Kyaikhtiyo in Myanmar - Burma
Shwedagon in Yangon
Shwedagon Red Hall in Yangon ““မေတ္တသုတ်ပရိတ်မြန်မာလို ရွတ်ဖတ်ပူဇော်နည်း” ”














““တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ကွန်ချာ ရွတ်ပွားပုံ”
















““ဗုဒ္ဓပူဇနီယ” “ချန်းချန်း"”

















Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

Buddha FM Websites:

www.buddhafm.tv | www.buddhafm.net | www.buddhafm.info

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

The world two Nobel Icons

Welcome to Buddha FM


ဘုရား ပုံတော်

မရဏဿတိ

 

ဥဂ္ဂဟနိမိတ်ထင်လာခြင်း

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နူတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ၊ အကြိမ်ကြိမ် အထပ်ထပ် စီးဖြန်းပွားများရပါမည်။ ဤသို့ စီးဖြန်းပွားများဖန် များလာသောအခါ အရိုးစု၏ အဆင်း၊ ပုံသဏ္ဌာန်၊ ဖြစ်ရာအရပ်၊ တည်ရှိရာဌာန(သြကာသ) ခွဲခြားမှတ်သားချက်(ပရိစ္ဆေဒ)တို့သည် မျက်စိဖြင့် မြင်ရသကဲ့သို့ သဘာဝအရှိတရားအတိုင်း စိတ်တွင် တရေးရေးထင်မြင်လာမည်ဖြစ်သည်။ ထင်မြင်လာလျှင် ဥဂ္ဂဟနိမိတ်ထင်ပြီး ဖြစ်သည်။

ဤ၌ ဥဂ္ဂဟနိမိတ်ဟူသည် စိတ်ဖြင့် မှန်းဆ၍ ယူအပ်သော အာရုံဖြစ်ပါသည်။ မျက်စိဖြင့် ကွက်ကွက်ကွင်းကွင်း ထင်ထင်လင်းလင်း ပြတ်ပြတ်ရှင်းရှင်း မြင်ရသကဲ့သို့ စိတ်ထဲ၌ ရှင်းလင်းပြတ်သားစွာ မြင်လာ ထင်လာသော အာရုံဟု ဆိုလိုသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
 

စက်ဆုပ်ဖွယ် ထင်မြင်လာအောင် စီးဖြန်းခြင်း


ထို့နောက် ဆက်လက်၍ ဆက်ဆုပ်ရွံရှားဖွယ် အမှတ်သညာ(ပဋိကူလသညာ) ထင်လာစေရန် အောက်ပါအတိုင်း စီးဖြန်းရမည် -

ငါ၏ ခန္ဓာကိုယ်ရှိ အရိုးစုတို့သည် ခရုသင်းရောဂါ စွဲကပ်နေသူပမာလွန်စွာ ဖြူခြင်း၊ သုသာန်တစပြင်ရှိ အသားအကြော မရှိတော့သည့် လူသေကောင်၏ အရိုးနှင့် မခြားနားခြင်းတို့ကြောင့် အလွန်စက်ဆုပ်ရွံရှာဖွယ် အဆင်း ရှိကုန်၏ (၀ဏ္ဏ)။
 
အလွန်နံစော်သော အမိဝမ်းတွင်းဝယ် ကိုးလ၊ ဆယ်လပတ်လုံး အပုပ်နံ့၊ အသားအသွေး၊ ကျင်ကြီးကျင်ငယ် စသည်တို့ဖြင့် အမြဲရောထွေးနေခဲ့ရခြင်း မွေးဖွားပြီးနောက်ပိုင်းတွင်လည်း ယနေ့အထိ လုံးဝ ဆေးကြော သန့်စင်မူ မရှိခြင်း၊ တို့ကြောင့် လွန်စွာ နံစော်၍ ညှီသော အနံ့ရှိကုန်၏(ဂန္ဓ)။

