၍ အမှတ်ရလျက်သာလျှင် ဝင်သက်ရှူ၏၊ အမှတ်ရလျက်သာလျှင် ထွက်သက် ရှူ၏၊ အမှတ်ရလျက် ပြုလေ့ရှိသည်ဟု ဆိုလို၏။ ယခုအခါ အကြင်အခြင်းအရာတို့ဖြင့် အမှတ်ရလျက်ပြုလေ့ရှိ၏၊ ထိုအခြင်းအရာတို့ကို ပြခြင်းငှါ ဒီဃံ ဝါ အဿသန္တော (ရှည်စွာ ရှူသွင်းလျှင်လည်း)စသည်ကို ဟောတော်မူလေသည်။ ထို့ကြောင့် ပဋိသမ္ဘိဒါမဂ်၌ ''သော သတောဝ အဿသတိ သတော ပဿသတိ''ဟူသော ဤအကျဉ်းချုပ် စကား၏ပင်လျှင် အကျယ်ဝေဘန်ချက်ဝယ် အောက်ပါ စကားကို ဟောတော်မူပေသည်။
၃၂-ပါးသော အခြင်းအရာတို့ဖြင့် အမှတ်ရလျက် ပြုလေ့ရှိ၏၊ ရှည်စွာ (ဟု ဟောထားသော) ဝင်လေ၏ အစွမ်းအားဖြင့် စိတ်၏ တအာရုံတည်းရှိခြင်း မပျံ့လွင့်ခြင်းကို သိသောသူအား အမှတ်ရမှု သတိသည် ထင်၏၊ ထိုအမှတ်ရမှု သတိဖြင့် ထိုသိမှု¼ဉာဏ်ဖြင့် အမှတ်ရလျက် ပြုလေ့ရှိ၏ (၁)ရှည်စွာ (ဟု ဟောထားသော)ထွက်လေ၏ အစွမ်းအားဖြင့်....(၂)။ တိုစွာ (ဟုဟော ထားသော) ဝင်လေ၏ အစွမ်းအားဖြင့်....(၃)။ တိုစွာ (ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့်...(၄)။ အလုံးစုံသော ဝင်လေအပေါင်းကို သိလျက် (ဟု ဟောထားသော) ဝင်လေ၏ အစွမ်းအားဖြင့်....(၅)။ အလုံးစုံသော ထွက်လေအပေါင်းကို သိလျက်(ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့်....(၆)။ ကာယ သင်္ခါရကို ငြိမ်းစေလျက် (ဟု) ဟောထားသောဝင်လေ ၏....(၇)။ ကာယသင်္ခါရကို ငြိမ်းစေလျက် (ဟု ဟောထားသော) ထွက်လေ၏....(၈)။ ပီတိကို သိလျက် (ဟု ဟောထားသော) ဝင်လေ၏....(၉)။ ....ထွက်လေ ၏....(၁ဝ)။ သုခကို သိလျက် (ဟု ဟောထားသော) ဝင်လေ၏ ....(၁၁)။....ထွက်လေ ၏....(၁၂)။ စိတ္တသင်္ခါရကို သိလျက် (ဟု ဟောထားသော) ဝင်လေ၏....(၁၃)။ ....ထွက်လေ၏.... (၁၄)။ စိတ္တသင်္ခါရကို ငြိမ်းစေလျက် (ဟုဟောထားသော) ဝင်လေ၏....(၁၅)။....ထွက်လေ၏....(၁၆)။ စိတ်ကို သိလျက် (ဟုဟောထားသော) ဝင်လေ၏....(၁၇)။ ....ထွက်လေ၏.... (၁၈)။ စိတ်ကို ဝမ်းမြောက်စေလျက် (ဟုဟောထားသော) ဝင်လေ၏....(၁၉)။ ...ထွက်လေ၏....(၂ဝ)။ စိတ်ကို ကောင်းစွာထားလျက် (ဟုဟောထားသော) ဝင်လေ လေ၏....(၂၁)။.... ထွက်လေ၏....(၂၂)။ စိတ်ကို လွတ်စေလျက် (ဟု ဟောထားသော) ဝင်လေ၏....(၂၃)။....ထွက်လေ၏....(၂၄)။ မမြဲဟု ရှုလျက် (ဟု ဟောထား သော) ဝင်လေ၏...(၂၅)။.... ထွက်လေ၏....(၂၆)။ ဝိရာဂကိုရှုလျက် (ဟု ဟောထားသော) ဝင်လေ၏....(၂၇)။....ထွက်လေ၏....(၂၈)။ နိရောဓကို ရှုလျက် (ဟုဟောထားသော) ဝင်လေ၏.... (၂၉)။....ထွက်လေ၏....(၃ဝ)။ ပဋိနိဿဂ္ဂကို ရှုလျက် (ဟု ဟောထားသော) ဝင်လေ၏ အစွမ်းဖြင့်.... (၃၁)။ ပဋိနိဿဂ္ဂကို ရှုလျက် (ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့် စိတ်၏တအာရုံ တည်းရှိခြင်း မပျံ့လွင့်ခြင်းကို သိသောသူအား အမှတ်ရမှု-သတိသည်ထင်၏၊ ထိုအမှတ်ရမှု-သတိဖြင့် ထိုသိမှု ဉာဏ်ဖြင့် အမှတ်ရလျက် ပြုလေ့ရှိ၏ (၃၂)။'' (ပဋိသမ္ဘိဒါမဂ်ပါဠိ၏ မြန်မာပြန်)
(ဒီဃံ ဝါ အဿသန္တော-အစရှိသော) ထိုစကားရပ်၌ ဒီဃံ ဝါ အဿသန္တော-ဟူသည်ကား ရှည်သော ဝင်လေကို ဖြစ်စေလျှင်မူလည်း (ဟု ဆိုလို၏)။ ''အဿသ-ဟူသည်ကား အပြင်သို့ ထွက်သောလေ၊ ပဿာသ-ဟူသည်ကား အတွင်းသို့ ဝင်သောလေ''ဟူ၍ ဝိနည်းအဋ္ဌကထာ၌ ဖွင့်ဆိုထားသည်။ သုတ္တန်အဋ္ဌကထာတို့၌မူကား (အဿာသ-ဝင်လေ၊ ပဿသ-ထွက် လေဟု) ပြောင်းပြန်ဖွင့်ပြထားသည်။ ထိုတွင် အမိဝမ်းတွင်း၌ ကိန်းအောင်း၍ ဖွားမြင်သော (ဂဗ္ဘသေယျက) သတ္တဝါအားလုံး တို့၏လည်း အမိ၏ဝမ်းမှ ထွက်သောအခါ ရှေးဦးစွာ အတွင်းမှလေသည် အပြင်သို့ထွက်၏၊ နောက်မှအပြင်ကလေသည် သိမ်မွေ့သော မြူမှုန်ကို ယူကာ အတွင်းသို့ ဝင်လျက် အာစောက်သို့ ထိဆိုက်၍ ငြိမ်း၏၊ ဤသို့ ထွက်လေ ဝင်လေတို့ကို ရှေးဦးစွာ ဖြစ်ပုံအားဖြင့် သိအပ်ကုန်၏။
ထိုမှတပါး ထိုဝင်လေ ထွက်လေတို့၏ ရှည်ခြင်း တိုခြင်းကို ကာလအဓွန့်၏ အစွမ်းအားဖြင့် သိအပ်၏။ ဥပမာ တင်၍ ထင်စွာပြအံ့-တည်ရာဟူသော (အရှည် အတို) အဓွန့်ကို ပြန့်လျက်တည်သော ရေကိုဖြစ်စေ၊ သဲကိုဖြစ်စေ ''ရှည်သော ရေ ရှည်သောသဲ, တိုသောရေ တိုသောသဲ''ဟု ဆိုရသကဲ့သို့ ထို့အတူပင် ဝင်လေ ထွက်လေတို့သည် အမှုန့်အမှုန့် အသေး အမွှားကလေးများ ဖြစ်ကြငြားသော်လည်း ဆင် မြွေတို့၏ ကိုယ်ထဲ၌ (ဖြစ်ကြလျှင်) ယင်းဆင် မြွေတို့၏ ကိုယ်ဟုဆိုအပ်သော ရှည်သော အဓွန့် အရပ်ကို ဖြည်းဖြည်းပြည့်စေလျက် ဖြည်းဖြည်းပင်လျှင် ထွက်ကုန်၏၊ ထို့ကြောင့် ရှည်ကြသည်ဟူ၍ ဆိုအပ် ကုန်၏၊ ခွေး ယုန်စသည်တို့၏ ကိုယ်ဟုဆိုအပ်သော တိုသော အဓွန့်အရပ်ကို လျင်စွာပြည့်စေ၍ လျင်စွာပင်လျှင် ထွက်ကုန် ၏၊ ထို့ကြောင့် တိုကြသည် ဟူ၍ဆိုအပ်ကုန်၏။ လူတို့တွင် မူကား အချို့က ဆင် မြွေစသည်တို့ကဲ့သို့ ရှည်သောကာလ အဓွန့်၏ အစွမ်းအားဖြင့် ရှည်စွာ ရှူသွင်းကုန်၏ ရှူထုတ်ကုန်၏၊ အချို့က ခွေး ယုန် စသည်တို့ကဲ့သို့ တိုသောကာလ အဓွန့် ၏ အစွမ်းအားဖြင့် တိုစွာ ရှူသွင်းကုန်၏ ရှူထုတ်ကုန်၏၊ ထို့ကြောင့် ထိုလူတို့၏ ကာလ၏ အစွမ်းအားဖြင့် [၂၆၄] ရှည်သော အဓွန့်ပတ်လုံး ထွက်ကုန်-ဝင်ကုန်သော ထိုရှူရှိုက်လေတို့ကို ရှည်သည်ဟူ၍၎င်း၊ တိုသော အဓွန့်ပတ်လုံး ထွက်ကုန်-ဝင်ကုန်သော ထိုရှူရှိုက်လေတို့ကို တိုသည်ဟူ၍၎င်း သိအပ်ကုန် ၏။
(ရှည်စွာ ရှူသွင်းသည် ရှူထုတ်သည်ဟု သိ၏ဟူသော) ထိုစကားရပ်၌ ဤယောဂီရဟန်းသည် ကိုးပါးသော အခြင်း အရာတို့ဖြင့် ရှည်စွာ ရှူသွင်းလျက်၎င်း၊ ရှူထုတ်လျက်၎င်း ''ရှည်စွာ ရှူသွင်းသည်, ရှူထုတ်သည်''ဟု သိ၏။ ဤသို့ (သိလျှင် ထိုယောဂီအား (အခြင်းအရာကိုးပါးတို့တွင် တပါးသော အခြင်းအရာအားဖြင့်) ကာယာနုပဿနာသတိပဋ္ဌာန် ဘာဝနာသည် ပြည့်စုံသည်ဟူ၍ သိအပ်ပေ၏။ ဤ အဆိုနှင့်အညီ ပဋိသမ္ဘိဒါမဂ်ပါဠိ၌ ဟောတော်မူထားသည်မှာ-
''အဘယ်သို့ ရှည်စွာ ရှူသွင်းလျှင် ရှည်စွာ ရှူသွင်းသည်ဟု သိသနည်း၊ ရှည်စွာ ရှူထုတ်လျှင် ရှည်စွာ ရှူထုတ်သည်ဟု သိသနည်း။ ရှည်သော ဝင်လေကို အရှည်ဟု ဆိုအပ်သောကာလ၌ ရှူသွင်း၏၊ ရှည်သော ထွက်လေကို အရှည်ဟု ဆိုအပ်သော ကာလ၌ ရှူထုတ်၏၊ ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟု ဆိုအပ်သော ကာလ၌ ရှူ၍လည်းသွင်း၏ ရှူ၍လည်းထုတ်၏။ ရှည်သော ဝင်လေ ထွက်လေ ဖကို အရှည်ဟု ဆိုအပ်သော ကာလ၌ ရှူသွင်းစဉ်လည်း ရှူထုတ် စဉ်လည်း (တိုး၍ အားထုတ်လိုသော) ဆန္ဒသည် ဖြစ်ပေါ်၏၊ ဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက် သာ၍ သိမ်မွေ့သော ရှည်သော ဝင်လေကို ။ပ။ ရှည်သော ထွက်လေကို ။ပ။ ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟုဆိုအပ်သော ကာလ၌ရှူ၍ လည်း သွင်း၏ ရှူ၍လည်း ထုတ်၏။ ဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက်သာ၍ သိမ်မွေ့သော ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟု ဆိုအပ်သော ကာလ၌ ရှူသွင်းစဉ်လည်း ရှူထုတ်စဉ်လည်း ပါမောဇ္ဇ(ဟု ဆိုအပ်သော နုသောပီတိ)သည် ဖြစ်ပေါ်၏၊ ပါမောဇ္ဇ၏အစွမ်းအားဖြင့် ထို့ထက်သာ၍ သိမ်မွေ့သော ရှည်သော ဝင်လေ ။ပ။ ရှည်သော ထွက်လေကို ။ပ။ ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟု ဆိုအပ်သော ကာလ၌ ရှူ၍လည်းသွင်း၏ ရှူ၍လည်းထုတ်၏။ ပါမောဇ္ဇ၏ အစွမ်းအားဖြင့် ထို့ထက်သာ ၍ သိမ်မွေ့သော ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟု ဆိုအပ်သော ကာလ၌ ရှူသွင်းစဉ်လည်း ရ၊ ထှူ တု စ် ဉ်လည်း ရညှ စ်ွာ (ဟု ဟောထားသော) ပကတဝိ င်လေ ထက်ွလေမှ (ဘာဝနာ)စတိသ ညန် စ်၏ လျစ်လျူရှုမှု-ဥပေက္ခာသည် ကောင်းစွာတည်၏၊ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် ရှည်စွာ (ဟု ဟောထားသော) ဝင်လေ ထွက်လေတို့သည် ကာယပေတည်း၊ ထင်ခြင်း-အမှတ်ရခြင်းသည် သတိ ပေတည်း၊ ရှုခြင်းသည် ဉာဏ်ပေတည်း။ ကာယသည် သတိ၏ ထင်ရာဖြစ်သောကြောင့် ဥပဋ္ဌာနသာ မည်၏၊ (အမှတ်ရမှု မဟုတ်သောကြောင့်) သတိကားမမည်။ သတိသည်ကား ထင်တတ်-အမှတ် ရတတ်သောကြောင့် ဥပဋ္ဌာနလည်းမည်၏ သတိလည်းမည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုဝင်လေ ထွက်လေ အပေါင်း ကာယကို အဖန်ဖန်ရှု ၏။ ထို့ကြောင့် ကာယ၌ ကာယကိုရှုသော (ဝါ¼ကာယဟု ရှုသော) သတိပဋ္ဌာန် ဘာဝနာဟု ဆိုအပ်ပေသည်''ဟူ၍ ပေတည်း။ (ဤကား ပဋိသမ္ဘိဒါမဂ်ပေတည်း။) [၂၆၅] တိုစွာ-ဟူသောပုဒ်၌လည်း ဤနည်းပင်တည်း။ ဤသည်ကား အထူးပေတည်း၊ ယခုပြခဲ့သော ဝါရ၌ ''ရှည် သော ဝင်လေကို အရှည်ဟုဆိုအပ်သော ကာလ၌''ဟု ဆိုထားသကဲ့သို့ ထို့အတူ ဤအတိုဝါရ၌ ''တိုသော ဝင်လေကို အတိုဟု ဆိုအပ်သော ကာလ၌ ရှူသွင်း၏''ဟု လာ၏။ ထို့ကြောင့် ''ထို့ကြောင့် ကာယ၌ ကာယဟု ရှုသော သတိပဋ္ဌာန် ဘာဝနာဟု ဆိုအပ်ပေသည်''ဟူသော နိဂုံးစကားတိုင်အောင် တိုသည်-အတို-ဟူသော ပုဒ်၏ အစွမ်းအားဖြင့် (လဲလှယ်၍) ယှဉ်စေအပ်၏။ ပါး ယခု ပြဆခို သဲ့ ညအ့် တငိုး ရညှ်သောအဓနွ့်၏ အစမွ်း အားဖြင¤့် င်း တိေု သာကာ၏ အစွမ်းအားဖြင့်၎င်း ဤ ၉- သော အခြင်းအရာတို့ဖြင့် ဝင်လေ ထွက်လေတို့ကို သိသော ဤယောဂီကို ''ရှည်စွာ ရှူသွင်းလျှင်လည်း ရှည်စွာ ရှူသွင်းသည် ဟု သိသည်၊ ရှည်စွာ ရှူထုတ်လျှင်လည်း။ပ။ တိုစွာ ရှူသွင်းလျှင်လည်း ။ပ။ တိုစွာ ရှူထုတ်လျှင်လည်း တိုစွာ ရှူထုတ်သည် ဟု သိသည်''ဟူ၍ မှတ်ယူအပ်ပေသည်။ ဤဆိုခဲ့သည့်အတိုင်းသိသောထိုရဟ န်း၏ ရှည်သော တိုသောဝင်လေ ၂-ခုတို့နှင့်ထိုသို့သော အရှည်အတို ထွက်လေ ၂-ခု ဟူသော လေးမျိုး သောလေတို့သည် နှာသီးဖျား၌မူလည်း ဖြစ်လျက် (ထင်လျက်) ရှိကုန်၏ (အထက်နှုတ်ခမ်း၌မူလည်း ထင်လျက် ရှိကုန်၏)။
၂၂ဝ။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ။ပ။ ပဿသိဿာမီတိ သိက္ခတိ-ဟူရာ၌ အနက်ကား အလုံးစုံသော ဝင်လေအပေါင်း၏ အစ အလယ် အဆုံးကိုသိအောင် ထင်ရှားအောင်ပြုလျက် (ဝါ-ထင်ရှားစေလျက်-ထင်ရှားသိလျက်) ရှူသွင်းအံ့ဟု လေ့ကျင့်၏။ အလုံးစုံသော ထွက်လေ အပေါင်း၏ အစ အလယ် အဆုံးကို သိအောင် ထင်ရှားအောင် ပြုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ဤသို့သိအောင် ထင်ရှားအောင်ပြုလျက် ဉာဏ်နှင့်ယှဉ်သောစိတ်ဖြင့် ရှူ၍လည်းသွင်း၏ ရှူ၍ လည်း ထုတ်၏။ ထို့ကြောင့် ''ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်''ဟူ၍ ဆိုအပ်ပေသည်။ မှန်ပေ၏-တပါးသော ရဟန်း အား (များစွာသော ကလာပ်အပေါင်း ဖြစ်၍) အမှုန်အမွှား ရုပ်အပေါင်းဖြင့်ပြန့်သော ဝင်လေအပေါင်း၌သော်၎င်း ထွက်လေ အပေါင်း၌သော်၎င်း အစသာ ထင်ရှား၏၊ အလယ်နှင့်အဆုံးသည် မထင်ရှား၊ ထိုရဟန်းသည် အစကိုသာ သိမ်းဆည်း ရှုမှတ် ခြင်းငှါ စွမ်းနိုင်၏၊ အလယ်နှင့် အဆုံး၌ ပင်ပန်း၏။ (အခြား) ရဟန်းတပါးအား အလယ်သာ ထင်ရှား၏ အစနှင့်အဆုံးသည် မထင်ရှား (အခြား) ရဟန်းတပါးအား အဆုံးသာ ထင်ရှား၏၊ အစနှင့် အလယ်သည် မထင်ရှား၊ ထိုရဟန်းသည် အဆုံး ကိုသာလျှင် သိမ်းဆည်း ရှုမှတ်ခြင်းငှါ စွမ်းနိုင်၏၊ အစနှင့် အလယ်၌ ပင်ပန်း၏။ (အခြား) ရဟန်း တပါးအား အလုံးစုံပင် ထင်ရှား၏၊ ထိုရဟန်းသည် အလုံးစုံကိုပင် သိမ်းဆည်းရှုမှတ်ခြင်းငှါ စွမ်းနိုင်၏၊ တစုံတရာ၌မျှ မပင်ပန်း၊ ထိုသို့သော ပုဂ္ဂိုလ် ဖြစ်သင့်သည်ဟု ပြတော်မူလိုသောကြောင့် ''အလုံးစုံသော ဝင်လေအပေါင်းကို သိလျက် ရှူသွင်းအံ့ဟု ။ပ။ ရှူထုတ်အံ့ဟု လေ့ကျင့်၏'' ဟူ၍ ဟောတော်မူလေသည်။
[၂၆၆] ထိုစကားထဲ၌ သိက္ခတိ-(လေ့ကျင့်၏) ဟူသည်ကား (အလုံးစုံသော ဝင်လေ ထွက်လေ အပေါင်းကိုသိလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟူသော) ဤ အခြင်းအရာအားဖြင့် အားထုတ်၏ လုံ့လပြု၏။ တနည်းကား ထိုသို့ (ဝင်လေ ထွက်လေ အပေါင်း၏ အစ အလယ် အဆုံးကို သိအောင်ရှုနေခြင်း) သဘောရှိသော ရဟန်း၏ အကြင် သတိသံဝရ ဝီရိယ သံဝရသည် ရှိ၏၊ ဤသံဝရသည် ထိုသုံးပါးသော သိက္ခာတို့တွင် အဓိသီလ သိက္ခာပေတည်း။ ထိုသို့ သဘောရှိသော ရဟန်း၏ အကြင် စိတ်ကို ကောင်းစွာထားခြင်း-စိတ်သည် ကြည်ခြင်းဟူသော သမာဓိသည် ရှိ၏၊ ဤသမာဓိသည် အဓိစိတ္တသိက္ခာ ပေတည်း။ ထိုသို့ သဘောရှိသော ရဟန်း၏ အကြင်ပညာသည် ရှိ၏၊ ဤပညာသည် အဓိပညာသိက္ခာပေတည်း၊ ဤသို့အားဖြင့် သုံးပါး သော သိက္ခာတို့ကို ထိုဝင်လေ ထွက်လေအာရုံ၌ ထိုသတိဖြင့် ထိုနှလုံးသွင်းခြင်းဖြင့် လေ့ကျင့်၏ မှီဝဲ၏ ပွါးစေ၏ အကြိမ် များစွာ ပြု၏-ဟူ၍ ဤသို့သောအနက်ကို ဤ ''သိက္ခတိ- လေ့ကျင့်၏''ဟူသောပုဒ်၌ မှတ်အပ်ပေသည်။