ကျီး၊ ဠင်းတ၊ ခွေးတို့ ကိုက်ခဲစားသောက်ထားကြသဖြင့် အသား၊ အကြော၊ လုံးဝ မရှိတော့သည့် သွေးပုပ်၊ ကျင်ကြီး ကျင်ငယ်တို့ဖြင့် လိမ်းကျံ ညစ်ပေနေသော လူသေကောင်၏ အရိုးနှင့် မခြားနားလေသောကြောင့် အလွန်စက်ဆုပ်ဖွယ် ပုံသဏ္ဌာန်ရှိကုန်၏(သဏ္ဌာန)။

စက်ဆုပ်ရွံရှာဖွယ် အသား၊ အသွေး၊ အစာဟောင်း၊ အစာသစ် အစရှိသော ကောဠာသတို့သည် အတွင်းစားသောက်ဖွယ်၊ ပြင်ပစားသောက်ဖွယ်တို့ကို စွဲမှီ၍ ဖြစ်ကြလေသောကြောင့် မစင်တွင်း၌ ပေါက်သော နွယ်ပင်တို့ကဲ့သို့ ရွံရှာဖွယ်အတိ ဖြစ်ကုန်၏(အာသယ)။

ဆံပင် အစရှိသော အခြားကောဠာသတို့ စုဝေးရာအရပ်၌ ထက်အောက်တွင်းပြင် အားလုံးတို့ ဆံပင်အစရှိသော (၃၂)ကောဋ္ဌာသတို့နှင့် ထိကပ်နေခြင်းကြောင့် ဒွန်းစဏ္ဍားရွာတံခါးဝအနီးရှိ မစင်တွင်း၌ စိုက်နှစ်ထားသော လှံ၊ တံ(တုတ်ချောင်း)ကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်တည်ရာရှိကုန်၏(သြကာသ)။

ဤသို့ အရိုးစုတို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ ဖြစ်ကြောင်း (အကြောင်းခံ) ဖြစ်တည်ရာအားလုံးပင် အလွန်စက်ဆုပ်ရွံရှာဖွယ် ရှိကုန်၏။

ဤအရိုးစုသည်ကား ပုဂ္ဂိုလ် သတ္တ၀ါမဟုတ်၊ အသေကောင်၏အရိုး၊ သစ်သားရုပ်အရိုးတို့နှင့် လုံးဝမခြားနားချေ။ အမှန်စင်စစ် အရိုးစုဟူ၍ပင် ပရမတ္တအားဖြင့် အထင်အရှားမရှိ၊ သုံးဆယ့်နှစ်ကောဋ္ဌာသအဖွဲ့အစည်းတွင် ပါဝင်သော သတ္တ၀ါလည်းမဟုတ် အသက်ဇီဝလည်း မဟုတ်သော သီးခြား စက်ဆုပ်ဖွယ် ကောဋ္ဌာသတစ်ခုပင် ဖြစ်ပေ၏ဟု အဖန်ဖန်နှလုံးသွင်း စီးဖြန်းရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။




မရဏဿတိဆင်ခြင်နည်း(၈)မျိုး

မရဏသတိဆင်ခြင်နည်းကား (၈)မျိုးရှိ၏။ ယင်းတို့ကား -

၁။ သေခြင်းသဘောကို သူသတ်သမားသဖွယ် ထင်မြင်အောင် ဆင်ခြင်ခြင်း၊

၂။ ဖြစ်လျှင် ပျက်မြဲဓမ္မတာဟု ထင်မြင်အောင် ဆင်ခြင်ခြင်း၊

၃။ သူတပါးသေခြင်းကို ရူ၍ မိမိသေရမည်ကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
 
၎။ မိမိကိုယ်ခန္ဓာ၏ ဘေးအန္တရာယ် များပြားပုံကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊

၅။ အသက်၏ မခိုင်မြဲသည်ကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊

၆။ မည်သည့်အချိန်တွင် မည်သည့်ရောဂါဖြင့် သေရမည်ဟု ကြိုတင်မသိနိုင်ကြောင်း ထင်မြင်အောင် ဆင်ခြင်ခြင်း၊