(တည်ရာ ၁၆-ပါးရှိသော) ထိုဘာဝနာနည်းတို့တွင် (ရှူသွင်းသည်ဟု သိ၏၊ ရှူထုတ်သည်ဟု သိ ၏¼ဟု အရှည် အတိုနှင့် စပ်၍ဟောထားသော) ရှေးနည်း ၂-ပါး၌ သက်သက် ရှူသွင်းအပ်သည်သာလျှင် ရှူထုတ် အပ်သည်သာလျှင် ဖြစ်ပေ သည်၊ အခြားတပါးသော ပြုဖွယ် တစုံတခုမျှ မရှိပေ။ ဤတတိယနည်းမှ စ၍မူကား ဉာဏ်ကိုဖြစ်စေခြင်း စသည်တို့၌ အားထုတ်ခြင်းကို ပြုအပ်၏၊ ထို့ကြောင့် ထိုအရှည်+အတိုနှင့်စပ်၍ ဟောထားသော ပဌမ ဒုတိတနည်း ၂-ပါး၌ ရှူသွင်းသည် ဟု သိ၏၊ ရှူထုတ်သည်ဟု သိ၏'' ဟူ၍သာလျှင် ပစ္စုပ္ပန်ကာလ၏ အစွမ်းအားဖြင့် ဒေသနာအစဉ်ကို ဟောတော်မူပြီးလျှင် ဤတတိယနည်းမှစ၍ ပြုသင့်ပြုထိုက်သော ဉာဏ်ကို ဖြစ်စေခြင်း အစရှိသော အခြင်းအရာကို ပြခြင်းငှါ ''အလုံးစုံသော ဝင်လေ အပေါင်းကိုသိလျက် ရှူသွင်းအံ့'' ဤသို့အစရှိသော နည်းဖြင့် အနာဂတ်ကာလဟော ဝိဘတ်၏အစွမ်းအားဖြင့် ဒေသနာအစဉ်ကို တင်ထားတော်မူသည်ဟု သိအပ်ပေသည်။
ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ ။ပ။ ရှူထုတ်အံ့ဟု လေ့ကျင့်၏-ဟူရာ၌ အနက်ကား ရုန့်ရင်းသော (ဝင်လေ ထွက်လေဟူသော) ကာယသင်္ခါရကို ငြိမ်းစေလျက် တဖန်ငြိမ်းစေလျက် ချုပ်စေလျက် အထူးသဖြင့်ငြိမ်းစေလျက် ရှူ သွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ထိုစကားရပ်၌ ရုန့်ရင်းခြင်း သိမ်မွေ့ခြင်းကို၎င်း၊ ငြိမ်းခြင်းကို၎င်း ဤဆိုမည့်စကားဖြင့် သိအပ်၏။ ချဲ့၍ပြအံ့-ဤယောဂီရဟန်း၏ (သန္ထာန်)၌ ဝင်လေ ထွက်လေတို့ကို မသိမ်းဆည်းသေးမီ (မရှုမှတ်သေးမီ) ရှေး အခါက ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ခြင်းရှိလျက် ရုန့်ရင်းကုန်၏၊ ကိုယ်နှင့်စိတ်တို့၏ ရုန့်ရင်းမှု မငြိမ်းလျှင် ဝင်လေ ထွက်လေတို့သည်လည်း ရုန့်ရင်းကုန်၏၊ အလွန်အားကြီးစွာ ဖြစ်ကုန်လျက် ဝင်ကုန် ထွက်ကုန်၏၊. နှာခေါင်းပေါက် မဆန့်ပဲ ရှိတတ်၏၊ ခံတွင်းဖြင့် ရှူသွင်းလျက် ရှူထုတ် လျက်သော်လည်း တည်တတ်၏။ အကြင်အခါ၌မူ ထိုရဟန်း၏ ..ကိုယ်နှင့် စိတ်တို့သည် သိမ်းဆည်းအပ်ပြီး ဖြစ်ကုန်၏၊. ထိုအခါ၌ ထိုကိုယ်နှင့်စိတ်တို့သည် ငြိမ်သက်ကုန်၏။ အထူးသဖြင့် ငြိမ်သက် ကုန်၏။ ထိုကိုယ်နှင့်စိတ်တို့ ငြိမ်သက်ကုန်လတ်သော် ဝင်လေ ထွက်လေတို့သည် သိမ်မွေ့စွာ ဖြစ်ကုန်လျက် ဝင်ကုန် ထွက်ကုန်၏၊ ''(ဝင်လေ ထွက်လေ) ရှိလေသလော မရှိလေသလော''ဟု စူးစမ်းဆင်ခြင်အပ်သည့် အခြေအနေသို့ ရောက်ကုန်၏။
ဥပမာဖြင့် ပြရလျှင် ပြေးပြီး၍သော်၎င်း၊ တောင်မှ ဆင်းလာပြီး၍သော်၎င်း၊ (သယ်ယူလာခဲ့သည့်) ဝန်ထုပ်ကြီးကို ခေါင်းပေါ်မှ ချပြီး၍သော်၎င်း တည်နေသော ယောက်ျားအား ရုန့်ရင်းကုန်သော ဝင်လေ ထွက်လေတို့သည် ဖြစ်ကုန်၏၊ နှာခေါင်းပေါက်သည် မဆန့်ပဲရှိ၏၊ ခံတွင်းဖြင့် ရှူသွင်းလျက် ရှူထုတ်လျက်သော်လည်း တည်၏။ အကြင်အခါ၌မူ ထို ယောက်ျားသည် ထိုမောပန်းခြင်းကို ပယ်ဖျောက်ပြီးနောက် ရေချိုးရေသောက်ပြီးလျှင် စိုသောအဝတ်ကို ရင်၌တင်ထား၍ အေးမြသော အရိပ်၌ လျောင်းနေ၏၊ ထိုအခါ ထိုသူ၏ [၂၆၇] ထိုဝင် လေ ထွက်လေတို့သည် သိမ်မွေ့ကုန်၏၊ ''ရှိလေ သလော မရှိလေသလော''ဟု စူးစမ်းဆင်ခြင်အပ်သည့် အခြေအနေသို့ ရောက်ကုန်သကဲ့သို့ ထို့အတူပင် ဤယောဂီရဟန်း၏ (သန္တာန်၌) ဝင်လေ ထွက်လေတို့ကို မသိမ်းဆည်းသေးမီ ရှေးအခါက ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ခြင်းရှိလျက် ရုန့်ရင်းကုန်၏၊ ကိုယ်နှင့်စိတ်တို့၏ ရုန့်ရင်းမှုမငြိမ်းလျှင် ဝင်လေ ထွက်လေတို့သည်လည်း ရုန့်ရင်းကုန်၏၊ အလွန်အားကြီး စွာ ဖြစ်ကုန်လျက် ဝင်ကုန် ထွက်ကုန်၏၊ နှာခေါင်းပေါက်မဆန့်ပဲ ရှိတတ်၏၊ ခံတွင်းဖြင့် ရှူသွင်းလျက် ရှူထုတ်လျက်သော် လည်း တည်၏။ အကြင်အခါ၌မူ ထိုရဟန်း၏ ကိုယ်နှင့် စိတ်တို့သည် သိမ်းဆည်းအပ်ပြီး ဖြစ်ကုန်၏ ထိုအခါ၌ ထိုကိုယ်နှင့် စိတ်တို့သည် ငြိမ်သက်ကုန်၏ အထူးသဖြင့် ငြိမ်သက်ကုန်၏၊ ထိုကိုယ်နှင့်စိတ် ငြိမ်သက်ကုန်လတ်သော် ဝင်လေ ထွက်လေ တို့သည် သိမ်မွေ့စွာဖြစ်ကုန်လျက် ဝင်ကုန် ထွက်ကုန်၏၊ ''ရှိလေသလော မရှိလေသလော''ဟု စူးစမ်းဆင်ခြင်အပ်သည့် အခြေအနေသို့ ရောက်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း?ဤယောဂီရဟန်းမှာ ဝင်လေ ထွက်လေတို့ကို မသိမ်းဆည်းသေးမီ ရှေးအခါက ''ရုန့်ရင်းကုန် ရုန့်ရင်းကုန်သော ကာယသင်္ခါရတို့ကို ငြိမ်းစေမည်''ဟု ရည်ရွယ်ခြင်း ကြံ စည်ခြင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း မရှိသေး၊ သိမ်းဆည်းသော ကာလ၌မူ ရှိ၏၊ ထို့ကြောင့် ဤယောဂီ ရဟန်းမှာ မသိမ်း ဆည်းသေးမီ ကာလထက် သိမ်းဆည်းသောကာလ၌ ကာယသင်္ခါရသည် သိမ်မွေ့ပေသည်။ ထို့ကြောင့် ရှေးဆရာတို့သည်- ''ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ခြင်းရှိလျက် လွန်ကဲသော ဝင်လေ ထွက်လေသည် ဖြစ် ၏၊ ကိုယ်သည်၎င်း၊ (စိတ်သည်၎င်း) ပူပန်ခြင်းမရှိလျှင် သိမ်မွေ့သော ဝင်လေ ထွက်လေသည် ကောင်းစွာ ဖြစ်၏''ဟု ဆိုကြပေသည်။
၂၂၁။ သိမ်းဆည်းသောအခါ၌လည်း ရုန့်ရင်းသေး၏၊ ပဌမဈာန်၏ ဥပစာ၌ သိမ်မွေ့၏၊ ထိုပဌမ ဈာန်၏ ဥပစာ၌ လည်း ရုန့်ရင်းသေး၏၊ ပဌမဈာန်၌ သိမ်မွေ့၏။ ပဌမဈာန်၌၎င်း၊ ဒုတိယဈာန်၏ ဥပစာ၌၎င်း ရုန့်ရင်းသေး၏၊ ဒုတိယဈာန်၌ သိမ်မွေ့၏။ ဒုတိယဈာန်၌၎င်း၊ တတိယဈာန်၏ ဥပစာ၌၎င်း ရုန့်ရင်းသေး၏၊ တတိယဈာန်၌သိမ်မွေ့၏။ တတိယဈာန်၌၎င်း၊ စတုတ္ထဈာန်၏ ဥပစာ၌၎င်း ရုန့်ရင်းသေး၏၊ စတုတ္ထဈာန်၌ အလွန်သိမ်မွေ့၏ မဖြစ်ခြင်း မရှိခြင်းသို့သာလျှင် ရောက်လေ၏။ ဤသည်ကား ဒီဃနိကာယ်ဆောင် သံယုတ္တနိကာယ်ဆောင် ဆရာတို့၏ အလိုပေတည်း။
မဇ္ဈိမနိကာယ်ဆောင် ဆရာတို့သည်ကား ပဌမဈာန်၌ ရုန့်ရင်း၏၊ ဒုတိယဈာန်၏ဥပစာ၌ သိမ်မွေ့၏-ဤသို့ စသည်ဖြင့် အောက်အောက်ဈာန်ထက် အထက်အထက်ဈာန်၏ ဥပစာ၌လည်း သာ၍ သိမ်မွေ့သည်ကို အလိုရှိကုန်၏။ အချုပ် အားဖြင့်မူကား နိကာယ်ဆောင် ဆရာအားလုံးတို့၏ပင် အလိုအားဖြင့် မသိမ်းဆည်းသေးမီ ကာလ၌ ဖြစ်သော ကာယသင်္ခါရ သည် သိမ်းဆည်းသောကာလ၌ ငြိမ်း၏၊ သိမ်းဆည်းဆဲ (ရှေ့ပိုင်း)ကာလ၌ ဖြစ်သော ကာယသင်္ခါရသည် ပဌမဈာန်၏ ဥပစာ၌ ငြိမ်း၏၊ ပဌမဈာန်၏ ဥပစာ၌ ဖြစ်သော ကာယသင်္ခါရသည် ပဌမဈာန်၌ ငြိမ်း၏။ပ။ စတုတ္ထဈာန်၏ ဥပစာ၌ ဖြစ်သော ကာယသင်္ခါရသည် စတုတ္ထဈာန်၌ ငြိမ်း၏။ ဤသည်ကား ရှေးဦးစွာ သမထအရာ၌ (ငြိမ်းပုံကို) သိကြောင်း နည်းပေတည်း။
ဝိပဿနာအရာ၌ (သိကြောင်းနည်း)ကား မသိမ်းဆည်းသေးမီ၌ ဖြစ်သော ကာယသင်္ခါရသည် ရုန့်ရင်း၏၊ မဟာ ဘုတ်တို့ကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏။ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ ဥပါဒါရုပ်တို့ကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏၊ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်အားလုံးကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏။ ၎င်းသည်လည်း ရုန့်ရင်း သေး၏၊ နာမ်ကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏။ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်နာမ်နှစ်ပါးကို သိမ်းဆည်းသော အခါ၌ သိမ်မွေ့၏၊ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ အကြောင်းကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏၊ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ အကြောင်းနှင့်တကွ နာမ်ရုပ်တို့ကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏။ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ အနိစ္စ ဒုက္ခ အနတ္ထ လက္ခဏာကို သိမြင်သော ဝိပဿနာ၌ သိမ်မွေ့၏။ ၎င်းသည်လည်း အားနည်းသော ဝိပဿနာ၌ ရုန့်ရင်း သေး၏၊ အားကြီးသော (ဗလဝ) ဝိပဿနာ၌ သိမ်မွေ့၏။ ထိုသို့ အဆင့်ဆင့် သိမ်မွေ့ရာ၌ ရှေးသမထအရာမှာ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် [၂၆၈] နောက်နောက် သိမ်မွေ့သော ကာယသင်္ခါရဖြင့် ရှေးရှေးရုန့်ရင်းသော ကာယသင်္ခါရ၏ ငြိမ်းခြင်းကို သိအပ်၏။ (ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက်ဟူသော) ဤစကားရပ်၌ ရုန့်ရင်းခြင်း သိမ်မွေ့ခြင်းကို၎င်း၊ ငြိမ်း ခြင်းကို ၎င်း ယခုပြဆိုခဲ့သည့်အတိုင်းပင် သိအပ်ပေသည်။
ပဋသိ မဒ္ဘိါမဂပ်ါဠိတော်၌ ကား (ရနု့်ရင်း သော ကာယသခါင်္ ရကို ငြမိး စေလျက-် ဟူသော) ဤပဒု၏ အနကကို၁ (အပြစ်ပြလျက် မေးခြင်းဟူသော) စောဒနာ (ဖြေရှင်းသုတ်သင်ခြင်း ဟူသော) သောဓနာတို့နှင့်တကွ အောက်ပါအတိုင်း မိန့်ဆိုထားလေသည်-
''အဘယ်သို့ ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု ။ပ။ ရှူထုတ်အံ့ဟု လေ့ကျင့် သနည်း။ ကာယသင်္ခါရတို့ ဟူသည် အဘယ်သည်တို့နည်း။ ရှည်သော ဝင်လေ ထွက်လေတို့သည် ကိုယ်၌ ဖြစ်ကုန်၏၊ ဤဝင်လေ ထွက်လေ တရားတို့သည် ကိုယ်နှင့်စပ်၍ ဖြစ်ကြသောကြောင့် ကာယ သင်္ခါရ မည်ကုန်၏၊ ထို ကာယသင်္ခါရတို့ကို ငြိမ်းစေလျက် ချုပ်စေလျက် အထူးသဖြင့် ငြိမ်းစေလျက် လေ့ကျင့်၏။ [တိုသော ဝင်လေ ထွက်လေတို့သည်။ပ။ အလုံးစုံသော ဝင်လေ ထွက်လေ အပေါင်းကို သိလျက် (ဟု ဟောထားသော) ဝင်လေ ထွက်လေတို့သည် ကိုယ်၌ဖြစ်ကုန်၏၊ ဤ ဝင်လေထွက်လေ တရားတို့သည် ကိုယ်နှင့်စပ်၍ ဖြစ်ကြသောကြောင့် ကာယသင်္ခါရ မည်ကုန်၏၊ ထိုကာယသင်္ခါရတို့ ကို ငြိမ်းစေလျက် ချုပ်စေလျက် အထူးသဖြင့် ငြိမ်းစေလျက် လေ့ကျင့်၏။] အကြင်သို့သော ဝင်လေ ထွက်လေ ကာယသင်္ခါရတို့ကြောင့် ကိုယ်၏ (အာနမနာ) ရှေ့သို့ညွတ်ခြင်း (ဝိနမနာ) ဘေးသို့ညွတ် ခြင်း (သန္နမနာ) ထက်ဝန်းကျင် ညွတ်ခြင်း (ပဏမနာ) နောက်သို့ညွတ်ခြင်း (ဣဉ္ဇနာ) တုန်ခြင်း (ဖန္ဒနာ) လှုပ်ခြင်း (စလနာ) ရွေ့ရှားခြင်း (ကမ္ပနာ) တုန်လှုပ်ခြင်း (ဖြစ်၏)၊ ထိုသို့သော ကာယ သင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏၊ ထိုသို့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ အကြင်သို့သော ကာယသင်္ခါရ တို့ကြောင့် ကိုယ်၏ရှေ့သို့ ညွတ်ခြင်းမဖြစ် ဘေးသို့ ညွန်ခြင်းမဖြစ် ထက်ဝန်းကျင် ညွတ်ခြင်းမဖြစ် နောက်သို့ ညွန်ခြင်းမဖြစ် မတုန်မလှုပ် မရွေ့ရှား မတုန်လှုပ်၊ ထိုသို့သော ငြိမ်သက်သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏ ။ပ။ ရှူထုတ်အံ့ဟု လေ့ကျင့်၏။
ယခု ပြဆိုခဲ့သည့်အတိုင်း အလွန့်အလွန် သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု အကယ်၍ လေ့ကျင့်ငြားအံ့၊ အလွန့်အလွန်သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူထုတ်အံ့ဟု အကယ်၍ လေ့ကျင့်ငြားအံ့၊ သို့ဖြစ်လျှင် ဝင်လေ ထွက်လေကို ရသောစိတ်ကို ပွါးစေခြင်း လည်းမဖြစ်၊ ဝင်လေ ထွက်လေတို့ကို ပွါးစေခြင်းလည်းမဖြစ်၊ ဝင်လေ ထွက်လေကို အမှတ်ရမှု အာနာပါနဿတိကို ပွါးစေခြင်းလည်း မဖြစ်၊ အာနာပါနဿတိနှင့် ယှဉ်သော သမာဓကို ပွါးစေခြင်း လည်း မဖြစ်၊ ထိုဆိုခဲ့သော အာနာပါနသမာပတ်ကို ပညာရှိတို့သည် ဝင်စားနိုင်ကုန်သည်လည်းမရှိရာ၊ ထို သမာပတ်မှ ထကုန်သည်လည်း မရှိရာ၊ (ဤကား စောဒနာတည်း)။