၇။ သက်တမ်း တိုတောင်းပုံကို သတိပြု၍ သေခြင်းကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊

၈။ အသက်ရှင်ဆဲ ခဏ၏ တိုတောင်းပုံကို ထင်မြင်အောင် ဆင်ခြင်ခြင်း - တို့ဖြစ်သည်။

၁။ သူသတ်သမားသဖွယ် ဆင်ခြင်ခြင်း

သူသတ်သမားသည် လက်နက်ကို စွဲကိုင်၍ ` သင့်ကို သတ်ရလိမ့်မည်´ဟု ပြောဆိုပြီး အသတ်ခံရမည့်သူ၏ အနီးသို့ သတ်မည့်ဟန်ဖြင့် ချဉ်းကပ်လာသကဲ့သို့ သေခြင်းသည်လည်း မိမိထံသို့ ဦးတည်လာနေသည်။ မိုငုံသည် ပေါက်လာကတည်းကပင် မြေမူန့်ကို ဦးထိပ်ပေါ်တင်၍ ပေါက်လာသကဲ့သို့ သတ္တ၀ါတို့သည်လည်း ပဋိသန္ဓေတည်နေကတည်းကပင် အိုခြင်း သေခြင်းတို့ကို ယူဆောင်လာခဲ့ကြပေသည်ဟု အဖန်ဖန်ဆင်ခြင်ရပေမည်။

ထို့ပြင် တရိပ်ရိပ်တက်လာသော မိုးတိမ်သည် အနည်းငယ်မျှ ရပ်တန့်မနေဘဲ ရှေ့သို့သာ တရွေ့ရွေ့ သွားနေသကဲ့သို့ လည်းကောင်း၊ ထွက်ပြူလာသော နေမင်းသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေဘဲ ၀င်ရာအရပ်သို့ တရွေ့ရွေ့ သွားနေသကဲ့သို့ လည်းကောင်း၊ တောင်ကျရေသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေဘဲ တရွေ့ရွေ့ စီးဆင်းနေသကဲ့သို့ လည်းကောင်း၊ ပဋိသန္ဓေတည်နေလာသော သတ္တ၀ါသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေ သေခြင်းသဘောသို့ ဦးတည်ရွေ့လျား နေပေသည်ဟု အဖန်ဖန် ဆင်ခြင်ရပေမည်။

တဖန် နေ့ညဉ့်တို့သည် ရွေ့ရွေ့ကုန်လွန်ရသကဲ့သို့ လည်းကောင်း၊ မြစ်ငယ်ချောင်းငယ်ရေများသည်လည်း နွေရာသီ၌ တနေ့တခြား ကုန်ခန်းသွားသကဲ့သို့ လည်းကောင်း၊ သတ္တ၀ါတို့၏ အသက်ရှင်နေရမည့် အချိန်ကာလသည်လည်း တရွေ့ရွေ့ ကုန်လွန်လျက်ရှိ၏ဟူ၍ ဖြစ်စေ၊ ရင့်မှည့်သော သစ်သီးသည် ဧကန်မုချ ကြွေကျရသကဲ့သို့ ပဋိသန္ဓေ တည်နေလာသော သတ္တ၀ါမှန်သမျှ ဧကန်မုချသေကြရမည်ဟူ၍ ဖြစ်စေ၊ အိုးထိန်းသည်တို့ ပြုလုပ်ထားသော အိုးခွက်မှန်သမျှသည် နောက်ဆုံး၌ ကွဲပျက်ကြသကဲ့သို့ သတ္တ၀ါတို့၏ အသက်သည်လည်း နောက်ဆုံး၌ သေပျောက်ပျက်စီးကြရ၏ဟူ၍ ဖြစ်စေ၊ မြက်ဖျားပေါ်၌ ကျရောက်နေသော နှင်းသီး၊ နှင်းပေါက်သည် နေပူရှိန်ကြောင့် ပျက်လွယ် ပျောက်လွယ်သကဲ့သို့ သတ္တ၀ါတို့၏ အသက်သည်လည်း မမြဲသော သဘောကြောင့် သေလွယ် ပျောက်လွယ်၏ဟူ၍ ဖြစ်စေ သေခြင်းသဘောကို အဖန်ဖန် အောက်မေ့ ဆင်ခြင်ရမည်။