ယခု ပြဆိုခဲ့သည့်အတိုင်း အလွန့်အလွန် သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု .... ရှူထုတ်အံ့ဟု အကယ်၍ လေ့ကျင့်ငြားအံ့၊ သို့ဖြစ်လျှင် ဝင်လေ ထွက်လေကိုရသော စိတ်ကို ပွါးစေခြင်းလည်း ဖြစ်ပေ၏၊ ဝင်လေ ထွက်လေတို့ကို ပွါးစေခြင်းလည်း ဖြစ်ပေ၏၊ ဝင်လေ ထွက်လေကို အမှတ်ရမှု-အာနာပါနဿတိကို ပွါးစေခြင်းလည်း ဖြစ်ပေ၏၊ အာနာပါ နဿတိနှင့် ယှဉ် သော သမာဓိကို ပွါးစေခြင်းလည်း ဖြစ်ပေ၏၊ ထိုဆိုခဲ့သော အာနာပါနသမာပတ်ကို ပညာရှိတို့သည် ဝင်စားလည်း ဝင်စားနိုင်ကုန်၏၊ ထိုသမာပတ်မှ ထလည်း ထကုန်၏။ အဘယ်ကဲ့သို့နည်း?ဟူမူကြေး ခွက်ကို တီးခေါက်လိုက်လျှင် ရုန့်ရင်းပြင်းထန်သော အသံတို့သည် ဖြစ်ကုန်၏၊ ရုန့်ရင်း ပြင်းထန်သော အသံတို့၏ နိမိတ်ကို ကောင်းစွာ ယူထားခြင်း ကောင်းစွာ နှလုံးသွင်းထားခြင်း ကောင်းစွာ မှတ်ထားခြင်းကြောင့် ရုန့်ရင်း ပြင်းထန်သော အသံ ချုပ်သွားသော်လည်း ထို့နောင် [၂၆၉] သိမ်မွေ့သော အသံတို့သည် (နား၌ ကြားရ လျက်) မပြတ် ဖြစ်နေကုန်၏၊ သိမ်မွေ့သော အသံတို့၏ နိမိတ်ကို ကောင်းစွာ ယူထားခြင်း ကောင်းစွာ နှလုံးသွင်းထားခြင်း ကောင်းစွာ မှတ်ထားခြင်းကြောင့် သိမ်မွေ့သော အသံချုပ်သွားသော်လည်း ထို့နောင် (ဖြစ်ပေါ်လာသာ သာ၍) သိမ်မွေ့သော အသံလျှင် အာရုံရှိသော စိတ်သည်လည်း မပြတ်ဖြစ်နေသကဲ့သို့ ထို့အတူပင် ရှေးဦးစွာရုန့်ရင်းသော ဝင်လေ ထွက်လေ တို့သည် ဖြစ်ကုန်၏၊ ရုန့်ရင်းသော ဝင်လေ ထွက်လေတို့၏ နိမိတ်ကို ကောင်းစွာယူထား ခြင်း ကောင်းစွာ နှလုံးသွင်းထားခြင်း ကောင်းစွာ မှတ်ထားခြင်းကြောင့် ရုန့်ရင်းသော ဝင်လေ ထွက် လေ ချုပ်သွားသော်လည်း ထို့နောင် သိမ်မွေ့သော ဝင်လေ ထွက်လေတို့သည် (ရှူသော ဘာဝနာစိတ်၌ ထင်ရှားလျက်) မပြတ် ဖြစ်ကုန်၏၊ သိမ်မွေ့သော ဝင်လေ ထွက်လေတို့၏ နိမိတ်ကို ကောင်းစွာယူ ထားခြင်း ကောင်းစွာ နှလုံးသွင်းထားခြင်း ကောင်းစွာမှတ်ထားခြင်းကြောင့် သိမ်မွေ့သော ဝင်လေ ထွက်လေချုပ်သွားသော်လည်း ထို့နောင် (ဖြစ်ပေါ်လာသော သာ၍) သိမ်မွေ့သော ဝင်လေ ထွက်လေ နိမိတ်လျှင် အာရုံရှိသော စိတ်သည်လည်း (မပြတ်ဖြစ်ပေ၏) ပျံ့လွင့်ခြင်းသို့မရောက်ပေ။ သို့ဖြစ်လျှင် (ဝါ-သို့ဖြစ်သောကြောင့်) ဝင်လေ ထွက်လေကို ရသောစိတ်ကို ပွါးစေခြင်းသည် လည်း ဖြစ်ပေ၏၊ ဝင်လေ ထွက်လေတို့ကို ပွါးစေခြင်းသည်လည်း ဖြစ်ပေ၏၊ ဝင်လေ ထွက်လေကို အမှတ်ရမှု အာနာပါနဿတိကို ပွါးစေခြင်းသည်လည်း ဖြစ်ပေ၏၊ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ပွါးစေခြင်းသည်လည်း ဖြစ်ပေ၏၊ ထိုဆိုခဲ့သော အာနာပါန သမာပတ်ကို ပညာရှိ တို့သည် ဝင်စားလည်း ဝင်စားနိုင်ကုန်၏၊ ထိုသမာပတ်မှ ထလည်း ထ,ကုန်၏။ ကာယသင်္ခါရကို ငြိမ်းစေလျက် (ဟု ဟောထားသော) ဝင်လေ ထွက်လေတို့သည် ကာယပေတည်း၊ ထင်ခြင်း အမှတ်ရခြင်းသည် သတိ ပေတည်း၊ ရှုခြင်းသည် ဉာဏ်ပေတည်း။ ကာယသည် သတိ၏ထင်ရာဖြစ်သောကြောင့် ဥပဋ္ဌာနသာ မည်၏၊ (အမှတ်ရမှု မဟုတ်သောကြောင့်) သတိကားမမည်။ သတိသည်ကား ထင်တတ် အမှတ်ရ တတ်သောကြောင့် ဥပဋ္ဌာနလည်း မည်၏ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုဝင်လေ ထွက်လေအပေါင်း ကာယကို အဖန်ဖန်ရှု၏။ ထို့ကြောင့် ကာယ၌ ကာယကို ရှုသော (ဝါ-ကာယဟု ရှုသော) သတိပဋ္ဌာန် ဘာဝနာဟု ဆိုအပ်ပေသည်''ဟူ၍ ပေတည်း။ (ဤကား ပဋိသမ္ဘိဒါမဂ်) ယခု ဆိုခဲ့သော စကားသည် ဤအာနာပါနဿတိကမ္မဋ္ဌာန်း၌ ကာယာနုပဿနာ အလိုအားဖြင့် ဟောထားသော ပဌမ စတုက္က၏ အစဉ်အတိုင်း ပုဒ်တို့ကို ဖွင့်ပြခြင်းပေတည်း။
အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံ
၂၂၂။ ပုဒ်အဖွင့်မှတပါး အားထုတ်ပုံကို ပြဆိုအံ့-(ထုတ်ပြခဲ့သော ၁၆-ပါးသော တည်ရာရှိသော) ထိုဒေသနာတော်၌ ဤပဌမစတုက္ကကိုသာလျှင် အားထုတ်ခါစ ပုဂ္ဂိုလ်၏ ကမ္မဋ္ဌာန်းအဖြစ်ဖြင့် ဟောတော်မူပေသည်၊ အခြား စတုက္ကသုံးခုတို့ကို မူကား ဤပဌမစတုက္က၌ ဈာန်ရပြီးသော ပုဂ္ဂိုလ်၏ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာတို့ အလိုအားဖြင့် ဟောတော်မူပေသည်၊ ထို့ကြောင့် ဤအာနာပါနကမ္မဋ္ဌာန်းကို ပွါးစေပြီးလျှင် အာနာပါနစတုတ္ထဈာန်ကို အခြေခံပြုကာ ဝိပဿနာရှု၍ ပဋိသမ္ဘိဒါဉာဏ်တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လိုသော အားထုတ်ခါစ အမျိုးကောင်းသားသည် ရှေး၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် သီလကို စင်ကြယ်စေခြင်း အစရှိကုန်သော အလုံးစုံသော ကိစ္စတို့ကို ပြုပြီးလျှင် ဆိုခဲ့ပြီးသော ဂုဏ် အပြားရှိသော ဆရာ၏ထံ၌ ငါးပိုင်း ငါးပုံရှိသော ကမ္မဋ္ဌာန်းကို သင်ယူအပ်ပေသည်။
[၂၇ဝ] ထိုစကားရပ်၌ ငါးပိုင်း ငါးပုံတို့ ဟူသည်မှာ (၁) သင်ယူခြင်း၊ (၂) မေးမြန်းခြင်း၊ (၃) ထင်ခြင်း၊ (၄) အပြီး အဆုံးရောက်ခြင်း၊ (၅) မှတ်သားခြင်း-ဟူသော ဤ ငါးပါးတို့ပေတည်း။ ထိုတွင် (၁) သင်ယူခြင်းမည်သည်မှာ ကမ္မဋ္ဌာန်း အားထုတ်ပုံနည်းကို နှုတ်တက် သင်ယူခြင်းပေတည်း။ (၂) မေးမြန်းခြင်း မည်သည်မှာ ကမ္မဋ္ဌာန်း၏အနက် အဓိပ္ပါယ်ကို မေးမြန်း ခြင်း ပေတည်း ။ (၃) ထင်ြခင်း မည်သ ညမှ်ာ ကမဋ္ဌ္မာန်း အာရုံ နမိ တိ၏ ထငပ်ေုံ ပတည်း ။ (၄) အပြီး အဆုးံ ရောက်ြခင်း မည်သည်မှာ ကမ္မဋ္ဌာန်းဘာဝနာ၏ အပြီးအဆုံးသို့ ရောက်ခြင်း-ဈာန်ရခြင်းပေတည်း။ (၅) မှတ်သားခြင်းမည်သည်မှာ ကမ္မဋ္ဌာန်းကို မှတ်သားခြင်းပေတည်း၊ ''ဤကမ္မဋ္ဌာန်းသည် ဤသို့သော သဘောလက္ခဏာရှိသည်ဟု ကမ္မဋ္ဌာန်း၏ သဘောကို မှတ်သားခြင်း''ဟူ၍ ဆိုလိုပေသည်။
ဤသို့ ငါးပိုင်း ငါးပုံရှိသော ကမ္မဋ္ဌာန်းကို (ဝါ-ကမ္မဋ္ဌာန်းကို ငါးပိုင်း ငါးပုံပြု၍) သင်ယူလျှင် မိမိကိုယ်တိုင်လည်း မပင်ပန်း၊ ဆရာကိုလည်း မပင်ပန်းစေ၊ ထို့ကြောင့် အနည်းငယ် ရွတ်ပြစေပြီးလျှင် များစွာသော ကာလပတ်လုံး ပြန်လှည့် ရွတ်ဆို၍ ဤပုံ ဤနည်းဖြင့် ငါးပိုင်း ငါးပုံရှိသော ကမ္မဋ္ဌာန်းကို နှုတ်တက် သင်ယူပြီးနောက် ဆရာ၏ထံ၌ဖြစ်စေ အခြား အရပ်၌ ဖြစ်စေ ရှေး၌ ပြဆိုခဲ့ပြီးသော အင်္ဂါအပြားရှိသော ကျောင်း၌ နေလျက် ပလိဗောဓ အငယ်များကို ဖြတ်ပယ်ပြီးလျှင် ဆွမ်းစားပြီးသောအခါ ဆွမ်းဆီယစ်ခြင်းကို ပယ်ဖျောက်၍ ချမ်းသာစွာ ထိုင်နေလျက် ရတနာသုံးပါး၏ ဂုဏ်ကို အောက်မေ့ ဆင်ခြင်ခြင်းဖြင့် စိတ်ကို ရွှင်လန်းစေပြီးလျှင် ဆရာ့ထံမှ သင်ယူခဲ့သော ကမ္မဋ္ဌာန်း အစီအရင်မှ တပုဒ်မျှကိုသော်လည်း မတွေ ဝေပဲ ဤအာနာပါနဿတိကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်ပေသည်။
၂၂၃။ ထိုသို့နှလုံးသွင်းရာ၌ ယခုဆိုမည့်စကားသည် နှလုံးသွင်းပုံ အစီအရင်ပေတည်း။
(ဂဏနာ) ရေတွက်ခြင်း၊ (အနုဗန္ဓနာ) အစဉ် လိုက်ခြင်း၊ (ဖုသနာ) ထိရာ၊ (ဌပနာ)ထားခြင်း၊ (သလ္လက္ခဏာ) ကောင်းစွာမှတ်ခြင်း၊ (ဝိဝဋ္ဋနာ) နစ်ခြင်း၊ (ပါရိသုဒ္ဓိ) ထက်ဝန်းကျင် စင်ကြယ်ခြင်း၊ (တေသဉ္စ ပဋိပဿနာ) ၎င်းတို့ကို တဖန် ရှုခြင်း။ ဤကား ခေါင်းစဉ်ဂါထာ)
ထိုဂါထာ၌ ဂဏနာ-ဟူသည်ကား ရေတွက်ခြင်းပင်တည်း။ အနုဗန္ဓနာ-ဟူသည်ကား အစဉ်လိုက်၍ အမှတ်သတိကို ဆောင်ခြင်း-ဖြစ်စေခြင်းပေတည်း။ ဖုသနာ-ဟူသည်ကား ထိရာဋ္ဌာနပေတည်း။ ဌပနာ-ဟူသည်ကား ဈာန်စိတ်ကို ထားခြင်း- ဈာန်သို့ ရောက်ခြင်းဟူသော အပ္ပနာပေတည်း။ သလ္လက္ခဏာ-ကောင်းစွာ မှတ်ခြင်းဟူသည်ကား ဝိပဿနာပေတည်း။ ဝိဝဋ္ဋနာ -နစ်ခြင်းဟူသည်ကား (သင်္ခါရအာရုံမှ နစ်သော) မဂ်ပေတည်း။ ပါရိသုဒ္ဓိ-ဟူသည်ကား ဖိုလ်ပေတည်း။ ၎င်းတို့ကို တဖန် ရှုခြင်း ဟူသည်ကား မဂ်ဖိုလ်တို့ကို ပြန်လည် ဆင်ခြင်မှု ပစ္စဝေက္ခဏာ ပေတည်း။
ထိုတွင် အားထုတ်ခါစဖြစ်သော ဤအမျိုးသားသည် ရှေးဦးစွာ ရေတွက်ခြင်းဖြင့် ဤကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏။ ရေတွက်သောအခါ၌လည်း ငါးခုတို့၏ အောက်၌ မထားရာ၊ ဆယ်ခုတို့၏ အထက်သို့ မဆောင်ရာ၊ အကြား၌ ကျိုးခြင်း ပြတ်ခြင်းကို မပြရာ။ အပြစ်ကား ငါးခုတို့၏ အောက်၌ထားလျှင် ကျဉ်းမြောင်းသော အရေအတွက်ဟူသော အရာ၌ စိတ်ဖြစ် ခြင်းသည် တုန်လှုပ်၏၊ ကျဉ်းမြောင်းသော နွားခြံထဲ၌ ပိတ်လှောင်ထားသော နွားအပေါင်းကဲ့သို့ပင်တည်း၊ ဆယ်ခုတို့၏ အထက်သို့ ဆောင်လျှင် စိတ်ဖြစ်ခြင်းသည် ရေတွက်ခြင်းကိုသာ မှီလျက်ရှိ၏။ အကြား၌ ကျိုးခြင်း ပြတ်ခြင်းကို ပြလျှင် ''ငါ၏ကမ္မဋ္ဌာန်းသည် အထွတ်အထိပ် အဆုံးသို့ ရောက်လေသလော မရောက်လေသလော''ဟု စိတ်သည် တုန်လှုပ်တတ်၏။ ထို့ကြောင့် ထိုအပြစ်တို့ကို ကြဉ်ရှောင်၍ ရေတွက် အပ်ပေသည်။
ရေတွက်သောအခါ၌လည်း ရှေးဦးစွာ စပါးခြင်သူ၏ ရေတွက်ခြင်းမျိုးဖြစ်သော နှေးနှေးရေတွက်ခြင်းဖြင့် ရေတွက် အပ်၏။ ချဲ့၍ပြအံ့-စပါးခြင်သော သူသည် တင်းတောင်းကို ပြည့်စေပြီးလျှင် တတင်းဟုဆို၍ လောင်း၏။ တဖန် တင်း တောင်းကို ပြည့်စေစဉ် တစုံတခုသော အမှိုက်ကိုမြင်၍ ထိုအမှိုက်ကို ဖယ်ထုတ်ပစ်သော်လည်း တတင်း တတင်းဟူ၍သာ ဆိုနေ၏။ နှစ်တင်း နှစ်တင်း စသည်တို့၌လည်း ဤနည်းပင်တည်း။ ထို့အတူပင် ဤယောဂီသည်လည်း ဝင်လေ ထွက်လေ တို့တွင် အကြင်လေသည် ထင်ပေါ်၏၊ [၂၇၁] ထိုလေကို ယူ၍ တစ် တစ်မှစ၍ တဆယ် တဆယ်တိုင်အောင် ဖြစ်တိုင်း ဖြစ်တိုင်းသော ဝင်လေ ထွက်လေကို မှတ်လျက်သာလျှင် ရေတွက်အပ်၏။ ဤသို့ ရေတွက်နေလျှင် ထိုယောဂီအား ဝင်ကုန် ထွက်ကုန်သော ဝင်လေ ထွက်လေတို့သည် ထင်ရှားကုန်၏။
ထိုအခါ စပါးခြင်သူ၏ ရေတွက်ခြင်းမျိုးဖြစ်သော နှေးနှေးရေတွက်ခြင်းကို ပယ်၍ နွားကျောင်းသ္မား၏ ရေတွက်ခြင်း မျိုးဖြစ်သော မြန်မြန်ရေတွက်ခြင်းဖြင့် ရေတွက်အပ်၏။ ချဲ့၍ပြအံ့-ကျွမ်းကျင်သော နွားကျောင်းသ္မားသည် ကျောက်စရစ် စသည်တို့ကို ခါးပိုက်ဖြင့် ယူခဲ့၍ ကြိုးနှင့် ဝါးရင်းဒုတ်ကို လက်ဖြင့် ကိုယ်လျက် နံနက် စောစောကပင် ခြံသို့သွား၍ နွားတို့ကို ကျောက်ကုန်း၌ ပုတ်ခတ်ကာ တံခါးတိုင်ထိပ်၌ ထိုင်လျက် တံခါးဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော နွားကိုသာလျှင် ကျောက်စရစ်ဖြင့် ပစ်ခတ်၍ တစ် နှစ်စသည်ဖြင့် ရေတွက်၏၊ ကျဉ်းမြောင်းသော အရပ်၌ တညဥ့်လုံး ဆင်းရဲစွာနေရသော နွား အပေါင်းသည် ထွက်လတ် ထွက်လတ်သော် အချင်းချင်း တိုးဝှေ့ပွတ်တိုက်လျက် လျင်စွာလျင်စွာ အစုလိုက်အစုလိုက်ထွက်၏၊ ထိုနွားကျောင်းသ္မားသည် ''သုံး လေး ငါး တဆယ်''စသည်ဖြင့် လျင်စွာ လျင်စွာ ရေတွက်သည်သာလျှင်တည်း။ ထို့အတူပင် ဤယောဂီမှာလည်း ရှေး၌ပြခဲ့သော အနှေးနည်းဖြင့် ရေတွက်နေစဉ် ဝင်လေ ထွက်လေတို့သည် ထင်ရှားဖြစ်ကုန်လျက် လျင်စွာလျင်စွာ အဖန်ဖန် ဝင်ကုန် ထွက်ကုန်၏၊ ထိုအခါ ဤယောဂီသည် ''အဖန်ဖန် ဝင်ကုန် ထွက်ကုန်သည်''ဟု သိသဖြင့် အတွင်း၌၎င်း၊ အပြင်၌၎င်း မယူမူ၍ နှာသီးဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော ဝင်လေ ထွက်လေကိုသာလျှင် ယူလျက် ''တစ် နှစ် သုံး လေး ငါး၊ တစ် နှစ် သုံး လေး ငါး ခြောက်၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ်၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ်၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တဆယ်''ဟု လျင်စွာ လျင်စွာ ရေတွက်အပ်သည်သာလျှင်တည်း။ မှန်ပေ၏-ရေတွက်ခြင်းနှင့်စပ်သော ကမ္မဋ္ဌာန်း၌ ရေ တွက်ခြင်း၏ အားစွမ်းဖြင့်ပင်လျှင် စိတ်သည် တခုတည်းသော အာရုံရှိလျက် တည်ကြည်ပေ၏၊ ဥပမာ ရေစီးသန်သော ရေ ယာဉ်၌ ထိုးဝါးအကူအညီ၏ အစွမ်းဖြင့် လှေ၏ ရပ်တည်ခြင်းကဲ့သို့ပင်တည်း။
ဤသို့ လျင်စွာ လျင်စွာ ရေတွက်နေသော ထိုယောဂီအား ကမ္မဋ္ဌာန်း အာရုံသည် အခြားမရှိပဲ မပြတ်ဖြစ် နေသကဲ့သို့ ဖြစ်လျက် ထင်ပေါ်၏။ ထိုအခါ ''အခြားမရှိပဲ မပြတ်ဖြစ်နေသည်''ဟု သိပြီးလျှင် အတွင်းသို့ ဝင်သွားသော လေကို၎င်း၊ အပြင်သို့ ထွက်သွားသော လေကို၎င်း နှလုံးမသွင်း-မသိမ်းဆည်းမူ၍ ရှေးနည်းဖြင့်ပင် လျင်စွာ လျင်စွာ ရေတွက်အပ်၏။ မှန်ပေ၏-အတွင်းသို့ ဝင်သွားသောလေနှင့်အတူ စိတ်ကိုဝင်စေလျှင် ကိုယ်တွင်း အရပ်သည် လေဖြင့် ခတ်အပ်-ကားစေအပ် သကဲ့သို့၎င်း၊ အဆီဖြင့် ပြည့်နေသကဲ့သို့၎င်း ဖြစ်တတ်၏၊ အပြင်သို့ ထွက်သွားသော လေနှင့်အတူ စိတ်ကိုထုတ်ဆောင်လျှင် အပြင်ပ အထူးထူးသောအာရုံ၌ စိတ်သည် ပျံ့လွင့်တတ်၏၊ စင်စစ်သော်ကား ထိရာ ထိရာ အရပ်၌သာလျှင် သတိကိုထား၍ ပွါးစေသူအား ဘာဝနာသည် ပြီးစီးပြည့်စုံ၏။ ထို့ကြောင့် ''အတွင်းသို့ ဝင်သွားသောလေကို၎င်း၊ အပြင်သို့ ထွက်သွားသော လေကို၎င်း နှလုံးမသွင်း-မသိမ်းဆည်း မူ၍ ရှေးနည်းဖြင့်ပင် လျင်စွာ လျင်စွာ ရေတွက်အပ် ၏''ဟု ငါဆိုခဲ့ပေသည်။ အဘယ်မျှလောက်ကြာအောင် ဤ ဝင်လေ ထွက်လေကို ရေတွက်အပ်သနည်း?ဟူမူ ရေတွက်ခြင်းနှင့် ကင်း၍ ဝင်လေ ထွက်လေအာရုံ၌ သတိကောင်းစွာ တည်သည်တိုင်အောင် (ရေတွက်အပ်ပေသည်)။ မှတ်ပေ၏-ရေတွက်ခြင်းသည် အပြင်ပ၌ ပြန့်သွားနေသော ဝိတက်၏ ပြတ်စဲခြင်းကိုပြု၍ ဝင်လေ ထွက်လေအာရုံ၌ သတိကို ကောင်းစွာ တည်စေခြင်း အကျိုးငှါသာလျှင် ဖြစ်ပေသည်။
[၂၇၂] ၂၂၄။ ဤဆိုခဲ့သည့်အတိုင်း ရေတွက်ခြင်း (ဂဏနာနည်း)ဖြင့် နှလုံးသွင်းပြီးလျှင် အစဉ်လိုက်ခြင်း (အနုဗန္ဓနာ နည်း)ဖြင့် နှလုံးသွင်းအပ်၏။ အနုဗန္ဓနာမည်သည်ကား ရေတွက်ခြင်းကို ရုပ်သိမ်း၍ ဝင်လေထွက်လေတို့ကို အခြားအပြတ် မရှိပဲ အမှတ်-သတိဖြင့် အစဉ်လိုက်ခြင်းပေတည်း။ ၎င်းသည်လည်း အစ အလယ် အဆုံးတို့ကို အစဉ်လိုက်သည်၏ အစွမ်း အားဖြင့် (အစဉ်လိုက်ခြင်းကား) မဟုတ်ပေ။ ချဲ့၍ပြအံ့-အပြင်သို့ ထွက်သောလေ၏ အစကားချက်ပေတည်း၊ အလယ်ကား ရင်ချိုင့်အရပ်ပေတည်း၊ အဆုံးကား နှာသီးဖျားပေတည်း။ အတွင်းသို့ဝင်သော လေ၏ အစကား နှာသီးဖျားပေတည်း၊ အလယ် ကား ရင်ချိုင့်အရပ်ပေတည်း၊ အဆုံးကားချက်ပေတည်း။ ထိုအစ အလယ် အဆုံးကို အစဉ်လိုက်သော ထိုယောဂီ၏ စိတ်သည် ပျံ့လွင့်ခြင်းသို့ ရောက်လျက် ပူပန်ပင်ပန်းမှုနှင့်တကွ ဖြစ်ရန်လည်း ဖြစ်၏ ကမ္မဋ္ဌာန်းနှလုံးသွင်းမှု လှုပ်ရှားရန်လည်း(ဖြစ်၏)။ ဤအဆိုနှင့်အညီ ဟောထားသော ဒေသနာကား-
''အဿာသ (ဝင်လေ)၏ အစ အလယ် အဆုံးကို သတိဖြင့် အစဉ်လိုက်သော ပုဂ္ဂိုလ်အား အတွင်း၌ ပျံ့လွင့်ခြင်းသို့ ရောက်သောစိတ်ဖြင့် ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ပင်ပန်းမှုနှင့်တကွ ဖြစ်ကုန်၏ တုန်လည်း တုန်ကုန်၏ လှုပ်လည်း လှုပ်ကုန်၏။ ပဿာသ (ထွက်လေ)၏ အစ အလယ် အဆုံးကို သတိဖြင့် အစဉ်လိုက်သော ပုဂ္ဂိုလ်အား အပြင်ပ၌ ပျံ့လွင့်ခြင်းသို့ ရောက်သောစိတ်ဖြင့် ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ပင်ပန်းမှုနှင့်တကွ ဖြစ်ကုန်၏ တုန်လည်း တုန်ကုန်၏ လှုပ်လည်း လှုပ်ကုန်၏'' ဟူသော ပဋိသမ္ဘိဒါမဂ်ပေတည်း။
ထို့ကြောင့် အနုဗန္ဓနာနည်းဖြင့် နှလုံးသွင်း ရှုမှတ်သော ယောဂီသည် (ဝင်လေ ထွက်လေတို့၏) အစ, အလယ်, အဆုံးတို့၏ အစွမ်းအားဖြင့် (အစဉ်လိုက်၍) နှလုံးမသွင်းအပ်ပေ၊ စင်စစ်သော်ကား ထိရာ (ဖုသနာ)၏ အစွမ်းအားဖြင့်၎င်း၊ စိတ်ကို ထားခြင်း (ဌပနာ)၏ အစွမ်းအားဖြင့်၎င်း နှလုံးသွင်းအပ်-ရှုအပ်ပေသည်။ မှန်ပေ၏-ဂဏနာနည်း, အနုဗန္ဓနာနည်း တို့၏ အစွမ်းအားဖြင့် (အသီးအခြား နှလုံးသွင်းခြင်း ရှိသ)ကဲ့သို့ ဖုသနာ, ဌပနာတို့၏ အစွမ်းအားဖြင့် အသီးအခြား နှလုံး သွင်းခြင်းသည် မရှိပေ၊ စင်စစ်အားဖြင့်မူ ထိရာ ထိရာဌာန၌သာလျှင် ရေတွက်နေလျှင် ဂဏနာဖြင့်၎င်း၊ ဖုသနာဖြင့်၎င်း နှလုံး သွင်းနေသည်ဟု ဆိုအပ်ပေ၏၊ ထိုထိရာဌာန၌ပင်လျှင် ရေတွက်ခြင်းကို ရုပ်သိမ်း၍ ထိုဝင်လေ ထွက်လေတို့ကို သတိဖြင့် အစဉ်လိုက်နေလျှင်၎င်း၊ အပ္ပနာ၏ အစွမ်းအားဖြင့် စိတ်ကိုထားလျှင်၎င်း အနုဗန္ဓနာဖြင့်၎င်း ဖုသနာဖြင့်၎င်း ဌပနာဖြင့်၎င်း နှလုံးသွ င်းနေသည်ဟု ဆိုအပ်ပေ၏။ ထိုဆိုခဲ့သော ဤအနက်ကို အဋ္ဌကထာတို့၌ ပြဆိုထားသော သူဆွံ့ ဥပမာ တံခါးစောင့် ဥပမာတို့ဖြင့်၎င်း၊ ပဋိသမ္ဘိဒါမဂ်၌ ပြဆိုထားသော လွှဥပမာဖြင့်၎င်း သိအပ်၏။
၂၂၅။ ထိုတွင် ဤသည်ကား သူဆွံ့ ဥပမာပေတည်း-သူဆွံ့သည်ပုခက်ဖြင့် ကစားနေကြသော သားအမိတို့၏ ပုခက်ကို လွှဲလျက် ထိုပုခက်တိုင် အနီး၌ပင် ထိုင်နေလျှင် အစဉ်အတိုင်း လာသော သွားသော ပုခက်ပျဉ်ချပ်၏ နှစ်ဖက် အစွန်းတို့ကို၎င်း၊ အလယ်ကို၎င်း မြင်၏၊ နှစ်ဖက်အစွန်းနှင့် အလယ်တို့ကို မြင်အောင် ကြောင့်ကြမစိုက်ရသကဲ့သို့ ထို့အတူ ပင် ဤယောဂီရဟန်းသည် သတိ၏အစွမ်းဖြင့် ချည်တိုင်၏အနီး၌ (ဝါ-ဝင်လေ ထွက်လေ၏ ထိခိုက်ရာ နှာသီးဖျားအထက် နတှု ခ် မ်း ၌) တည၍် ဝင်လေ ထက်ွလေဟူသော ပခု ကကို ပစလ် လွျှဲက ထ် နှိုာ သီး ဖျား နှင့် အ ထ ကန် တှု ခ် မ်း ဟူသော န မိ တိ၌ ပ င် လျှင် သတိဖြင့်ထိုင်နေလတ်သော် အစဉ်အတိုင်း လာကုန် သွားကုန်သော ဝင်လေ ထွက်လေတို့ ၏ ထိရာအရပ်၌ အစ အလယ် အဆုံးကို သတိဖြင့် အစဉ်လိုက်သည်ဖြစ်၍၎င်း၊ ထိုထိရာအရပ်၌ စိတ်ကိုထားသည်ဖြစ်၍၎င်း ရှုမြင်ပေ၏၊ ထိုအစ အလယ် အဆုံး တို့ကို ရှုမြင်နိုင်အောင် ကြောင့်ကြ မစိုက်ရပေ။ ဤကား သူဆွံ့ဥပမာပေတည်း။
[၂၇၃] ၂၂၆။ ယခု ဆိုမည့်စကားသည်ကား တံခါးစောင့် ဥပမာပေတည်း-တံခါးစောင့်သည် မြို့၏အတွင်း၌၎င်း၊ အပြင်၌၎င်း လူတို့ကို ''သင်က မည်သူနည်း၊ ဘယ်မှ လာခဲ့သနည်း၊ ဘယ်သို့ သွားမည်နည်း၊ သင်၏လက်၌ အဘယ် ပစ္စည်း နည်း'' ဤသို့ စသည်ဖြင့် မစူးစမ်းပေ။ မှန်ပေ၏-ထိုမြို့တွင်း မြို့ပြင်က လူတို့သည် ထိုတံခါးစောင့်၏ တာဝန်မဟုတ်ပေ၊ စင်စစ်သော်ကား တံခါးပေါက်သို့ ရောက်လာတိုင်း ရောက်လာတိုင်းသော လူကိုသာလျှင် စူးစမ်းသကဲ့သို့ ထို့အတူပင် အတွင်းသို့ ဝင်သွားသော လေတို့သည်၎င်း၊ အပြင်သို့ ထွက်သွားသော လေတို့သည်၎င်း ဤ ယောဂီရဟန်း၏ တာဝန်မဟုတ် ကုန်၊ နှာသီးဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော ဝင်လေ ထွက်လေတို့သည်သာလျှင် ရှုရန်တာဝန်များ ဖြစ်ကြပေ သည်။ ဤ သည်ကား တံခါးစောင့်ဥပမာပေတည်း။
၂၂၇။ လွှဥပမာကိုမူ အစမှစ၍ ယခုပြဆိုမည့်အတိုင်း သိအပ်၏။ မှန်ပေ၏-အောက်ပါ စကားကို (ပဋိသမ္ဘိဒါမဂ်၌) ဟောထားပေ၏။
''(သတိဖြင့် စိတ်ကို ဖွဲ့ချည်ရာ နှာသီးဖျားနှင့် အထက်နှုတ်ခမ်း ဟူသော) နိမိတ်သည်၎င်း၊ ဝင်လေ ထွက်လေတို့သည်၎င်း တခုတည်းသော စိတ် အာရုံမဟုတ်ပေ၊ (နိမိတ် ဝင်လေ ထွက်လေ ဟူသော) သုံးပါးသော တရားတို့ကို မသိသောသူသည် အာနာပါနဿတိ သမာဓိဘာဝနာကို မရနိုင် သည် မဟုတ်ပါလော။
နိမိတ်သည်၎င်း၊ ဝင်လေ ထွက်လေတို့သည်၎င်း တခုတည်းသော စိတ်၏အာရုံမဟုတ်ပေ၊ သို့ သော်လည်း သုံးပါးသောတရားတို့ကို သိသည်ဖြစ်၍ အာနာပါနဿတိ သမာဓိဘာဝနာကို ရနိုင်ပေ၏၊ ဤကား အဖြေ။
ဤသုံးပါးသော တရားတို့သည် တခုတည်းသော စိတ်၏အာရုံ မဟုတ်ကြပေ၊ သို့ဖြစ်ပါလျက် အဘယ်သို့လျှင် ဤ သုံးပါးသော တရားတို့ကို မသိရသည် မဟုတ်ပဲ သိရပါကုန်သနည်း၊ စိတ်သည်လည်း အဘယ်သို့လျှင် ပျံ့လွင့်ခြင်းသို့ မရောက်ပါသနည်း၊ အားထုတ်မှု လုံ့လသည်လည်း အဘယ်သို့ ထင်ပါသနည်း၊ ယှဉ်စေခြင်း-ပြုလုပ်ခြင်း ကိစ္စကိုလည်း အဘယ်သို့ ပြီးစေပါသနည်း၊ အထူးဝိသေသကိုလည်း အဘယ်သို့ရပါသနည်း၊ ဥပမာအားဖြင့် ပြရလျှင် ညီသောမြေပြင်၌ ချထားသော သစ်တုံးတခု ရှိရာ၏၊ ထိုသစ်တုံးကို ယောက်ျားသည် လွှဖြင့် ဖြတ်ရာ၏၊ (ထိုသို့ ဖြတ်လျှင်) သစ်တုံး၌ တိုက် ထိသော လွှသွားတို့၏ အစွမ်းအားဖြင့် ထိုယောက်ျား၏ သတိသည် ထင်၏၊ လာကုန် သွားကုန်သော လွှသွားတို့ကိုလည်း နှလုံးမသွင်း၊ လာကုန် သွားကုန်သော လွှသွားတို့ကို မသိရသည်လည်း မဟုတ်၊ လွှတိုက်မှုလုံ့လလည်း ထင်၏၊ သစ်တုံးကို ဖြတ်မှု-ပယောဂကိုလည်း ပြီးစေ၏၊ နှစ်ပိုင်း သုံးပိုင်း စသည် ပြတ်ခြင်းဟူသော အထူးဝိသေသကိုလည်း ရပေ၏။ ညီသောမြေပြင်၌ ချထားသော သစ်တုံးကဲ့သို့ ဤအတူပင် သတိဖြင့် ဖွဲ့ချည်ရာနိမိတ်ကို မှတ်အပ်၏၊ လွှသွားကို ကဲ့သို့ ဤအတူပင် ဝင်လေထွက်လေတို့ကို မှတ်အပ်(ကုန်)၏၊ သစ်တုံး၌တိုက်ထိသော လွှသွားတို့၏အစွမ်းအားဖြင့် ယောက်ျား၏ သတိထင်သကဲ့သို့၎င်း၊ လာကုန် သွားကုန်သော လွှသွားတို့ကို နှလုံးမသွင်း သကဲ့သို့၎င်း၊ လာကုန် သွားကုန် သော လွှသွားတို့ကို မသိရသည်မဟုတ်၊ သိရကုန်သကဲ့သို့၎င်း၊ လွှတိုက်မှု လုံ့လလည်း ထင်လျက် ဖြတ်မှု ပယောဂကိုလည်း ပြီးစေလျက် ပြတ်ခြင်း အထူးဝိသေသကို ရသကဲ့သို့၎င်း ဤအတူပင် ရဟန်းသည် နှာသီးဖျား၌ဖြစ်စေ, မုခနိမိတ်ခေါ်သော အထက် နှုတ်ခမ်း၌ဖြစ်စေ သတိကို ထင်စေ ဖြစ်စေလျက် ထိုင်နေ၏၊ လာကုန် သွားကုန်သော ဝင်လေ ထွက်လေတို့ကို နှလုံး မသွင်း၊ သို့သော်လည်း လာကုန် သွားကုန်သော ဝင်လေ ထွက်လေတို့ကို [၂၇၄] မသိရကုန်သည်လည်း မဟုတ် သိရကုန်၏၊ အားထုတ်မှုလုံ့လလည်းထင်၏၊ ယှဉ်စေခြင်း ကိစ္စကိုလည်း ပြီးစေ၏၊ အထူးးဝိသေသကိုလည်း ရပေ၏။
အားထုတ်မှု လုံ့လဟူသည် အဘယ်နည်း? အားထုတ်သော လုံ့လရှိသော ယောဂီ၏ ကိုယ်နှင့်စိတ်သည် ဘာဝနာ ကို ပွါးစေရန် ခံ့ကျန်း သန်စွမ်းပေ၏၊ ဤခံ့ကျန်း သန်စွမ်းကြောင်း ဖြစ်သော လုံ့လသည် အားထုတ်မှု (ပဓာန)ပေတည်း။ ယှဉ်စေခြင်းကိစ္စ (ပယောဂ) ဟူသည် အဘယ်နည်း? အားထုတ်သော လုံ့လရှိသော ယောဂီ၏ (သန္တာန်၌) စိတ်၏ ညစ်ညူးကြောင်း နီဝရဏတို့ကို ပယ်အပ်ကုန်၏ (ဝါ-နီဝရဏတို့သည် ကင်းကွာကုန်၏)၊ မိစ္ဆာဝိတက်တို့သည် ငြိမ်းကုန်၏၊ ဤနီဝရဏ မိစ္ဆာဝိတက်တို့ ကင်းငြိမ်းကြောင်းဖြစ်သော ရှုမှတ်အားထုတ်ခြင်းသည် ယှဉ်စေခြင်းကိစ္စ (ပယောဂ) ပေတည်း။ အထူးဝိသေသဟူသည် အဘယ်နည်း? အားထုတ်သော လုံ့လရှိသော ယောဂီ၏ (သန္တာန်၌) သံယောဇဉ်တို့ကို ပယ် အပ်ကုန်၏ (ဝါ-သံယောဇဉ်တို့သည် ကင်းကုန်၏)၊ ဖြစ်နိုင်ခွင့်ရှိသော အနုသယ ကိလေသာတို့သည် (အရိယမဂ်ဖြင့် မဖြစ် နိုင်သည့် အခြေအနေသို့ ရောက်လျက်) အစွန်းအစမျှမကျန်မကြွင်း ကင်းကုန်၏၊ ဤသံယောဇဉ် ကိလေသာတို့၏ ကင်းခြင်း သည် အထူးဝိသေသပေတည်း။
ဤ ဆိုခဲ့သည့်အတိုင်း ဤ သုံးပါးသော တရားတို့သည် တခုတည်းသော စိတ်၏ အာရုံမဟုတ်ကြသော်လည်း ဤ သုံးပါးသော တရားတို့ကို မသိရသည်မဟုတ် သိရပေကုန်၏၊ စိတ်သည်လည်း ပျံ့လွင့်ခြင်းသို့ မရောက်ပေ၊ အားထုတ်မှု လုံ့လသည်လည်း ထင်ပေ၏၊ ယှဉ်စေခြင်းကိစ္စကိုလည်း ပြီးစေနိုင်ပေ၏၊ အထူးဝိသေသကိုလည်း ရပေ၏။ ''အချင်းခပ်သိမ်း ပြည့်စုံသော အာနာပါနဿတိကို မြတ်စွာဘုရား ဟောထားသည့်အတိုင်း အကြင် ရဟန်းသည် အစဉ်အတိုင်း လေ့လာလျက် ကောင်းစွာ ပွါးစေ (အပ်)၏၊ ထိုရဟန်းသည် တိမ်တိုက်မှ လွတ်သော လကဲ့သို့ (မိမိခန္ဓာ အစရှိသော) ဤလောကကို ထွန်းလင်းစေနိုင်၏'' ဤကား ပဋိသမ္ဘိဒါမဂ်ပေတည်း။
ဤသည်ကား လွှဥပမာပေတည်း၊ ဤလွှဥပမာ၌ကား ထိုယောဂီရဟန်း၏ လာသောလေ သွားသောလေတို့ကို နှလုံး မသွင်း(ပဲ ထိရာ၌သာ နှလုံးသွင်း) ခြင်းမျှသည်သာလျှင် အကျိုးပေတည်း ဟူ၍ သိအပ်၏။
၂၂၈။ ဤ အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းသော အချို့ပုဂ္ဂိုလ်အား မကြာမီပင် ပဋိဘာဂနိမိတ်သည်လည်း ဖြစ်ပေါ် ၏၊ ကြွင်းသော ဈာန်အင်္ဂါတို့ဖြင့် တန်ဆာဆင်အပ်သော အပ္ပနာခေါ်သော စိတ်ကို ထားတတ်သော သမာဓိသည်လည်း ပြီးစီး ပြည့်စုံ၏။ အချို့ပုဂ္ဂိုလ်မှာမူ ရေတွက်ခြင်း၏ အစွမ်းအားဖြင့် နှလုံးသွင်းသော ကာလမှစ၍ပင် အစဉ်အတိုင်း ရုန့်ရင်းသော ဝင်လေ ထွက်လေတို့ချုပ်သည်၏ အစွမ်းအားဖြင့် ကိုယ်၏ ပူပန် ပင်ပန်းခြင်း ငြိမ်းလတ်သော် ကိုယ်ရော စိတ်ပါ ပေါ့ပါး၏၊ ကိုယ်သည် ကောင်းကင်သို့ပျံတက်သော အခြေအနေ ရောက်ကဲ့သို့ရှိ၏။ ဥပမာဖြင့် ပြရလျှင်-ကိုယ်၏ ပူပန်ပင်ပန်းခြင်းရှိသူ သည် ညောင်စောင်း အင်းပျဉ်ပေါ်၌ နေလျှင် ညောင်စောင်းအင်းပျဉ်သည် ညွတ်ကျ၏၊ ကျိတ်ကျိတ် အသံမည်၏၊ အိပ်ရာခင်း သည် တွန့်၏၊ ကိုယ်၏ ပူပန်ပင်ပန်း ခြင်း ကင်းသောသူ နေလျှင်ကား ညောင်စောင်း အင်းပျဉ်သည် ညွတ်မကျ အသံမမြည် အိပ်ရာခင်းမတွန့်၊ ညောင်စောင်း အင်းပျဉ်သည် မှို့ ဂွမ်းတို့ဖြင့် ပြည့်နေသကဲ့သို့ ဖြစ်၏၊ အဘယ့်ကြောင့်နည်း? ပူပန်ပင်ပန်း ခြင်းမရှိသော ကိုယ်သည် ပေါ့ပါးသောကြောင့်ပေတည်း။ ထို့အတူပင် ရေတွက်ခြင်း၏ အစွမ်းအားဖြင့် နှလုံးသွင်းသော ကာလမှစ၍ အစဉ်အတိုင်း ရုန့်ရင်းသော ဝင်လေ ထွက်လေတို့ ချုပ်သည်၏ အစွမ်းအားဖြင့် ကိုယ်၏ပူပန်ပင်ပန်းခြင်း ငြိမ်းလတ်သော် ကိုယ်ရောစိတ်ပါ ပေါ့ပါး၏၊ ကိုယ်သည် ကောင်းကင်သို့ ပျံတက်သောအခြေအနေ ရောက်နေသကဲ့သို့ ရှိပေ ၏။