၂။ ဖြစ်လျင် ပျက်မြဲဟု ဆင်ခြင်ခြင်း
`ဤလောက၌ ပြည့်စုံခြင်းမည်သည် ပျက်စီးခြင်းတရားက မလွှမ်းမိုးမီ ကာလအတွင်းသာ ကောင်းမြတ်တင့်တယ်၏။ အမှန်စင်စစ် မပျက်စီးနိုင်သော ပြည့်စုံခြင်းမည်သည် မရှိချေ´ဟု ပြည့်စုံခြင်းနှင့် ပျက်စီးခြင်းကို အတွဲလိုက်ရူ၍ ဆင်ခြင်ရမည်။

တနည်းအားဖြင့် `အနာကင်းရှင်း ကျန်းမာခြင်းကား နာခြင်းနောက်ဆုံး ရှိချေ၏။ ရုပ်ရည်အဆင်း နုပျိုခြင်းကား အိုခြင်းနောက်ဆုံးရှိချေ၏။´ဟူ၍ လည်းကောင်း၊ `သတ္တ၀ါဟူသမျှသို့ ပဋိသန္ဓေနေရခြင်းဘေးသည် ထက်ကြပ်မကွာ လိုက်ပါနေချေ၏။ အိုခြင်းဘေးသည် အစဉ်ပျံ့နှံ့နေချေ၏။ အနာရောဂါဘေးသည် ဖိစီးနှိပ်စက် နေချေ၏။ သေရခြင်းဘေးသည် ပြင်းစွာ ပုတ်ခတ်နေချေ၏´ဟူ၍ လည်းကောင်း၊ မိုးထိ မြင့်မားသော ကျောက်တောင်ကြီးတို့သည် အရပ်လေးမျက်နှာမှ ရှိသမျှ အရာတို့ကို ကြိတ်ချေကာ လိမ့်၍လိမ့်၍ လာကြကုန်သကဲ့သို့ အိုခြင်းနှင့် သေခြင်းတို့သည်လည်း မင်းစိုးရာဇာ၊ ပုဏ္ဏား၊ သူကြွယ်၊ ဆင်းရဲသား၊ ဒွန်းစဏ္ဍား၊ အယုတ်အလတ် အမြတ်မထား အားလုံးသော သတ္တ၀ါတို့ကို လွမ်းမိုးနှိပ်စက် ကုန်၏´ဟူ၍ လည်းကောင်း၊ သေခြင်းတရားကို စစ်မက်တိုက်ခိုက်ခြင်း လက်ဆောင်တံစို့ထိုးခြင်း တို့ဖြင့်လည်း အနိုင်ယူရန် မစွမ်းနိုင်ချေ´ဟူ၍ လည်းကောင်း အဖန်ဖန် အောက်မေ့ ဆင်ခြင်ရမည်။

၃။ သူတစ်ပါးသေခြင်းကို ရူ၍ မိမိသေရမည်ကို ဆင်ခြင်ခြင်း
လောက၌ အခြွေအရံများပြားသူ၊ ဘုန်းရှင် ကံရှင်ကြီးများ၊ ခွန်အားကြီးမားသော သူရဲကောင်းကြီးများ၊ တန်ခိုးရှင် ပညာရှင်ကြီးများ၊ ပစ္စေကဗုဒ္ဓါများနှင့် မြတ်စွာဘုရားတို့သည်လည်း သေခြင်းကို မလွန်ဆန်နိုင်ကြ၊ မိမိသည်လည်း သေခြင်းကို အဘယ်မှာ လွန်ဆန်နိုင်ပါမည်နည်း၊ ဧကန်မုချ သေရမည်သာ ဖြစ်သည်ဟု ဆင်ခြင်ရမည်။