[၂၇၅] ထိုယောဂီမှာ ရုန့်ရင်းသောဝင်လေ ထွက်လေချုပ်သွားလျှင် သိမ်မွေ့သောဝင်လေ ထွက်လေ နိမိတ်လျှင် အာရုံ ရှိသော စိတ်သည်ဖြစ်၏။ ထိုသိမ်မွေ့သော ဝင်လေ ထွက်လေ ချုပ်သွားပြန်လျှင်လည်း အဆင့်ဆင့် ထို့ထက် သာ၍ သာ၍ သိမ်မွေ့သော ဝင်လေ ထွက်လေနိမိတ်လျှင် အာရုံရှိသောစိတ် ဖြစ်သည်သာလျှင်တည်း။ အဘယ်ကဲ့သို့နည်း?ဟူမူ လူ တယောက်သည် ကြီးသောသံချောင်းဖြင့် ကြေးခွက် ကြေးလင်ပန်းကို တီးခေါက်ရာ၏။ တီးခေါက်သည်နှင့်တပြိုင်နက် ကြီးစွာ သော အသံ ဖြစ်ပေါ်လာရာ၏၊ ထိုလူမှာ ရုန့်ရင်းသောအသံလျှင် အာရုံရှိသော စိတ်သည်ဖြစ်ရာ၏၊ ရုန့်ရင်းသော အသံချုပ် သွားလျှင် ထို့နောင် သိမ်မွေ့သောအသံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ရာ၏၊ ထိုသိမ်မွေ့သော အသံချုပ် သွားပြန် လျှင်လည်း အဆင့်ဆင့်ထို့ထက်သာ၍ သာ၍ သိမ်မွေ့သော အသံနိမိတ်လျှင် အာရုံရှိသောစိတ် ဖြစ်သည်သာလျှင်ဖြစ်သကဲ့သို့ ဤအတူပင် ဖြစ်သည်ဟု သိအပ်၏။ မှန်ပေ၏-ဟောထားသော ဤဆိုလတံ့ စကားလည်း ရှိပေ၏-''ကြေးခွက်ကို တီးခေါက် လိုက်လျှင်'' ဤသို့ စသည်ကို နှာ ၃၉၁-၌ ထုတ်ပြခဲ့သည့်အတိုင်း ချဲ့၍ သိအပ်၏။
၂၂၉။ အခြားကမ္မဋ္ဌာန်းတို့သည် နောက်နောက်ကာလ၌ ထင်ရှားကုန်သကဲ့သို့ ဤကမ္မဋ္ဌာန်းသည် ထို့အတူ မဟုတ် ပေ၊ စင်စစ်သော်ကား ဤကမ္မဋ္ဌာန်းသည် ပွါးစေသောသူအား နောက်နောက်ကာလ၌ သိမ်မွေ့ခြင်းသို့ ရောက်၏၊ ထင်ခြင်းသို့ သော်လည်း မရောက်ပဲ ရှိတတ်၏၊ ၎င်းသည် ဤသို့ မထင်ပဲရှိနေလျှင် ထိုယောဂီရဟန်းသည် နေရာမှထကာ သားရေပိုင်း အခင်းကို ခါ၍ မသွားအပ်သေး။ အဘယ်သို့ ပြုသင့်သနည်း? ''ဆရာကို မေးအံ့'' ဟူ၍သော်၎င်း၊ ''ယခုအခါ ငါ၏ ကမ္မဋ္ဌာန်း ပျောက်သွားပြီ''ဟူ၍သော်၎င်း (နှလုံးသွင်း၍) နေရာမှ မထအပ်သေး။ အကြောင်းမူကား-ဣရိယာပုတ်ကို ဖျက်၍ ထသွားသော သူအား ကမ္မဋ္ဌာန်းသည် အသစ် အသစ်သာလျှင် ဖြစ်၏၊ ထို့ကြောင့် ထိုင်မြဲ ထိုင်လျက်သာလျှင် ပကတိအားဖြင့် တိုင်ထိ နေကျ အရပ်မှ ဆောင်အပ်၏။
ထိုသို့ ဆောင်ရာ၌ ယခုဆိုမည့်စကားသည် ဆောင်ကြောင်းဖြစ်သော နည်းပေတည်း-ထိုယောဂီရဟန်းသည် ကမ္မဋ္ဌာန်း၏ မထင်ခြင်းကို သိပြီးသောအခါ ဤသို့ဆင်ခြင်အပ်၏-ဤအသက်ရှုလေတို့မည်သည် အဘယ်အရပ်၌ ရှိကြ သနည်း၊ အဘယ်အရပ်၌ မရှိကြသနည်း၊ အဘယ်ပုဂ္ဂိုလ်အားရှိကြသနည်း၊ အဘယ်ပုဂ္ဂိုလ်အား မရှိကြသနည်းဟု ဆင်ခြင် အပ်၏။ ထိုအခါ ဤသို့ ဆင်ခြင်လိုက်လျှင် ''ဤအသက်ရှူလေတို့သည် အမိဝမ်းတွင်း ပဋိသန္ဓေနေစဉ်၌ မရှိ၊ ရေထဲ၌ နစ်မြုပ် နေသူတို့ အား မရှိ၊ မေ့မျောနေသူတို့အား မရှိ၊ သူသေတို့အား မရှိ၊ စတုတ္ထဈာန် ဝင်စားနေသူတို့အား မရှိ၊ ရူပဘဝ အရူပ ဘဝသို့ ရောက်နေသောသူတို့အား မရှိ၊ နိရောဓသမာပတ် ဝင်ရောက်နေသူတို့အား မရှိ''ဟု သိ၏၊ ထိုသို့ သိပြီးလျှင် မိမိ ကိုယ်တိုင်ပင် မိမိကိုယ်ကို ဤသို့ စောဒနာအပ်၏-''ပညာရှိ၊ သင်သည် အမိဝမ်း၌ ပဋိသန္ဓေ နေသူမဟုတ်သည် မဟုတ် ကုံလော၊ ရေထဲ၌ နစ်မြုပ်နေသူမဟုတ်၊ မေ့မျောနေသူမဟုတ်၊ သေသူမဟုတ်၊ စတုတ္ထဈာန် ဝင်စားနေသူမဟုတ်၊ ရူပဘဝ အရူပဘဝရောက်နေသူ မဟုတ်၊ နိရောဓသမာပတ် ဝင်ရောက်နေသူ မဟုတ်သည် မဟုတ်တုံလော။ သင်အား အသက်ရှူလေ တို့သည် ရှိကြသည်သာ၊ သို့သော် ပညာနုံ့သောကြောင့် သိမ်းဆည်း ရှုမှတ်ရန် မစွမ်းနိုင်ပဲရှိချေသည်''ဟု စောဒနာအပ်၏။ ထို့နောင် ဤယောဂီရဟန်းသည် ပကတိအားဖြင့် တိုက်ထိနေကျ အရပ်၏အစွမ်းအားဖြင့်စိတ်ကိုထားလျက် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤအသက်ရှူလေတို့သည် နှာတံရှည်သော သူအား နှာခေါင်းဖုကို တိုက်ခိုက်ကုန်လျက် ဖြစ်ကုန်၏၊ နှာတံ တိုသောသူအား အထက် နှုတ်ခမ်းကို (တိုက်ခိုက်ကုန် လျက် ဖြစ်ကုန်၏)။ ထို့ကြောင့် ဤယောဂီရဟန်းသည် ဤမည်သော အရပ်ကို တိုက်ခိုက်ကုန်၏ဟု နိမိတ်ကို ထားအပ်၏ (ဝါ-နှာသီးဖျား အထက်နှုတ်ခမ်း ဟူသော ချည်တိုင် နိမိတ်၌ စိတ်ကို ထားအပ်၏)။ မှန်ပေ၏-ဤသို့သော ဖြစ်တတ်ပုံကို အကြောင်းထူးကိုပင် စွဲ၍ မြတ်စွာဘုရားသည် ''ရဟန်းတို့ ငါသည် အာနာပါနဿတိ ဘာဝနာကို သတိမေ့သူ ဆင်ခြင်ဉာဏ်မရှိသူအား မဟောပေ''ဟူ၍ မိန့်တော်မူပေသည်။ [၂၇၆] ၂၃ဝ။ ဆက်၍ ရှင်းပြဦးအံ့-အမှတ်မရှိ တစုံတခုသော ကမ္မဋ္ဌာန်းသည် (ဝါ-မည်သည့် ကမ္မဋ္ဌာန်းမဆို) သတိ ရှိသူ ဆင်ခြင်ဉာဏ် ရှိသူအားသာလျှင် ပြည့်စုံပေသည်၊ သို့သော်လည်း ဤအာနာပါနဿတိ ကမ္မဋ္ဌာန်းမှ အခြားကမ္မဋ္ဌာန်း သည် နှလုံးသွင်းသူအား ထင်ရှားပေ၏၊ ဤအာနာပါနဿတိ ကမ္မဋ္ဌာန်းသည်ကား ဝန်လေး၏ ဝန်လေးသော ဘာဝနာ ပေတည်း (ဝါ-ပွါးစေရန် ဝန်လေးလှပေ၏)၊ ဘုရား, ပစ္စေကဗုဒ္ဓါ, ဘုရားသားတော် ဖြစ်ကုန်သော ယောက်ျားမြတ်တို့၏ သာလျှင် နှလုံးသွင်းရာဌာန ဖြစ်ပေ၏၊ သေးနုပ်သိမ်ငယ်သည်လည်း မဟုတ်ပေ၊ သေးနုပ်သိမ်ငယ်သော ပုဂ္ဂိုလ်တို့ မှီဝဲနိုင် ကောင်းသည်လည်း မဟုတ်ပေ။ နှလုံးသွင်းတိုင်း နှလုံးသွင်းတိုင်းသော အခြင်းအရာအားဖြင့်(ဝါ-နှလုံးသွင်းလေ နှလုံးသွင်း လေ)ငြိမ်သက် သိမ်မွေ့လေလေဖြစ်ပေသည်၊ ထို့ကြောင့် ဤအာနာပါနဿတိ ကမ္မဋ္ဌာန်း၌ အားကောင်းသော သတိနှင့် ပညာကို အလို ရှိအပ်ပေသည်။
ဥပမာတင်၍ပြအံ့-ပါးလွှာ ချောညက်သော ပုဆိုးကို ချုပ်သောကာလ၌ အပ်ကိုလည်း သိမ်မွေ့သည်ကို အလိုရှိအပ် ၏၊ အပ်နဖားထွင်းသော စူးကိုလည်း ထိုအပ်ထက် သာ၍ သိမ်မွေ့သည်ကို အလိုရှိအပ်သကဲ့သို့ ထို့အတူပင်လျှင် ပါးလွှာ ချောညက်သည့် ပုဆိုးနှင့်တူသော ဤ အာနာပါနဿတိကမ္မဋ္ဌာန်းကို ပွါးစေသောကာလ၌ အပ်နှင့်တူသော သတိကိုလည်း အားကောင်းသည်ကို အလိုရှိအပ်၏၊ အပ်နဖားထွင်း စူးနှင့်တူသော ထိုသတိနှင့်ယှဉ်သော ပညာကိုလည်း အားကောင်းသည် ကို အလိုရှိအပ်၏။
ထို့ပြင် ထိုသတိပညာတို့နှင့် ပြည့်စုံသော ရဟန်းသည်လည်း ထိုအသက် ရှူလေတို့ကို ပကတိအားဖြင့် ထိနေကျဖြစ် သော နှာသီးဖျားနှင့် အထက်နှုတ်ခမ်းအရပ်မှ တပါးသောအရပ်၌ (ဝါ-ပကတိ ထိနေကျ အရပ်ကို ကြဉ်၍) မရှာမှီးအပ်ပေ။ ဥပမာဖြင့်ပြရလျှင် လယ်သမားသည် လယ်ထွန်ခြင်းကို ပြုပြီးလျှင် နွားတို့ကို လွှတ်လိုက်ကာ စားကျက်ဆီသို့ ရှေးရှုမောင်း လိုက်၍ အရိပ်၌ ထိုင်နေလျက် အပန်းဖြေနေရာ၏၊ ထိုသို့အပန်းဖြေနေစဉ် သူ၏ထိုနွားတို့သည် လျင်စွာတောထဲသို့ ဝင်သွား လေကုန်၏။ ကျွမ်းကျင်သော လယ်သမားဖြစ်ပါမူ ထိုသူသည် တဖန် ထိုနွားတို့ကို ဖမ်းယူ၍ ထွန်ခြင်းအမှု၌ ယှဉ်စေလိုလျှင် ထိုနွားတို့၏ ခြေရာအစဉ်အတိုင်းလိုက်၍ တောထဲ၌ မလှည့် လည်ပေ၊ စင်စစ်သော်ကား ကြိုးနှင့်နှင်တံကိုယူ၍ ထိုနွားတို့၏ သွားရောက်နေကျ ရေဆိပ်သို့သာလျှင် ဖြောင့်ဖြောင့် သွားကာ ထိုင်၍မူလည်း နေ၏ လျောင်း၍မူလည်း နေ၏။ ထိုသို့နေစဉ် မှာ ထိုနွားတို့သည် တနေ့လုံး ကျက်စားပြီး လျှင် သွားရောက်နေကျ ရေဆိပ်သို့ သက်ဆင်းကြ၍ ရေချိုး ရေသောက်ပြီးနောက် ပြန်တက်၍ တည်နေကြသည်ကို တွေ့မြင်၍ ကြိုးဖြင့် ဖွဲ့ချည်ပြီးလျှင် နှင်တံဖြင့် ထိုးကာဆောင်ယူခဲ့၍ ထွန်၌ ကပြီးလျှင် တဖန် လယ်ထွန်မှုကို ပြုသကဲ့သို့ ထို့အတူပင် ထိုယောဂီရဟန်းသည် ထိုအသက်ရှူလေတို့ကို ပကတိ ထိနေကျ အရပ်မှတပါး အခြားအရပ်၌ မရှာမှီးအပ်ပေ၊ စင်စစ်သော်ကား သတိတည်းဟူသော ကြိုးနှင့် ပညာတည်းဟူသော နှင်တံကိုယူ၍ ပကတိ အားဖြင့် ထိနေကျဖြစ်သော နှာသီးဖျား, နှုတ်ခမ်းအရပ်၌ စိတ်ကိုထားလျက် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်ပေသည်။ အကျိုး ကား ဤသို့ နှလုံးသွင်းနေလျှင် ထိုရဟန်းအား မကြာမီပင် ထိုအသက်ရှူလေတို့သည် သွားရောက်နေကျ ရေဆိပ်၌ နွားတို့ ကဲ့သို့ ထင်ပေါ်ကုန်၏။ ထိုအခါ ထိုရဟန်းသည် သတိတည်းဟူသောကြိုးဖြင့် ဖွဲ့ချည်၍ ထိုထိရာဌာန၌ပင်လျှင် ယှဉ်စေကာ ပညာတည်း ဟူသော နှင်တံဖြင့် ထိုးလျက် အဖန်ဖန် ကမ္မဋ္ဌာန်းကို အားထုတ်အပ်ပေသည်။
၂၃၁။ ဤဆိုခဲ့သည့်အတိုင်း အားထုတ်သော ထိုယောဂီအား မကြာမြင့်မီပင်လျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ထင်၏။ ထိုသို့ ထင်ပေါ်သော ဤဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် အားလုံးသော ပုဂ္ဂိုလ်တို့အား တထပ်တည်းတူသည် မဟုတ်ပေ၊ စင်စစ်သော်ကား အချို့ပုဂ္ဂိုလ်အား ချမ်းသာသော အတွေ့ကို ဖြစ်စေလျက် လဲမှို့ကဲ့သို့၎င်း၊ ဝါဂွမ်းကဲ့သို့၎င်း၊ လေ အယဉ်ကဲ့သို့၎င်း ထင်၏ဟူ၍ အချို့ဆရာတို့က ဆိုကြသည်။
[၂၇၇] ယခုဆိုမည့် စကားသည်ကား အဋ္ဌကထာတို့၌ ပြထားသော အဆုံးအဖြတ်ပေတည်း။ ဤအာနာပါန နိမိတ် သည် အချို့ပုဂ္ဂိုလ်အား ကြယ်ရောင်ကဲ့သို့၎င်း၊ ကျောက်နီပုတီးကုံးကဲ့သို့၎င်း၊ ပုလဲပုတီးကုံးကဲ့သို့၎င်း ထင်၏၊ အချို့ ပုဂ္ဂိုလ် အား ဝါရိုးကဲ့သို့၎င်း၊ သစ်သားနှစ် တံကျင်ကဲ့သို့၎င်း ကြမ်းသောအတွေ့ရှိလျက်ထင်၏၊ အချို့ပုဂ္ဂိုလ်အား ရှည်သော ဆောက်လုံးကြိုးကဲ့သို့၎င်း(ဝါ-စလွယ်ကြိုးကဲ့သို့၎င်း)၊ ပန်းဆိုင်းကဲ့သို့၎င်း၊ မီးခိုးညွန့်ကဲ့သို့၎င်း ထင်၏၊ အချို့ပုဂ္ဂိုလ်အား ကျယ်ပြန့်သော ပင့်ကူချည်မျှင်အိမ်ကဲ့သို့၎င်း, တိမ်လွှာကဲ့သို့၎င်း, ပဒုမ္မာကြာပွင့်ကဲ့သို့၎င်း, ရထားဘီးကဲ့သို့၎င်း, လဝန်းကဲ့သို့ ၎င်း, နေဝန်းကဲ့သို့၎င်း ထင်၏။ ထိုသို့ ထင်သော ဤနိမိတ်သည် အမှတ်သညာချင်း မတူပဲ ကွဲပြားခြင်းကြောင့် ကွဲပြားသော အားဖြင့် ထင်ပေသည်။ ဥပမာပြရလျှင် တခုသောသုတ်ကို ရွတ်ဆိုလျက် ထိုင်နေကုန်သော များစွာသော ရဟန်းတို့တွင် တပါးသော ရဟန်းက ''အရှင်တို့အား ဤသုတ်သည် အဘယ်သို့ သဘောရှိလျက် ထင်ပါသနည်း''ဟု မေးလတ်သော် တပါး က ''ငါ့မှာ တောင်ကျချောင်းကြီးကဲ့သို့ ဖြစ်လျက်ထင်သည်'' ဟု ဆို၏။ အခြားရဟန်းတပါးက ''ငါ့မှာဆက်စပ်သည့် အရိပ် ရှိသော အကိုင်းအခက်တို့နှင့် ပြည့်စုံသော အသီးဝန်ဖြင့် ညွတ်ကျလျက်ရှိသော သစ်ပင်တပင်ကဲ့သို့ ဖြစ်လျက်ထင်သည်''ဟု ဆို၏။ ထိုတသုတ်တည်းပင်လျှင် ထိုရဟန်းတို့အား အမှတ်သညာခြင်း မတူပဲ ကွဲပြားခြင်းကြောင့် ကွဲပြားလျက် ထင်သကဲ့သို့ ထို့အတူဤကမ္မဋ္ဌာန်းသည်လည်း တခုတည်း ဖြစ်ပါလျက် အမှတ်သညာချင်းမတူပဲ ကွဲပြားခြင်းကြောင့် ကွဲပြားသောအားဖြင့် ထင်ပေသည်၊ မှန်ပေ၏-ဤကမ္မဋ္ဌာန်း အာရုံနိမိတ်သည် မှန်းဆ၍ရှုသော ဘာဝနာသညာကြောင့်ဖြစ်ပေသည်၊ ဘာဝနာသညာ လျှင်အကြောင်းရှိပေသည်၊ ဘာဝနာသညာလျှင် အမွန်အစရှိပေသည်။ ထို့ကြောင့် အမှတ်သညာခြင်းမတူပဲ ကွဲပြားခြင်းကြောင့် ကွဲပြားသောအားဖြင့် ထင်သည်ဟူ၍ သိအပ်ပေသည်။
(ဝင်လေ ထွက်လေ နိမိတ်ဟူသော) ဤသုံးပါးတို့တွင်လည်း ဝင်လေကို အာရုံပြုသော စိတ်က တခြား၊ ထွက်လေကို အာရုံပြုသောစိတ်က တခြား၊ နိမိတ်ကို အာရုံပြုသော စိတ်က တခြားသာ ဖြစ်သည်၊ သို့ရာတွင် အကြင်ပုဂ္ဂိုလ်မှာ ဤသုံးပါး သော တရားတို့သည် (ကမ္မဋ္ဌာန်းအာရုံအဖြစ်ဖြင့်) မရှိကုန်ငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ကမ္မဋ္ဌာန်းသည် အပ္ပနာသို့ မရောက်နိုင်သည် သာ၊ ဥပစာသို့လည်း မရောက်နိုင်သည်သာ။ အကြင်ပုဂ္ဂိုလ်မှာမူ ဤသုံးပါးသော တရားတို့သည် ရှိကုန်၏၊ ထိုပုဂ္ဂိုလ် ကမ္မဋ္ဌာန်းသည်သာလျှင် ဥပစာသို့၎င်း၊ အပ္ပနာသို့၎င်း ရောက်နိုင်ပေသည်။ မှန်ပေ၏-အောက်ပါစကားကို ဟောတော်မူ ပေသည်။
''နိမိတ်သည်၎င်း၊ ဝင်လေ ထွက်လေတို့သည်၎င်း တခုတည်းသော စိတ်၏ အာရုံမဟုတ်ပေ၊ သုံးပါးသော တရားတို့ကို မသိသောသူသည် အာနာပါနဿတိသမာဓိဘာဝနာကို မရနိုင်သည် မဟုတ် ပါလော။
နိမိတ်သည်၎င်း၊ ဝင်လေ ထွက်လေတို့သည်၎င်း တခုတည်းသော စိတ်၏အာရုံမဟုတ်ပေ၊ သို့ သော်လည်း သုံးပါးသော တရားတို့ကို သိသည်ဖြစ်၍ အာနာပါနဿတိသမာဓိဘာဝနာကို ရနိုင်ပေ၏'' ဤသို့ ဟောတော်မူပေသည်။
၂၃၂။ ဆက်၍ပြဦးအံ့-ဤဆိုခဲ့သည့်အတိုင်း နိမိတ် ထင်လတ်သော် ထိုရဟန်းသည် ဆရာ့ထံသို့သွား၍ ''အရှင် ဘရုား တပညေ့် တာမှ်ာ ဤသို့သဘောရှိသော အာရထုံ င်နေပါသည'် 'ဟု ပြောကြားအပ်၏ ။ ဆရာသည်ကား ''ထိုအာရုံသည် နိမိတ်ဖြစ်သည်'' ဟူ၍၎င်း၊ ''နိမိတ်မဟုတ်''ဟူ၍၎င်း မဆိုအပ်၊ ''ဤသို့ ဖြစ်တတ်ပါသည် ငါ့ရှင်''ဟု ပြောပြီးလျှင် အဖန် တလဲလဲ နှလုံးသွင်းပါလေ''ဟု ပြောကြားအပ်၏။ အပြစ်ကား¼နိမိတ်ဖြစ်သည်ဟု ပြောလျှင် အဆုံးသတ်ခြင်း ရပ်နားခြင်းသို့ ရောက်လေရာ၏၊ နိမိတ်မဟုတ်ဟု ပြောလျှင် မြော်လင့်မှုကင်းသည်ဖြစ်၍ စိတ်ပင်ပန်းခြင်း ဆုတ်နစ်ခြင်းသို့ ရောက်လေရာ ၏။ ထို့ကြောင့် ထိုနှစ်မျိုးလုံးကို မပြောမူ၍ နှလုံးသွင်းခြင်း၌သာလျှင် တိုက်တွန်း အပ်ပေသည်-ဟူ၍ ဒီဃနိကာယ်ဆောင် ဆရာတို့က ဤသို့ ဆိုကြလေသည်။
မဇ္ဈိမနိကာယ်ဆောင် ဆရာတို့ကမူ ''ငါ့ရှင် သင်ပြောသော ဤအာရုံသည် နိမိတ်ပင်တည်း၊ ကမ္မဋ္ဌာန်းကို အဖန်တလဲလဲ နှလုံးသွင်းပါလေ သူတော်ကောင်းဟု ပြောရမည်''ဟူ၍ မိန့်ဆိုကြလေသည်။ ထိုအခါ ဤယောဂီရဟန်းသည် ပဋိဘာဂနိမိတ်၌သာလျှင် စိတ်ကို [၂၇၈] ထားအပ်၏။ ယခု ပြဆိုခဲ့သည့်အတိုင်း ဤနိမိတ်ထင်သည်မှစ၍ ထိုရဟန်း၏ ဤ ဘာဝနာသည် ဌပနာ၏ အစွမ်းအားဖြင့် ဖြစ်ပေသည်။ မှန်ပေ၏ ရှေးဆရာတို့သည် အောက်ပါဂါထာကို မိန့်ဆိုထားပေ၏။ ''ပညာရှိ ယောဂီသည် ဝင်လေ ထွက်လေ၌ (အရှည်အတိုဟူသော) အထူးထူးသော အခြင်း အရာကို ရှေးအဖို့၌ ထင်ရှားပေါ်စေလျက် (ဝါ-နောက်အဖို့၌ ကွယ်ပျောက်စေလျက်) ပဋိဘာဂနိမိတ်၌ စိတ်ကို ထားလျက် မိမိ၏ စိတ်ကို ဖွဲ့ချည်၏''ဟု မိန့်ဆိုထားပေ၏။
ထိုယောဂီအား ဤဆိုခဲ့သည့်အတိုင်း ပဋိဘာဂ နိမိတ်ထင်သည်မှစ၍ နီဝရဏတို့ကို ပယ်ခွါအပ်ကုန်ပြီး သာလျှင် ဖြစ်ကုန်၏၊ ကိလေသာတို့သည် ငြိမ်ဝပ်လျက်သာလျှင် ရှိကုန်၏၊ သတိသည် ထင်လျက်ပင်ရှိ၏၊ စိတ်သည် ဥပစာရသမာဓိ ဖြင့် ကောင်းစွာထားအပ်သည်ဖြစ်၍ တည်ကြည်သည်သာတည်း။ ထိုအခါဤယောဂီသည် ထိုပဋိဘာဂ နိမိတ်ကို အဆင်းအား ဖြင့် နှလုံးမသွင်းအပ်၊ တောင့်ခြင်း လှုပ်ခြင်းစသော သဘာဝလက္ခဏာ, မမြဲခြင်းစသော သာမညလက္ခဏာအားဖြင့် မဆင်ခြင် အပ်။ စင်စစ်သော်ကား မင်းမျိုးဖြစ်သော မိဖုရားကြီးသည် စကြဝတေးမင်းလောင်း ကိုယ်ဝန်ကို စောင့်ရှောက် သကဲ့သို့၎င်း၊ လယ်ယာသမားသည် သလေးဂျုံတို့၏ အဖုံးအလုံးကို စောင့်ရှောက်သကဲ့သို့၎င်း ကျောင်းအစရှိကုန်သော အသပ္ပါယ ခုနစ်ပါး တို့ကို ကြဉ်၍ သပ္ပါယ ခုနစ်ပါးတို့ကို မှီဝဲလျက် ကောင်းစွာ စောင့်ရှောက်အပ်ပေသည်။ ထိုအခါ ယင်းနိမိတ်ကို ဤဆိုခဲ့သည့် အတိုင်းစောင့်ရှောက်လျက် အဖန်ဖန်နှလုံးသွင်းသည်၏ အစွမ်းအားဖြင့် ကြီးပွါး စည်ပင်ခြင်းသို့ ရောက်စေ၍ (ဝါ-ရောက်စေ လိုသဖြင့်) ဆယ်ပါးအပြားရှိသော အပ္ပနာကောသလ္လကို ပြည့်စုံစေအပ်၏၊ ဝီရိယ၏သမာဓိနှင့်ညီမျှခြင်းကို ယှဉ်စေအပ်၏။ ဤဆိုခဲ့သည့်အတိုင်း ကြိုးစားအားထုတ်နေသော ထိုယောဂီအား ပထဝီက သိုဏ်းအရာ၌ ဆိုခဲ့သောအစဉ်ဖြင့်ပင်လျှင် ထို ပဋိဘာဂနိမိတ်၌ လေးပါး ငါးပါးသော ဈာန်တို့သည် ဖြစ်ပေါ်ကုန်၏။
ဝိပဿနာရှုပုံ
၂၃၃။ ဝိပဿနာရှုပုံကိုပြအံ့-ယခုပြဆိုခဲ့သည့်အတိုင်း ဤအာနာပါန ကမ္မဋ္ဌာန်း၌ ဈာန်လေးပါး ငါးပါးကို ရပြီးသော ရဟန်းသည် သလ္လက္ခဏာ ဝိဝဋ္ဋနာတို့ ၏အစွမ်းအားဖြင့် ကမ္မဋ္ဌာန်းကို ပွါးစေ၍ ပါရိသုဒ္ဓိမည်သော ဖိုလ်သို့ ရောက်လိုလျှင် ထို ရပြီး ဈာန်ကိုပင်လျှင် ငါးပါးသော အခြင်းအရာတို့ဖြင့် နိုင်နင်းအောင် လေ့လာပြီးလျှင် နာမ်ရုပ်ကို ပိုင်းခြား၍ ဝိပဿနာကို ဖြစ်စေရာ၏။ အဘယ်သို့နည်း?ဟူမူ-ထိုရဟန်းသည် (ဈာန်ကို ဝင်စားပြီးလျှင် ထို) ဈာန်သမာပတ်မှထ၍ ရုပ်ကိုယ်သည်၎င်း စိတ်သည်၎င်း အသက်ရှူလေတို့၏ ဖြစ်ကြောင်းဟူ၍ရှုမြင်၏၊ ဥပမာအားဖြင့် ပန်းပဲတို့၏ ဖားဖို (မီးမှုတ်သော သားရေအိတ်) သည် (လေကို) မှုတ်လတ်သော် ဖားဖို သားရေအိတ်ကို၎င်း၊ ပန်းပဲသမား၏ ထိုအမှုနှင့် လျော်သော လုံ့လကို၎င်း စွဲမှီ၍ လေသည် ဝင်ချည်ထွက်ချည် မပြတ်သွားနေသကဲ့သို့ ထို့အတူပင် ရုပ်ကို၎င်း စိတ်ကို၎င်း စွဲမှီ၍ အသက်ရှူ လေတို့သည် မပြတ်သွားနေကုန်၏-ဟု မြင်၏။ ထို့နောင် ဝင်လေထွက်လေတို့ကို၎င်း ရုပ်ကို၎င်း ရုပ်ဟူ၍၎င်း၊ စိတ်ကို၎င်း ထိုစိတ်နှင့် ယှဉ်ဘက် စေတသိက်တို့ကို၎င်း ရုပ်မဟုတ်သည့် နာမ်ဟူ၍၎င်း ပိုင်းခြားဆုံးဖြတ်၏။ ဤသည်ကား ဤအရာ၌ အကျဉ်း ပေတည်း။ အကျယ်အားဖြင့် နာမ်ရုပ်ကို ပိုင်းခြားဆုံးဖြတ်ပုံသည်ကား နောက် ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ၌ ထင်စွာ ဖြစ်ပါလိမ့်မည်။ ဤဆိုခဲ့သည့်အတိုင်း နာမ်ရုပ်ကို ပိုင်းခြားပြီးလျှင် ထိုနာမ်ရုပ်၏ အကြောင်းကိုရှာ၏၊ ရှာလတ်သော် ထိုကြောင်းကို မြင်၍ သုံးပါးကုန်သော အဓွန့်ကာလတို့၌ နာမ်ရုပ်၏ဖြစ်ခြင်းကို အကြောင်းပြု၍ ယုံမှားကို လွန်မြောက်၏၊ ယုံမှားကို လွန်မြောက်ပြီးလတ်သော် အပေါင်းလိုက် သုံးသပ်သော ကလာပသမ္မသန၏ အစွမ်းအားဖြင့် လက္ခဏာသုံးပါးကို တင်ပြီးလျှင် ဥဒယဗ္ဗယဉာဏ်၏ရှေးအဖို့၌ ဖြစ်ပေါ်လာကုန်သော အလင်းရောင် အစရှိကုန်သော ဝိပဿနာ ညစ်ညူးကြောင်း ဥပက္ကိလေသ ဆယ်ပါးတို့ကို [၂၇၉]ပယ်၍ ဥပက္ကိလေသမှ လွတ်သော ရှုမြဲ-သွားမြဲ ပဋိပဒါဉာဏ်ကို လမ်းမှန်ဟု ပိုင်းခြား ဆုံးဖြတ်ပြီးလျှင် ဖြစ်ခြင်းကိုပယ်ကာ ပျက်ခြင်းကိုသာ ရှုသော ဘင်္ဂဉာဏ်သို့ရောက်၍ အပျက်ကို ရှုခြင်းဖြင့် အပြတ်အခြားမရှိပဲ ပျက်သော အားဖြင့် ထင်ကုန်သော အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့လျက် တပ်မက် ကင်းလျက် လွတ်မြောက်လျက် အစဉ်အတိုင်း လေးပါးသော အရယိ မဂတ့ိုကို ရောက်ြပီး လျှင် အရဟတဖ္တ လို၌ တည၍် တဆယက့ိးု ပါး အပြားရှိသော ပစ္စေ ဝကဏ္ခာဉာဏ်၏ အဆုံးသို့ ရောက်လျက် နတ်နှင့်တကွသော လောက၏ (အဂ္ဂဒက္ခိဏေယျ) အမြတ်ဆုံး အလှူခံပုဂ္ဂိုလ် ဖြစ်လေတော့သည်။ ဤမျှသော စကားအစဉ်ဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ဤယောဂီရဟန်း၏ ရေတွက်ခြင်း (ဂဏနာ နည်း)ကို အစပြု၍ ဝိပဿနာ အဆုံးရှိသော အာနာပါနဿတိသမာဓိ ဘာဝနာသည် ပြည့်စုံပြီးဆုံးပေပြီ။ ဤသည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပဌမစတုက္က၏ အဖွင့်ပေတည်း။
ဒုတိယ စတုက္ကစသည်၏အဖွင့်
၂၃၄။ ဤမှတပါး အခြားစတုက္က သုံးခုတို့၌ အသီးအခြား ကမ္မဋ္ဌာန်းကို ပွါးစေပုံ ဘာဝနာနည်း မည်သည်မရှိချေ၊ ထို့ကြောင့် ပုဒ်စဉ်အတိုင်း ဖွင့်သောနည်းဖြင့်ပင်လျင် ထိုသုံးပါးသော စတုက္ကတို့၏ အနက်ကို ဤဆိုလတံ့အတိုင်း သိအပ်ပေ ၏။
ပီတိပဋိသံဝေဒီ (ပီတိကို သိလျက်)ဟူသည်ကား ပီတိကို သိအောင်ပြုလျက် ထင်ရှားအောင် ပြုလျက် ရှူသွင်းအံ့ ရှူ ထုတ်အံ့ဟု လေ့ကျင့်၏။ ထိုပုဒ်၌ ပီတိကို သိခြင်းသည် အာရုံအားဖြင့်၎င်း၊ မတွေဝေသောအားဖြင့်၎င်း နှစ်ပါးသော အခြင်း အရာတို့ဖြင့် ဖြစ်ပေသည်။
ပီတိကို အာရုံအားဖြင့် အဘယ်သို့ သိသနည်း? ပီတိရှိသော (ပဌမ ဒုတိယ) ဈာန်နှစ်ပါးတို့ကို ဝင်စား၏၊ ထိုပုဂ္ဂိုလ် မှာ ဈာန်ဝင်စားခိုက်၌ ဈာန်ကိုရခြင်း ရောက်ခြင်းကြောင့် (ပဋိဘာဂနိမိတ်) အာရုံအလိုအားဖြင့် (ဝါ-အာရုံသိခြင်းကို အကြောင်းပြုသဖြင့်) ပီတိကိုသိပေ၏၊ (အဘယ့်ကြောင့်နည်း?) ပဋိဘာဂနိမိတ်အာရုံကို (ပီတိရှိသော ဈာန်ဖြင့်) သိခြင်း ကြောင့်ပေတည်း။ မတွေဝေသောအားဖြင့် အဘယ်သို့ သိသနည်း? ပီတိရှိသော ဈာန် ၂-ပါးတို့ကို ဝင်စားပြီးလျှင် ထ၍ ဈာန်နှင့်ယှဉ်သော ပီတိကို ကုန်သွားသည်ဟု ပျက်သွားသည်ဟု သုံးသပ်၏၊ ထိုပုဂ္ဂိုလ်မှာ ဝိပဿနာရှုခိုက်၌ ပီတိ၏ သဘာဝ လက္ခဏာ သာမညလက္ခဏာကို သိခြင်းကြောင့် ပီတိကို မတွေဝေသောအားဖြင့် သိပေ၏။ မှန်ပေ၏-အောက်ပါ စကားကို ဟောထားပေ၏။
''ရှည်စွာ (ဟု ဟောထားသော) ဝင်လေ၏ အစွမ်းအားဖြင့် စိတ်၏ တအာရုံတည်းရှိလျက် မပျံ့လွင့်ခြင်းကို သိသောသူအား သတိသည်ထင်၏၊ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုပီတိကို သိခြင်းဖြစ် ပေ၏။ ရှည်စွာ(ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့် .... တိုစွာ(ဟု ဟောသော) ဝင်လေ ၏ .... ထွက်လေ၏ အစွမ်းအားဖြင့် .... အလုံးစုံသော အသက်ရှူလေ အပေါင်းကို သိလျက်(ဟု ဟောထားသော) ဝင်လေ၏ .... ထွက်လေ၏ အစွမ်းအားဖြင့် .... ကာယသင်္ခါရကို ငြိမ်းစေလျက်(ဟု ဟောထားသော) ဝင်လေ၏ .... ထွက်လေ၏ အစွမ်းအားဖြင့် စိတ်၏ တအာရုံတည်း ရှိလျက် မပျံ့လွင့်ခြင်းကို သိသောသူအား [၂၈ဝ] သတိသည် ထင်၏၊ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုပီတိကို သိခြင်း ဖြစ်ပေ၏။ နှလုံးသွင်းသောသူအား ထိုပီတိကို သိခြင်းဖြစ်ပေ၏၊ သိသောသူအား မြင်သော သူအား ပြန်လှည့်၍ ဆင်ခြင်သော သူအား စိတ်ကိုဆောက်တည်သော သူအား သဒ္ဓါဖြင့် ယုံကြည် ဆုံးဖြတ်သော သူအား ဝီရိယကို အားပေးသောသူအား သတိကို ထင်စေသောသူအား စိတ်ကို ကောင်းစွာ ထားသော သူအား ပညာဖြင့်သိသောသူအား အဘိညေယျ တရားကို ထူးသောဉာဏ်ဖြင့် သိသောသူအား ပရိညေယျ တရားကို ပိုင်းခြား၍ သိသောသူအား ပဟာတဗ္ဗတရားကို ပယ်သော သူအား ဘာဝေတဗ္ဗ တရားကို ပွါးစေသော သူအား သစ္ဆိကာတဗ္ဗတရားကို မျက်မှောက်ပြုသောသူအား ထိုပီတိကို သိခြင်း ဖြစ်ပေ၏။ ဤသို့လျှင် ထိုပီတိကို သိပေသည်''ဟူ၍ ဟောထားပေသည်။ ဤနည်းဖြင့်ပင်လျှင် (သုခပဋိသံဝေဒီ စိတ္တသင်္ခါရပဋိသံဝေဒီဟူသော) ကြွင်းသော ပုဒ်တို့ကိုလည်း အနက်အားဖြင့် သိအပ်ကုန်၏။ ယခုဆိုမည့် စကားမှာ ထိုပုဒ်တို့၌ အထူးပေတည်း။ ပဌမ ဒုတိယ တတိယ ဈာန်သုံးပါးတို့၏ အစွမ်းအားဖြင့် သုခကို သိခြင်းကို၎င်း၊ ဈာန်လေးပါးတို့၏ အစွမ်းအားဖြင့် စိတ္တသင်္ခါရကို သိခြင်းကို၎င်း သိအပ်ပေသည်။ စိတ္တသင်္ခါရ ဟူသည်မှာ ဝေဒနာသညာဟူသော ခန္ဓာနှစ်ပါးတို့ပင်တည်း။ (သုခပဋိသံဝေဒီ, စိတ္တသင်္ခါရ ပဋိသံဝေဒီ ဟူသော) ဤနှစ်ပုဒ် တို့တွင် သုခပဋိသံဝေဒီ(သုခကို ခံစားလျက်)ဟူသောပုဒ်၌ ဝိပဿနာ၏ ဖြစ်ရာဘုံ (ဝါ-ဝိပဿနာ ရှုအပ်သောတရား)ကို ပြခြင်းငှါ ပဋိသမ္ဘိဒါမဂ်၌ ''သုခသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟု နှစ်ပါးရှိသည်''ဟူ၍ ဟောတော်မူ၏။ ပဿမ္ဘယံစိတ္တ သင်္ခါရံ (စိတ္တသင်္ခါရကို ငြိမ်းစေလျက်) ဟူသည်ကား ရုန့်ရင်း ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေလျက်၊ ''ချုပ်စေလျက်''ဟု ဆိုလို၏။ ထိုငြိမ်းစေပုံကို အကျယ်အားဖြင့် ကာယသင်္ခါရ အရာ၌ ပြဆိုခဲ့သော နည်းဖြင့်ပင်လျှင် သိအပ်ပေသည်။
တနည်းသော်ကား ဤလေးပုဒ်တို့တွင် ပီတိကို သိလျက်ဟူသောပုဒ်၌ ပီတိကို ခေါင်းတပ်၍ ဝေဒနာကို ဟောသည်၊ သုခကို သိလျက်ဟူသော ပုဒ်၌ သရုပ်အားဖြင့်ပင်လျှင် ဝေဒနာကို ဟောသည်။ စိတ္တသင်္ခါရကို သိလျက်, စိတ္တသင်္ခါရကို ငြိမ်းစေလျက်ဟူသော နှစ်ပုဒ်တို့၌ ''သညာ ဝေဒနာဟူသော ဤတရားတို့သည် စိတ်၌ ယှဉ်ကုန်လျက် စိတ်နှင့် စပ်ကုန်သည် ဖြစ်၍ စိတ်က ပြုပြင်အပ်သော စိတ္တသင်္ခါရ မည်ကုန်၏''ဟု ဟောတော်မူသောကြောင့် သညာနှင့် ယှဉ်သော ဝေဒနာကို ဟောသည်။ သို့ဖြစ်၍ ဤဒုတိယစတုက္ကကို ဝေဒနာနုပဿနာနည်းဖြင့် ဟောထားသည်ဟု သိအပ်ပေသည်။
၂၃၅။ တတိယစတုက္က၌လည်း ၄-ပါးသောဈာန်တို့၏ အစွမ်းအားဖြင့် စိတ်ကိုသိခြင်းကို သိအပ်၏။ အဘိပ္ပ မောဒယံ စိတ္တံ (စိတ်ကို ဝမ်းမြောက်စေလျက်)ဟူသည်ကား စိတ်ကို ဝမ်းမြောက်စေလျက် အလွန်ဝမ်းမြောက်စေလျက် ရွှင်စေ လျက် အလွန်ရွှင်စေလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်၏(ဟု ဆိုလို၏)။ ထိုအရာ၌ သမာဓိ၏ အစွမ်းအားဖြင့်၎င်း၊ ဝိပဿနာ၏ အစွမ်းအားဖြင့်၎င်း နှစ်ပါးသော အခြင်းအရာတို့ဖြင့် ဝမ်းမြောက်စေခြင်းသည် ဖြစ်၏။ သမာဓိ၏ အစွမ်းအားဖြင့် အဘယ်သို့ (ဝမ်းမြောက်စေသ)နည်း?ပီတိရှိသော ဈာန် ၂-ပါးတို့ကိုဝင်စား၏၊ ထို ပုဂ္ဂိုလ်သည် ဈာန်ဝင်စားခိုက်၌ ယှဉ်ဘက်ပီတိဖြင့် စိတ်ကို ဝမ်းမြောက်စေ၏ အလွန်ဝမ်းမြောက်စေ၏။ ဝိပဿနာ၏ အစွမ်း အားဖြင့် အဘယ်သို့ (ဝမ်းမြောက်စေသ)နည်း? ပီတိရှိသော ဈာန် ၂-ပါးတို့ကို ဝင်စားပြီးလျှင်ထ၍ ဈာန်နှင့် ယှဉ်သော ပီတိ ကို ကုန်သွားသည်ဟု ပျက်သွားသည်ဟု သုံးသပ်၏၊ ဤသို့ ဝိပဿနာ ရှုခိုက်၌ ဈာန်နှင့် ယှဉ်သော ပီတိကို အာရုံပြုလျက် စိတ်ကို ဝမ်းမြောက်စေ၏ အလွန် ဝမ်းမြောက်စေ၏။ [၂၈၁] ဤသို့ ကျင့်သော ပုဂ္ဂိုလ်ကို ''စိတ်ကို ဝမ်းမြောက်စေလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်''ဟူ၍ ဆိုအပ်ပေသည်။