အကျယ်ဆင်ခြင်ပုံကား ဤသို့ဖြစ်သည် - လောက၌ အကျော်အစော အခြွေအရံ စည်းစိမ်ဥစ္စာကြီးမားကြသော မဟာသမ္မတမင်း၊ မန္ဓာတုစကြာမင်းစသည့် ပုဂ္ဂိုလ်တို့သည်ပင် အဆုံးတနေ့၌ သေလွန်ကြရ၏။ ငါသည်ကား အဘယ်မှာ မသေဘဲ ရှိပါမည်နည်း၊ မုချ သေရပေဦးမည်ဟူ၍ ဖြစ်စေ၊ ဘုန်းရှင် ကံရှင်ကြီးများဖြစ်ကြသော ဇောတိက၊ ဇဋိလ၊ ဥဂ္ဂ၊ မေဏ္ဍက၊ ပုဏ္ဏ၊ အနာထပိဏ် စသော သူဌေးသူကြွယ်ကြီးများပင် သေကြရလေ၏။ ဘုန်းကံနည်းပါးသော ငါသည်ကား အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ ခွန်အားကြီးမား သူရဲကောင်းကြီးများဖြစ်ကြသော ၀ါသုဒေ၀မင်း၊ ဗလဒေ၀မင်းစသည်တို့သည်ပင် သေဆုံးကြရသေး၏။ ငါသို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်း ဟူ၍ ဖြစ်စေ သိကြားမင်းစံရာ ဝေဇယန္တာပြာသာဒ်ကြီးကိုပင် ခြေမတော်ဖြင့် လူပ်ခါပစ်နိုင်စွမ်း ရှိတော်မူသော တန်ခိုးတော်ရှင် အရှင်မဟာ မောဂ္ဂလာန်မထေရ်မြတ်သည်ပင် သေဆုံးရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာမသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ၊ မြတ်စွာဘုရားမှ တပါး တလောကလုံးတွင် ဉာဏ်ပညာအကြီးမားဆုံးဖြစ်သော အရှင်သာရိပုတ္တရာသည်ပင် သေလွန်ရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲရှိပါမည်နည်း ဟူ၍ ဖြစ်စေ၊ မိမိ၏ဉာဏ် ၀ီရိယစွမ်းဖြင့် ကိလေသာတို့ကို ပယ်သတ်ပြီး သစ္စာဉာဏ်ကို သိတော်မူနိုင်သော ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တို့သည်ပင် သေဆုံးကြရသေး၏ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ၊ လောက၌ သိစရာရှိသမျှ တစမကျန် သိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသည်ပင် သေခြင်းကို မလွန်ဆန်နိုင်ဘဲ ပရိနိဗ္ဗာန် ပြုတော်မူရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ သူတပါးတို့၏ သေခြင်းကို ရူ၍ မိမိ၏ သေခြင်းကို အဖန်ဖန်ဆင်ခြင်ရမည်။

၎။ ကိုယ်ခန္ဓာ၏ ဘေးအန္တရာယ်များပြားပုံကို ဆင်ခြင်ခြင်း
ဤကိုယ်ခန္ဓာသည် ပိုးမျိုးရှစ်ဆယ်တို့နှင့် ရောပြွမ်းနေ၏။ ထိုပိုမျိုးရှစ်ဆယ်တို့သည် ခန္ဓာကိုယ်နေရာအနှံ့အပြားကို ကိုက်ခဲစားသောက်နေကြ၏။ ထို ပိုးတို့သည် ဤခန္ဓာကိုယ်တည်း၌ပင် မွေးကြ အိုကြ သေကြ ကျင်ကြီး ကျင်ငယ်စွန့်ကြ၏၊ ထို ပိုးမျိုးရှစ်ဆယ် အန္တရာယ်တို့နှင့် ဆက်ဆံနေကြရသကဲ့သို့ပင် သေစေနိုင်လောက်သော ကိုယ်တွင်းရောဂါများ၊ အသက်အန္တရာယ်ပြုတတ်သော မြွေ ကင်းစသည့် ပြင်ပ ဘေးရန်များနှင့်လည်း ဆက်ဆံနေရ၏။ ထိုသို့ ဆက်ဆံနေရသဖြင့် အချိန်မရွေး သေဆုံးနိုင်ပေသည်ဟု အဖန်ဖန်ဆင်ခြင်ရမည်။