သမာဒဟံ စိတ္တံ (စိတ်ကို ကောင်းစွာထားလျက်) ဟူသည်ကား ပဌမဈာန်စသည်၏ အစွမ်းအားဖြင့် စိတ်ကို အာရုံ၌ အညီအညွတ်ထားလျက်။ တနည်းကား ထိုဈာန်တို့ကို ဝင်စားပြီးလျှင် ထ၍ ဈာန်နှင့်ယှဉ်သော စိတ်ကို ကုန်သွားသည်ဟု ပျက်သွားသည်ဟု ရှူမြင်သောသူအား ဝိပဿနာရှုခိုက်၌ အနိစ္စအစရှိသော လက္ခဏာကို သိသဖြင့် ခဏိကစိတ္တေကဂ္ဂတာ မည်သော ခဏိကသမာဓိသည် ဖြစ်၏၊ ဤသို့ ဖြစ်သော ခဏိကသမာဓိ၏ အစွမ်းအားဖြင့်လည်း စိတ်ကိုအာရုံ၌ အညီအညွတ်ထားသော ပုဂ္ဂိုလ်ကို ''စိတ်ကို ကောင်းစွာထားလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်''ဟူ၍ ဆိုအပ်ပေ သည်။
ဝိမောစယံ စိတ္တံ (စိတ်ကို လွတ်စေလျက်) ဟူသည်ကား ပဌမဈာန်ဖြင့် နီဝရဏတို့မှ စိတ်ကို လွတ်စေလျက် အထူး သဖြင့် လွတ်စေလျက်၊ ဒုတိယဈာန်ဖြင့် ဝိတက် ဝိစာရတို့မှ၊ တတိယဈာန်ဖြင့် ပီတိမှ၊ စတုတ္ထဈာန်ဖြင့် သုခ ဒုက္ခတို့မှ စိတ် ကို လွတ်စေလျက် အထူးသဖြင့် လွတ်စေလျက်။ တနည်းသော်ကား ထိုဈာန်တို့ကို ဝင်စားပြီးလျှင်ထ၍ ဈာန်နှင့်ယှဉ်သော စိတ်ကို ကုန်သွားသည်ဟု ပျက်သွားသည်ဟု သုံးသပ်၏၊ ထိုသုံးသပ်သော သူသည် ဝိပဿနာရှုခိုက်၌ အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ စိတ်ကို လွတ်စေလျက်၊ ဒုက္ခာနုပဿနာဖြင့် သုခသညာမှ၊ အနတ္တာနုပဿနာဖြင့် အတ္တသညာမှ၊ နိဗ္ဗိဒါ နုပဿနာဖြင့် နှစ်သက်ပျော်မွေ့ခြင်းမှ၊ ဝိရာဂါနုပဿနာဖြင့် တပ်မက်ခြင်းမှ၊ နိရောဓာနုပဿနာဖြင့် ဖြစ်ပွါးစေခြင်းမှ၊ ပဋိနိဿဂ္ဂါနုပဿနာဖြင့် စွဲယူခြင်းမှ စိတ်ကို လွတ်စေလျက် ရှူ၍လည်း သွင်း၏ ရှူ၍လည်း ထုတ်၏။ ထို့ကြောင့် ''စိတ်ကို လွတ်စေလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်''ဟူ၍ ဆိုအပ်ပေသည်။ ဤဆိုခဲ့သည့်အတိုင်း ဤတတိယစတုက္ကကို စိတ္တာနုပဿနာ၏အစွမ်းအားဖြင့် ဟောထားသည် ဟူ၍ သိအပ်ပေသည်။
၂၃၆။ စတုတ္ထစတုက္က၌ကား အနိစ္စာနုပဿီဟူသော ဤပုဒ်၌ ရှေးဦးစွာ အနိစ္စ-မမြဲသည်ကို သိအပ်၏၊ အနိစ္စတာမမြဲသည်၏ အဖြစ်ဟူသော အနိစ္စလက္ခဏာကို သိအပ်၏၊ အနိစ္စနုပဿနာကို သိအပ်၏၊ အနိစ္စာနုပဿီ-မမြဲဟု ရှူမြင်သူကို သိအပ်၏။
ထိုတွင် အနိစ္စ-မမြဲဟူသည်မှာ ငါးပါးသော ခန္ဓာတို့ပေတည်း။ အဘယ့်ကြောင့် (မမြဲသ)နည်း?ဟူမူ-ဖြစ်ခြင်း, ပျက်ခြင်း, တမျိုးတမည် ဖြစ်ခြင်းသဘောရှိခြင်းကြောင့်ပေတည်း။ အနိစ္စတာ-မမြဲသည်၏အဖြစ် (ဝါ-မမြဲဟု မှတ်ရကြောင်း အနိစ္စလက္ခဏာ)ဟူသည်မှာ ထိုခန္ဓာတို့၏ပင်လျှင် ဖြစ်ခြင်း, ပျက်ခြင်း တမျိုးတမည် ဖြစ်ခြင်း-ဟူသော ရင့်ခြင်းပေတည်း။ ဝါ-ဥပါဒ်, ဌီ, ဘင်ပေတည်း။ တနည်းကား မူလက မရှိသေးပဲ ဖြစ်ပေါ်လာပြီး၍ မရှိခြင်း-ပျောက်ကွယ်သွားခြင်းပေတည်း၊ ''ဖြစ်ပေါ်လာပြီးသော တရားတို့၏ ထိုရှိနေသော အခြင်းအရာအားဖြင့် မတည်မူ၍ ခဏဘင်အားဖြင့် ပျက်ခြင်းပင်''ဟူ၍ ဆိုလို၏။ အနိစ္စာနုပဿနာဟူသည်မှာ ထို ဖြစ်-တည်-ပျက်ဟူသော အနိစ္စတာ-အနိစ္စလက္ခဏာ၏ ဝါ-ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်သွားခြင်းဟူသော အနိစ္စလက္ခဏာ၏ အစွမ်းအားဖြင့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌ မမြဲဟုရှုမြင်ခြင်း ပေတည်း။ အနိစ္စာနုပဿီ-မမြဲဟု ရှုသူဟူသည်မှာ ထိုမမြဲဟု ရှုသောဉာဏ်အမြင်နှင့် ပြည့်စုံသူပေတည်း။ ထို့ကြောင့် ဤသို့ မမြဲဟု ရှုမြင်သည်ဖြစ်၍ [၂၈၂] ရှူသွင်းလျက် ရှူထုတ်လျက် ရှိသောသူကို ဤအရာ၌ ''အနိစ္စာနုပဿီ-မမြဲဟု ရှုလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်''ဟူ၍ သိအပ်ပေသည်။
ဝိရာဂါနုပဿီ-ဟူသော ဤ ပုဒ်၌ကား ဝိရာဂ-ပျက်ပြယ်ခြင်းတို့သည် ခယဝိရာဂ-ကုန်ခြင်းဟူသော ပျက်ပြယ် ခြင်း, အစ္စန္တဝိရာဂအဆုံးကို လွန်သော ပျက်ပြယ်ခြင်း (ဝါ-စင်စစ် ပျက်ပြယ်ခြင်း)ဟူ၍ နှစ်ပါးအပြားရှိကုန်၏၊ ထိုတွင် သင်္ခါရတို့၏ ခဏဘင်သည် ခယဝိရာဂမည်၏။ နိဗ္ဗာန်သည် အစ္စန္တဝိရာဂ-မည်၏။ ထို ဝိရာဂ ၂-ပါးကို မြင်သည်၏ အစွမ်းဖြင့် ဖြစ်သော (ဝါ-ထိုဝိရာဂ ၂-ပါးကို မြင်သော) ဝိပဿနာသည်၎င်း, အရိယမဂ်သည်၎င်း ဝိရာဂါနုပဿနာမည်၏။ နှစ်ပါးအပြားရှိသော ထိုအနုပဿနာနှင့် ပြည့်စုံလျက် ရှူသွင်းသော ရှူထုတ်သောသူကို ''ဝိရာဂကို ရှုလျက် ရှူသွင်းအံ့ ရှူထုတ် အံ့ဟု လေ့ကျင့်သည်''ဟူ၍ သိအပ်ပေသည်။ နိရောဓနုပဿီ ပုဒ်၌လည်း ဤနည်းပင်တည်း။
ပဋိနိဿဂ္ဂါနုပဿီ ဟူသော ဤပုဒ်၌လည်း ပဋိနိဿဂ္ဂ-လွှတ်ခြင်းတို့သည် စွန့်လွှတ်ခြင်းဟူသော ပရိစ္စာဂပဋိနိဿဂ္ဂ, ပြေးဝင်ခြင်း စေလွှတ်ခြင်းဟူသော ပက္ခန္ဒနပဋိနိဿဂ္ဂ ဟူ၍ နှစ်ပါးအပြားရှိကုန်၏။ ပဋိနိဿဂ္ဂ-စွန့်လွှတ်ခြင်း-စေလွှတ်ခြင်း သည်ပင်လျှင် ရှုမြင်မှု-အနုပဿနာပေတည်း၊ ထို့ကြောင့် ပဋိနိဿဂ္ဂါနုပဿနာမည်၏၊ ဤအမည်သည် ဝိပဿနာနှင့် အရိယမဂ်တို့၏ အမည်ပေတည်း။
ချဲ့၍ပြအံ့-ဝိပဿနာသည် ဖြစ်ထိုက်သော အကျိုးခန္ဓာ, ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံ ဟူသော အဘိသင်္ခါရ တို့နှင့်တကွ ကိလေသာတို့ကို တဒင်္ဂအလိုအားဖြင့် စွန့်ပယ်တတ်၏၊ ထို့ကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏၊ ထို့ပြင် သင်္ခတတရားတို့၏ အပြစ်ကို မြင်သောကြောင့် ထိုမှ ပြောင်းပြန်ဖြစ်သော (ဝါ-သင်္ခတ တရားတို့၏ ကင်းရာ ဖြစ်သော) နိဗ္ဗာန်၌ ညွတ်ကိုင်းသည့်အလိုအားဖြင့် ပြေးဝင်တတ်၏။ ထို့ကြောင့် ပက္ခန္ဒနပဋိ နိဿဂ္ဂလည်းမည်၏ ဟူ၍ ဆိုအပ်၏။ အရိယမဂ်သည် ဖြစ်ထိုက်သော ခန္ဓာအဘိသင်္ခါရတို့နှင့်တကွ ကိလေသာ တို့ကို အကြွင်းမဲ့ ဖြတ်ခြင်းဟူသော သမုစ္ဆေဒ အလိုအားဖြင့် စွန့်ပယ်တတ်၏၊ ထို့ကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏၊ ထို့ပြင် အာရုံပြုသောအားဖြင့် နိဗ္ဗာန် ၌ ပြေးဝင်တတ်၏၊ ထို့ကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်းမည်၏ဟူ၍ ဆိုအပ်၏။ ထိုဝိပဿနာနှင့် မဂ်နှစ်ပါးလုံးပင် ရှေးရှေး ဉာဏ်တို့၏ နောက်နောက်၌ ရှုတတ်သောကြောင့် အနုပဿနာဟု ဆိုအပ်၏။ နှစ်ပါးအပြားရှိသော ထိုပဋိ နိဿဂ္ဂါနုပဿနာ နှင့် ပြည့်စုံလျက် ရှူသွင်းသော ရှူသွင်းသော ရှူထုတ်သောသူကို ''ပဋိနိဿဂ္ဂကိုရှုလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့် သည်''ဟူ၍ သိအပ်ပေသည်။
ဤစတုတ္ထစတုက္ကကို ဝိပဿနာသက်သက်၏ အစွမ်းအားဖြင့်သာလျှင် ဟောတော်မူ (အပ်)၏၊ ရှေးစတုက္က သုံးပါးတို့ ကိုမူ သမထဝိပဿနာ ၂-ပါးလုံး၏ အစွမ်းအားဖြင့် ဟောတော်မူ(အပ်)ကုန်၏။ ဤဆိုခဲ့သည့်အတိုင်း လေးပါးသော စတုက္က တို့၏ အစွမ်းအားဖြင့် ၁၆-ပါးသော တည်ရာဌာနရှိသော အာနာပါနဿတိကို ပွါးစေပုံကို သိအပ်ပေသည်။
၂၃၇။ ဆက်၍ အကျိုးအာနိသင်ကို ပြအံ့၊ ဤဆိုခဲ့သည့်အတိုင်း ၁၆-ပါးသော တည်ရာဌာန၏ အစွမ်းအားဖြင့် (ပွါးစေအပ်သော) ဤအာနာပါနဿတိသည် များသောအကျိုး ရှိပေ၏၊ များသောအာနိသင် ရှိပေ၏။ (များသော အာနိသင်ရှိ သည်ဟူသော) ထိုစကားရပ်၌ ထိုအာနာပါနဿတိ၏ ''ရဟန်းတို့ ဤ အာနာပါနဿတိသမာဓိသည်လည်း ပွါးစေ(အပ်) လျှင် အကြိမ်များစွာ ပြု(အပ်)လျှင် ငြိမ်သက်သည်သာလျှင် လည်းဖြစ်ပေ၏ မွန်မြတ်သည်သာလျှင်လည်း ဖြစ်ပေ၏'' ဤသို့ စသည်ကို ဟောတော်မူသောကြောင့် ငြိမ်သက်သည်၏အဖြစ် စသည်၏ အစွမ်းအားဖြင့်၎င်း၊ မိစ္ဆာဝိတက်တို့ကို ပယ်ဖြတ် ခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ဖြင့်၎င်း များစွာသော အာနိသင် ရှိသည်၏အဖြစ်ကို သိအပ်၏။ မှန်ပေ၏-ဤ အာနာပါနဿတိသည် ငြိမ်သက်သည်၏အဖြစ် မွန်မြတ်သည်၏အဖြစ် မသွန်းထည့်အပ်သည်၏အဖြစ် ချမ်းသာသော နေခြင်း၏ အဖြစ်ကြောင့် သမာဓိ၏ အန္တရာယ်ကို ပြုတတ်ကုန်သော မိစ္ဆာဝိတက်တို့၏ အစွမ်းအားဖြင့် ထိုထိုအာရုံသို့ စိတ်၏ ပြေးသွားခြင်းကို ပယ်ဖြတ်၍ [၂၈၃] စိတ်ကို ဝင်လေ ထွက်လေ အာရုံဆီသို့သာလျှင် ရှေးရှုဖြစ်အောင် ပြုတတ်ပေ၏။ ထို့ကြောင့်ပင် ''မိစ္ဆာ ဝိတက် တို့ကို ပယ်ခြင်းငှါ အာနာပါနဿတိကို ပွါးစေအပ်၏''ဟု ဟောတော်မူပေသည်။ ထို့ပြင် ဝိဇ္ဇာဝိမုတ္တိ ထက်ဝန်းကျင် ပြည့်စုံခြင်း၏ အခြေခံအကြောင်းရင်းအဖြစ်ဖြင့်လည်း ထိုအာနာပါနဿတိ၏ များသော အာနိသင်ရှိသည်၏အဖြစ်ကို သိအပ်သေး၏။ မှန်ပေ၏-အောက်ပါစကားကို မြတ်စွာဘုရား ဟောတော်မူပေသည်။ ''ရဟန်းတို့ အာနာပါနဿတိသည် ပွါးစေလျှင် အကြိမ်များစွာပြုလျှင် လေးပါးသော သတိပဋ္ဌာန်တို့ကို ထက်ဝန်းကျင် ပြည့်စေ၏၊ လေးပါးသော သတိပဋ္ဌာန်တို့သည် ပွါးစေလျှင် အကြိမ် များစွာ ပြုလျှင် ခုနစ်ပါးသော ဗောဇ္ဈဉ်တို့ကို ထက်ဝန်းကျင် ပြည့်စေကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့ သည် ပွါးစေလျှင် အကြိမ်များစွာပြုလျှင် ဝိဇ္ဇာမည်သောမဂ်နှင့် ဝိမုတ္တိမည်သော ဖိုလ်ကို ထက်ဝန်းကျင် ပြည့်စေကုန်၏''ဟု ဟောတော်မူပေသည်။
တနည်းအားဖြင့်မူကား နောက်ဆုံး၌ဖြစ်ကုန်သော ဝင်လေ ထွက်လေတို့ကို သိအပ်သည်၏အဖြစ် (သိခြင်း)ကို ပြုခြင်းဖြင့်လည်း ထိုအာနာပါနဿတိ၏ များသောအာနိသင် ရှိသည်၏ အဖြစ်ကို သိအပ်ပေသည်။ မှန်ပေ၏-အောက်ပါ စကားကို မြတ်စွာဘုရားဟောတော်မူပေသည်
''ချစ်သား ရာဟုလာ၊ အာနာပါနဿတိကို ဤဆိုခဲ့သည့်အတိုင်း ပွါးစေထားလျှင် ဤဆိုခဲ့ သည့်အတိုင်း အကြိမ်များစွာ ပြုထားလျှင် အကြင် ဝင်လေ ထွက်လေတို့သည် စုတေကာနီး နောက်ဆုံး ကာလ၌ ဖြစ်ကုန်၏၊ ထိုနောက်ဆုံး ဝင်လေ ထွက်လေတို့သည်လည်း သိ(အပ်)ကုန်လျက်သာ ချုပ်ကုန်၏၊ မသိ (အပ်) ကုန်ပဲ ချုပ်သည် မဟုတ်ကုန်''ဟု ဟောတော်မူပေသည်။
၂၃၈။ ထိုစကားရပ်၌ ချုပ်သည်၏ အစွမ်းအားဖြင့် နောက်ဆုံး၌ဖြစ်သော အသက်ရှူလေတို့သည် ဘဝအလို အားဖြင့် နောက်ဆုံး အသက်ရှူလေ, ဈာန်အလိုအားဖြင့် နောက်ဆုံး အသက်ရှူလေ, စုတိ အလိုအားဖြင့် နောက်ဆုံး အသက်ရှူလေဟူ၍ သုံးမျိုးရှိကုန်၏။ ချဲ့၍ပြအံ့-ဘဝသုံးပါးတို့တွင် ကာမဘဝ၌ အသက်ရှူလေတို့သည် ဖြစ်ကုန်၏၊ ရူပဘဝ အရူပဘဝတို့၌ မဖြစ်ကုန်၊ ထို့ကြောင့် (နောက်ဆုံးကာမဘဝ၌ ဖြစ်ကုန်သော) ထိုအသက်ရှူ လေတို့သည် (ဘဝစရိမက) ဘဝအလိုအားဖြင့် နောက်ဆုံး အသက်ရှူလေတို့ မည်ကုန်၏။ ဈာန်တို့တွင် အောက်ဈာန်သုံးပါး၌ ဖြစ်ကုန်၏၊ စတုတ္ထဈာန်၌ မဖြစ်ကုန်၊ ထို့ကြောင့် (စတုတ္ထဈာန်၏ ရှေးအဖို့တွင် ဝင်စားသော အောက်ဈာန်၌ ဖြစ်ကုန်သော) ထိုအသက်ရှူလေတို့သည် (ဈာနစရိမက) ဈာန်အလိုအားဖြင့် နောက်ဆုံး အသက်ရှူလေတို့မည်ကုန်၏။ ထိုမှတပါး အကြင်အသက်ရှူလေတို့သည် စုတိစိတ်၏ ရှေး၌ ၁၆-ခုမြောက် စိတ်နှင့်အတူတကွ ဖြစ်ကြပြီးလျှင် စုတိစိတ်နှင့် ပြိုင်တူ ချုပ်ကုန်၏၊ ဤအသက် ရှူလေတို့သည် (စုတိစရိမက) စုတိအလိုအားဖြင့် နောက်ဆုံး အသက်ရှူလေတို့ မည်ကုန်၏။ ဤစုတိစရိမက အသက်ရှူလေတို့ကို ဤအရာ၌ (စရိမက) နောက်ဆုံး၌ဖြစ်သော အသက်ရှူလေတို့ဟူ၍ အလိုရှိအပ်ကုန်၏။
ဤ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းအား အသက်ရှူလေ အာရုံကို ကောင်းစွာ သိမ်းဆည်းပြီး ဖြစ် သောကြောင့် (အသက်ရှူလေတို့သည် ထင်ရှားကုန်၏) စုတိစိတ်၏ရှေး၌ ၁၆-ခုမြောက်စိတ်၏ ဖြစ်ဆဲခဏ၌ ဖြစ်ခြင်း ဥပါဒ် ကို ဆင်ခြင်လျှင် ထိုအသက်ရှူလေတို့၏ ဥပါဒ်သည်လည်း ထင်ရှားသတတ်၊ တည်ခြင်းဌီကို ဆင်ခြင်လျှင် ထိုအသက်ရှူ လေတို့၏ ဌီသည်လည်း ထင်ရှားသတတ်၊ ပျက်ခြင်း-ဘင်ကို ဆင်ခြင်လျှင် ထို အသက်ရှူလေတို့၏ ဘင်သည်လည်း ထင်ရှားသတတ်။