၅။ အသက်၏ မခိုင်မြဲသည်ကို ဆင်ခြင်ခြင်း
သတ္တ၀ါတို့၏ အသက်သည် ထွက်သက် ၀င်သက် ဣရိယာပုတ်၊ အအေးအပူ၊ ဓာတ်ကြီးလေးပါး၊ အာဟာရတို့နှင့် ဆက်စပ်နေ၏။ ဤအသက်သည်၊ ထွက်သက် ၀င်သက် ညီမျှနေမှသာ ဆက်လက် အသက်ရှင်နိုင်၏။ ထွက်သက် ၀င်သက် ပြတ်လျှင် သေတော့၏။ ဣရိယာပုတ် မျှတနေမှလည်း အသက်ရှင်နိုင်၏။ ဣရိယာပုတ် မညီမျှဘဲ တစ်ပါးပါးလွန်ကဲသွားလျှင် သေဆုံးနိုင်၏။ အပူ အအေး မျှတမှလည်း အသက်ရှင်နိုင်၏။ အပူအအေး မမျှတဘဲ တစ်ခုခု လွန်ကဲပါက သေဆုံးတတ်၏။ ဓာတ်ကြီးလေးပါး ညီမျှမှသာ ဆက်လက် အသက်ရှင်နိုင်၏။ ဓာတ်တစ်ပါးပါးပျက်က အနာရောဂါ တစ်မျိုးမျိုး ၀င်ရောက်ကာ သေဆုံးတတ်သည်။ ထို့ပြင် သင့်တင့်သော အာဟာရကို မှီဝဲနေရမှသာ အသက်ရှင်နိုင်၏။ အာဟာရပြတ်က သေဆုံးတတ်သည်ဟု အသက်၏ မခိုင်မြဲပုံကို အဖန်ဖန်ဆင်ခြင်ရမည်။

၆။ မည်သည့်အချိန် မည်သည့်ရောဂါဖြင့် သေရမည်ကို မသိနိုင်ကြောင်း ဆင်ခြင်ခြင်း
သတ္တ၀ါတို့သည် အမိ ၀မ်းတွင်း၌ဖြစ်စေ။ မွေးဖွားပြီးမှဖြစ်စေ၊ သက်တန်းအတွင်း၌ဖြစ်စေ သက်တမ်းကျော်လွန်ပြီးမှဖြစ်စေ သေကြရသည်ကို လည်းကောင်း၊ မည်သည့်ရောဂါ၊ မည်သည့်ဝေဒနာဖြင့် သေကြရမည်ကို လည်းကောင်း၊ မည်သည့်အချိန် ကာလ၌ သေကြရမည်ကို လည်းကောင်း၊ အလောင်းကောင်ကို မည်သည့် အရပ်၌ မြှုပ်နှံရမည်ကို လည်းကောင်း၊ သေဆုံးပြီးနောက် မည်သည့် ဘုံဘ၀၌ ရောက်ရမည်ကို လည်းကောင်း ကြိုတင်၍ မသိနိုင်ကြပေဟု သတ္တ၀ါ တစ်ဦး၏ အသက် ရောဂါ သေရမည့် အချိန်အခါ၊ အလောင်းကောင်ပစ်ချရာ အရပ်၊ ရောက်ရမည့်ဘုံဘ၀နှင့် ပတ်သက်ပြီး ကြိုတင်၍ မသိနိုင်ပုံကို အဖန်ဖန် ဆင်ခြင်ရမည်။