ဤအာနာပါနမှ တပါးသော ကမ္မဋ္ဌာန်းကို ပွါးစေ၍ အရဟတ္တဖိုလ်သို့ရောက်သော ရဟန်းသည် အသက်၏ အဆုံး အပိုင်းအခြားကို ပိုင်းဖြတ်နိုင်သည်လည်း ရှိ၏ မပိုင်းဖြတ်နိုင်သည်လည်း ရှိ၏။ ၁၆-ပါးသော တည်ရာ ဌာနရှိသော ဤ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွါးစေ၍ အရဟတ္တဖိုလ်သို့ ရောက်သော ရဟန်းသည်ကား အသက်၏ အဆုံးအပိုင်း အခြားကို ပိုင်းဖြတ်နိုင်သည်သာတည်း။ ထိုသို့သော ရဟန်းသည် ''ယခုအခါ ငါ၏ အာယုသင်္ခါရတို့သည် ဤမျှ လောက်သာ ဖြစ်ကုန် လတံ့ [၂၈၄] ဤမှ နောက်၌ မဖြစ်ကုန်လတံ့''ဟု သိပြီးလျှင် မိမိ၏ အလိုသဘောအားဖြင့်သာလျှင် ကိုယ်ကို သုတ်သင်ခြင်း သင်းပိုင်ဝတ်ခြင်း ဧကသီကို ရုံခြင်း အစရှိကုန်သော ကိစ္စအားလုံးတို့ကို ပြုပြီး၍ မျက်စိတို့ကို မှိတ်လေတော့၏၊ အဘယ် ပုဂ္ဂိုလ်ကဲ့သို့နည်း?ဟူမူ ကောဋတောင် ကျောင်းတိုက်၌ နေလေ့ရှိသော တိဿမထေရ်ကဲ့သို့၎င်း၊ မဟာကရဉ္ဇိယ ကျောင်းတိုက် ၌ နေလေ့ရှိသော မဟာတိဿမထေရ်ကဲ့သို့၎င်း၊ ဒေဝပုတ္တ မည်သောတိုင်းကြီး၌ ပိဏ္ဍပါတ်ဓုတင်ဆောင် တိဿ မထေရ်ကဲ့သို့ ၎င်း၊ စိတ္တလတောင်ကျောင်းတိုက်၌ နေလေ့ရှိကြသော နှစ်ပါးကုန်သော ညီနောင်မထေရ်ကဲ့သို့၎င်း ဖြစ်ပေသည်။
ထိုတွင် ဤသည်ကား တခုသော ဝတ္ထုကိုပြသော စကားပေတည်း၊ ညီနောင် မထေရ်နှစ်ပါးတို့တွင် တပါးသော မထေရ်သည် လပြည့် ဥပုသ်နေ့၌ ပါတိမောက်ကို ပြပြီးလျှင် ရဟန်းအပေါင်းခြံရံလျက် မိမိ၏နေရာ အရပ်သို့သွား၍ စင်္ကြံ၌ ရပ်လျက် လရောင်ကို ကြည့်ပြီးလျှင် မိမိ၏ အာယုသင်္ခါရတို့ကို စူးစမ်းဆင်ခြင်ပြီးနောက် ''သင်တို့သည် အဘယ်သို့နေလျက် ပရိနိဗ္ဗာန်စံကြသော ရဟန်းတို့ကို မြင်ဘူးကြသနည်း''ဟု ရဟန်းသံဃာကို မေးလေ၏။ ထိုရဟန်းတို့တွင် အချို့က ''နေရာ၌ ထိုင်နေကုန်လျက်သာလျှင် ပရိနိဗ္ဗာန် စံကြသည်ကို တပည့်တော်တို့ မြင်ဘူးပါသည်''ဟု လျှောက်ကုန်၏။ အချို့က ''ကောင်း ကင်၌ ထက်ဝယ်ဖွဲ့ကာ ထိုင်နေကုန်လျက် ပရိနိဗ္ဗာန် စံကြသည်ကို တပည့်တော်တို့ မြင်ဘူးပါသည်''ဟု လျှောက်ကုန်၏။ ထိုအခါရဟန္တာမထေရ်က ''ယခု ငါသည် သင်တို့အား စင်္ကြံသွားလျက်သာလျှင် ပရိနိဗ္ဗာန်စံသည်ကို ပြပေအံ့''ဟု ဆို၏၊ ထိုသို့ ဆိုပြီးနောက် စင်္ကြံလမ်း၌ အရေးအကြောင်းကို ပြုပြီးလျှင် ''ငါသည် ဤဘက်စင်္ကြအစွန်းမှ ဟိုဘက်အစွန်းသို့ သွားပြီးလျှင် ပြန်လာသောအခါ ဤအရေးအကြောင်းသို့ ရောက်၍သာလျှင် ပရိနိဗ္ဗာန်စံမည်''ဟု ဆို၍ စင်္ကြံသို့တက်ကာ တဖက်အဖို့သို့ သွားပြီးလျှင် ပြန်လာလတ်သော် ခြေတဘက်ဖြင့် အရေးအကြောင်းကို နင်းမိသော ခဏ၌ပင်လျှင် ပရိနိဗ္ဗာန် စံတော်မူလေ သတတ်။
ထို (သို့အာနာပါနဿတိသည် များသော အကျိုးအာနိသင် ရှိခြင်း)ကြောင့် အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှိသည် ဤဆိုခဲ့သည့်အတိုင်း များပြားသော အာနိသင်နှင့် ပြည့်စုံ သော အာနာပါနဿတိ ကမ္မဋ္ဌာန်းကို နေ့ရော ညဥ့်ပါ အခါခပ်သိမ်း မမေ့မလျော့ပဲ စင်စစ်မှန်စွာ အားထုတ်ရာတော့သတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခု ဆိုခဲ့ပြီးသော စကားသည် အာနာပါနဿတိ ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက် ပေတည်း။ (အာနာပါနဿတိကမ္မဋ္ဌာန်း ပြီး၏)။
၁ဝ-ဥပသမာနုဿတိပွါးပုံ ပြဆိုချက်
၂၃၉။ ထိုမှတပါး အာနာပါနဿတိ၏ အခြားမဲ့၌ အကျဉ်းပြခဲ့သော ဥပသမာနုဿတိကို ပွါးစေခြင်းငှါ အလိုရှိ သော ယောဂီသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပ အာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာကပ်ငြိသည် ဖြစ်၍ ''ရဟန်းတို့ ပြုအပ်သော သင်္ခတ တရားတို့ဖြစ်စေ၊ မပြုအပ်သော အသင်္ခတ တရားတို့ဖြစ်စေ အကြင်မျှလောက်ကုန် သော တရားတို့သည် ရှိကုန်၏၊ ထို (ရှိသမျှ)တရားတို့တွင် ကိလေသာတို့၏ ပျက်ပြယ်ရာ (ဝိရာဂ) တရားကို အမြတ်ဆုံး ဟူ၍ ဆိုအပ်ပေ၏၊ ယင်းတရားသည် ယစ်မူးမှုတို့၏ အယစ်အမူးပြေရာ ကင်းရာဖြစ်သောကြောင့် မဒနိမ္မဒနလည်း မည်၏၊ ဆာလောင်မှုဟူသမျှတို့၏ ကင်းပျောက်ရာ ဖြစ်သောကြောင့် ပိပါသဝိနယလည်းမည်၏၊ တွယ်တာရာနှင့် တွယ်တာမှုဟူ သမျှတို့ကို နုတ်ပယ်ရာ ဖြစ်သောကြောင့် အာလယသမုဂ္ဃါတ လည်းမည်၏၊ ဝဋ်၏ပြတ်ရာ ဖြစ်သောကြောင့် ဝဋ္ဋုပစ္ဆေဒလည်း မည်၏၊ တဏှာ၏ ကုန်ရာဖြစ်သောကြောင့် တဏှက္ခယ လည်းမည်၏၊ ကိလေသာတို့၏ ပျက်ပြယ်ရာ ဖြစ်သောကြောင့် ဝိရာဂ လည်းမည်၏၊ ဆင်းရဲတို့၏ချုပ်ရာ ဖြစ်သောကြောင့် နိရောဓလည်း မည်၏၊ ဝါနမည်သော တဏှာမှ ထွက်မြောက် သောကြောင့် (ဝါ-ပူလောင်မှု ဟူသမျှတို့၏ ငြိမ်းရာဖြစ်သောကြောင့်) နိဗ္ဗာနလည်း မည်၏''ဟူ၍ ဤသို့ ဟောတော်မူသည့် အတိုင်း အလုံးစုံသော ဆင်းရဲတို့၏ ငြိမ်းရာဟု ဆိုအပ်သော နိဗ္ဗာန်၏ ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင် အပ်ကုန်၏။
ထို ယာဝတာ အစရှိသော စကားရပ်၌ ယာဝတာ-ဟူသည်ကား အကြင်မျှလောက်ကုန်သော (ဟု ဆိုလို၏)။ ဓမ္မာ- ဟူသည် ဇကား သဘောတရားတို့သည် (ဟု ဆိုလို၏)။ သင်္ခတာ ဝါ အသင်္ခတာ ဝါ-ဟူသည်ကား ပေါင်းစု ညီညွတ်ကုန်၍ ပြုအပ်ကုန်သည်မူလည်း ဖြစ်ကုန်သော မပြုအပ်ကုန်သည်မူလည်း ဖြစ်ကုန်သော (ဟု ဆိုလို၏)။ ထို (ရှိသမျှ) တရားတို့တွင် ဝိရာဂကို [၂၈၅] အမြတ်ဆုံးဟူ၍ ဆိုအပ်ပေ၏-ဟူသည်ကား ထိုသင်္ခတ အသင်္ခတ တရားတို့တွင် ဝိရာဂကို အထူးသဖြင့် ချီးမွမ်းအပ်သည့် အမြတ်ဟူ၍ ဆိုအပ်ပေ၏။ ထိုစကား၌ ဝိရာဂ ဟူသည်မှာ ရာဂ၏ မရှိခြင်းမျှကိုသာ ဆိုလိုသည်မဟုတ် စင်စစ်သော်ကား ''ယင်းတရားသည် မဒနိမ္မဒနလည်းမည်၏။ပ။ နိဗ္ဗာနလည်းမည်၏''ဟု ဆိုရာတွင် အကြင် အသင်္ခတတရား သည် မဒနိမ္မဒန အစရှိသော အမည်တို့ကိုရ၏၊ ထိုအသင်္ခတတရားကို ဝိရာဂဟူ၍ ယုံကြည်မှတ်သားအပ်၏။ မှန်ပေ၏-ထို အသင်္ခတတရားသို့ အရိယမဂ်ဖြင့် ရောက်၍ မာန်တက်လျက် ယစ်ခြင်း, ယောက်ျားဟု ယစ်ခြင်း အစရှိကုန်သော အလုံးစုံ ကုန်သော ယစ်ခြင်းတို့သည် အယစ်အမူး ကင်းကုန်၏ ပျက်စီးကုန်၏၊ ထို့ကြောင့် မဒနိမ္မဒနမည်၏။ အသင်္ခတတရားသို့ ရောက်၍ အလုံးစုံသော ကာမအာရုံ ဆာလောင်မှု (ပိပါသ)သည် (ဝါ-ကာမအာရုံ ဆာလောင်မှု အစရှိသော အလုံးစုံသော ဆာလောင်မှုသည်) ကင်းခြင်း ချုပ်ခြင်းသို့ ရောက်၏၊ ထို့ကြောင့် ပိပါသဝိနယ ဟူ၍ ဆိုအပ်၏။ ထို့ပြင် ထိုအသင်္ခတသို့ ရောက်၍ ငါးပါးသော ကာမဂုဏ်ဟူသော တွယ်တာရာတို့သည် (ဝါ-ကာမဂုဏ်၌ တွယ်တာမှုအစရှိ ကုန်သော တွယ်တာမှု ဟူသမျှတို့သည်၁) အကြွင်းမဲ့ နုတ်ပယ်အပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊ ထို့ကြောင့် အာလယသမုဂ္ဃါတ ဟူ၍ဆိုအပ်၏။ ထို့ပြင် ထိုအသင်္ခတသို့ ရောက်၍ ဘုံသုံးပါး၌ အတွင်းဝင်သော ဝဋ်သုံးပါးသည် ပြတ် စဲ၏၊ ထို့ကြောင့် ဝဋ္ဋုပစ္ဆေဒ ဟူ၍ ဆိုအပ်၏။ ထို့ပြင် ထိုအသင်္ခတသို့ရောက်၍ တဏှာသည် အချင်းခပ်သိမ်း ကုန်ခြင်းသို့ ရောက်၏ ပျက်ပြယ်၏ ချုပ်၏၊ ထို့ကြောင့် တဏှက္ခယ, ဝိရာဂ, နိရောဓ ဟူ၍ ဆိုအပ်၏။ ထို့ပြင် တဏှာသည် ယောနိ လေးပါး ဂတိ ငါးပါး ဝိညာဏဋ္ဌိတိ ခုနစ်ပါး သတ္တာဝါသ ကိုးပါးတို့ကို တပါးပြီးတပါး အဆက်ဆက်ဖြစ်ရန် ဖွဲ့တတ် ချည်နှောင်တတ် ချုပ်စပ်တတ်သောကြောင့် ဝါနမည်၏၊ ဤတရားသည် ထိုဝါနမည်သော တဏှာမှ ထွက်မြောက်၏၊ ကျွတ်လွတ်၏ ကင်းရှင်း၏၊ ထို့ကြောင့်ဤတရားကို နိဗ္ဗာန ဟူ၍လည်း ဆိုအပ်၏။ ဤကား ပုဒ်တို့၏ အဖွင့်။ ဤဖွင့်ပြခဲ့သည့်အတိုင်း (မဒနိမ္မဒနတာ) ယစ်မူးမှုတို့၏ ပြေရာ အယစ်အမူး ကင်းရာဖြစ်ခြင်း အစရှိကုန်သော ဤဂုဏ်တို့၏ အလိုအားဖြင့် နိဗ္ဗာန်ဟု ဆိုအပ်သော ငြိမ်းခြင်းကို အဖန် တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။
ထိုမှတပါး ''ရဟန်းတို့ သင်တို့အား မပြုအပ်သော (အသင်္ခတ) တရားကိုလည်း ဟောပေအံ့။ အစစ်အမှန် (သစ္စ) တရားကိုလည်း။ သံသရာ၏ ဟိုဘက်ကမ်း (ပါရ) တရားကိုလည်း။ အလွန်မြင်နိုင်ခဲသော (သုဒုဒ္ဒသ) တရားကိုလည်း။ အိုခြင်း ကင်းသော (အဇရ) တရားကိုလည်း။ ခိုင်မြဲသော (ဓုဝ) တရားကိုလည်း။ နယ်ချဲ့မှု ဖင့်နွှဲမှု ကင်းသော (နိပ္ပပဉ္စ) တရားကိုလည်း။ သေခြင်းကင်းသော (အမတ) အမြိုက်တရားကိုလည်း။ ငြိမ်းအေးသော (သိဝ)တရားကိုလည်း။ ဘေးကင်း သော (ခေမ) တရားကိုလည်း။ မဖြစ်စဖူး အလွန်ထူးသော (အဗ္ဘုတ) တရားကိုလည်း။ အကျိုးမဲ့ ဘေးရန်ကင်းသော (အနီတိ က) တရားကိုလည်း။ ဆင်းရဲကင်းသော (အဗျာပဇ္ဈ) တရားကိုလည်း။ စင်ကြယ်သော (ဝိသုဒ္ဓိ) တရားကိုလည်း။ ရေလယ်မှာ ထွန်းသည့် ကျွန်းကုန်းပမာ မှီခိုရာ (ဒီပ)တရားကိုလည်း ဆင်းရဲဟူသမျှမှ ကာကွယ်စောင့်ရှောက်တတ်သော (တာဏ) တရား ကိုလည်း။ ရဟန်းတို့ သင်တို့အား ဆင်းရဲဟူသမျှမှ လုံခြုံအောင် ပုန်းအောင်းရာ (လေဏ) တရားကိုလည်း ဟောပေအံ့'' ဤသို့ အစရှိသော သုတ်တို့၌ အခြားတပါးကုန်သော ဥပသမဂုဏ်တို့ကိုလည်း မြတ်စွာဘုရား ဟောထားတော်မူပေသည်။ ထိုဂုဏ်တို့အလိုအားဖြင့်လည်း အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်သည်သာတည်း။
ဤဆိုခဲ့သည့်အတိုင်း ယစ်မူးမှုတို့၏ အယစ်အမူးပြေရာ-ကင်းရာဖြစ်ခြင်း အစရှိကုန်သော ဂုဏ်တို့အလိုအားဖြင့် ငြိမ်းအေးသော နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်နေသော ထိုယောဂီအား ရာဂလွှမ်းမိုး နှိပ်စက်ခံရသော စိတ် မဖြစ်တော့သည်သာ၊ ဒေါသလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ မောဟလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ ထိုအခါ၌ ထိုယောဂီ၏ စိတ်သည် နိဗ္ဗာန် (၏ ငြိမ်းအေးခြင်းဂုဏ်)ကို အာရုံပြုလျက် ဖြောင့်မတ်နေသည် သာလျှင် ဖြစ်ပေသည်။ ဤသို့ စသည်ဖြင့် ဗုဒ္ဓါနုဿတိ စသည်တို့၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် နီဝရဏ ကင်းကွာ ပြီးသော ယောဂီအား တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏။ သို့သော်လည်း နိဗ္ဗာန်၏ ဂုဏ်တို့၏ နက်နဲခြင်း ကြောင့်၎င်း၊ များစွာသော ဂုဏ်တို့ကို အောက်မေ့ခြင်းငှါ နှလုံးသွင်းညွတ်ကိုင်းခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဈာန်သည် [၂၈၆] ဖြစ်ပေ၏။ ထိုသို့ ဥပစာရသို့ ရောက်သော ဤဈာန်သည် ဥပသမမည် သော နိဗ္ဗာန်၏ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် ဥပသမာနုဿတိ ဟူ၍သာ လျှင် ရေတွက်ခေါ်ဆို အပ်ခြင်းသို့ ရောက်ပေသည်။
ဆက်၍ ရှင်းပြဦးအံ့-ဤဥပသမာနုဿတိသည်လည်း (ဗုဒ္ဓါနုဿတိ အစရှိသော) ၆-ပါးသော အနုဿတိတို့ကဲ့သို့ အရိယာသာဝကအားသာလျှင် ပြည့်စုံပေသည်၊ ဤသို့ ဖြစ်ငြားသော်လည်း ငြိမ်းအေးသော နိဗ္ဗာန်ကို အလေးဂရုပြုသော ပုထုဇဉ် ပုဂ္ဂိုလ်သည်လည်း နှလုံးသွင်းအပ်-နှလုံးသွင်းသင့်-နှလုံးသွင်းကောင်းပေ၏။ မှန်ပေ၏-ကြားနာရသော သုတ၏ အစွမ်းအားဖြင့်လည်း ငြိမ်းအေးသော နိဗ္ဗာန်၌ စိတ်သည် ကြည်လင်တတ် ကြည်ညိုတတ်ပေ၏။ အကျိုးကား ဤ ဥပသမာနုဿတိ ကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် ချမ်းသာစွာ အိပ်ရ၏၊ ချမ်းသာစွာ နိုးရ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိ၏၊ ငြိမ်သက်သောနှလုံးရှိ၏၊ ဟိရီသြတ္တပ္ပနှင့် ပြည့်စုံ၏၊ ကြည်ညိုဖွယ်ကို ဆောင်၏၊ မြတ်သော နိဗ္ဗာန်၌ ညွတ်ကိုင်း သဖြင့် မွန်မြတ်သော နှလုံးသွင်းခြင်း ရှိ၏၊ သီတင်းသုံးဘော်တို့က အလေးပြုအပ်သူ မေတ္တာပွါးအပ်သူ ဖြစ်ပေ၏။ အထက်၌ မဂ်ဖိုလ် တရားထူးကို မသိငြား မရငြားသော်လည်း သုဂတိလျှင် လားရာရှိပေ၏။
ထို (သို့ ချမ်းသာစွာ အိပ်ရခြင်းမှစ၍ သုဂတိလျှင် လားရာရှိသည်တိုင်အောင် များစွာသော အကျိုးရှိခြင်း)ကြောင့် အမြော်အမြင် ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း များသော အာနိသင်ရှိသော မြတ်သော (ဝါ-အရိယာတို့၏ ဥစ္စာဖြစ်သော) ငြိမ်းအေးသော နိဗ္ဗာန်၌ အောက်မေ့မှု-သတိကို မမေ့မလျော့ပဲ စင်စစ်မှန်စွာ ပွါးစေရာတော့သတည်း။ ဤကား ဥယျောဇဉ် ပေတည်း။
ဤဆိုခဲ့သော စကားသည် ဥပသမာနုဿတိကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက် ပေတည်း။ (ဥပသမာနုဿတိကမ္မဋ္ဌာန်း ပြီး၏)။
ဤသည်ကား သူတော်ကောင်းအပေါင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းငှါ စီရင်အပ်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် သမာဓိ ဘာဝနာအရာ၌ အနုဿတိ ကမ္မဋ္ဌာန်းကို အကျယ်ပြချက် (အနုဿတိကမ္မဋ္ဌာနနိဒ္ဒေသ) မည်သော ရှစ်ခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
(အနုဿတိကမ္မဋ္ဌာန်းကို အကျယ်ပြချက် ပြီး၏)။