၇။ သက်တမ်းတိုတောင်းပုံကို သတိပြု၍ သေခြင်းကို ထင်မြင်အောင် ဆင်ခြင်ခြင်း
ယခုအခါ လူတို့၏ သက်တမ်းကား အလွန်တိုတောင်းလှ၏။ အသက်အရှည်ဆုံးနေသူပင် နှစ်တစ်ရာ၊ တစ်ရာထက်အနည်းငယ်သာ ပို၍ နေကြရ၏။ ထို့ကြောင့် ကုသိုလ်ကောင်းမူကို ပြုသင့်၏။ မြတ်သော အကျင့်ကို ကျင့်သင့်၏။ ပဋိသန္ဓေနေလာသူမှန်သမျှ ဧကန်ပင် သေကြရမည်ဟု လောက၌ သတ်မှတ်ထားသည့် သက်တမ်းတိုတောင်းပုံကို သတိပြု၍ သေခြင်းသဘောကို အဖန်ဖန် ဆင်ခြင်ရမည်။

၈။ အသက်ရှင်ဆဲ ခဏ၏ တိုတောင်းပုံကို ဆင်ခြင်ခြင်း
သတ္တ၀ါတို့၏ အသက်ရှင်ဆဲခဏသည် ပရမတ္ထအားဖြင့် အလွန်ပင် တိုတောင်း၏၊ စိတ္တက္ခဏတစ်ချက်မျှသာ ရှိချေ၏။ ထိုစိတ် ချုပ်သွားလျှင် သေသည်ဟု ခေါ်ဆိုရ၏ဟု အသက်ရှင်ဆဲခဏ၏ တိုတောင်းလှပုံကို အဖန်ဖန်ဆင်ခြင်ရမည်။

အထက်တွင် ဖော်ပြခဲ့သော နည်းများအနက် တစ်နည်းနည်းဖြင့် သေခြင်းသဘောကို အဖန်ဖန် ဆင်ခြင်လျှင် ဘာဝနာစိတ် အထုံရ၍ သေခြင်း သဘောတစ်ခု၌သာ သတိပြုလျက် ကိလေသာ နီဝရဏတရားများကို ခွာချနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဥပစာရဈာန်ကို ရရှိနိုင်မည် ဖြစ်သည်။

မရဏသတိကမ္မဋ္ဌာန်း ဆင်ခြင်ရခြင်း၏ အကျိုးများ
မရဏသတိကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သော ပုဂ္ဂိုလ်သည် -
၁။ အမြဲ သတိကောင်းခြင်း၊
၂။ ဘ၀အားလုံးတို့၌ ငြီးငွေ့သည့် အမှတ်သညာကို ရရှိခြင်း၊
၃။ အသက်၌ နှစ်သက်ခြင်းကို စွန့်လွှတ်နိုင်ခြင်း၊
၎။ မကောင်းမူကို ကဲ့ရဲ့ရူတ်ချလေ့ရှိခြင်း၊
၅။ ပစ္စည်းအသုံးအဆောင်တို့ကို မတပ်မက်ခြင်း၊ နှမြောဝန်တိုမူ မရှိခြင်း၊
၆။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောများ ဆင်ခြင်ခြင်း၊
၇။ သေခါနီးကာလ၌ ကြောက်လန့်မူကင်း၍ မတွေ မဝေ သေရခြင်း၊
၈။ ပစ္စုပ္ပန်ဘ၀၌ နိဗ္ဗာန်ကို မရရှိသေးပါက သေလွန်ပြီးနောက် သုဂတိ ဘုံဘ၀သို့ ရောက်ရခြင်း စသော အကျိုးတရားများကို ရရှိနိုင်ပေသည်။

ထို့ကြောင့် အကျိုးအာနိသင်အမျိုးမျိုးကို ရရှိစေနိုင်သော ဤမရဏဿတိကမ္မဋ္ဌာန်းကို မမေ့မလျော့ဘဲ ဇွဲ လုံ့လ ၀ီရိယဖြင့် ကြိုးစား အားထုတ် သင့်ကြပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။



မရဏဿတိ ဆင်ခြင်နည်း

လက်ရှိဘ၀၌ သတ္တ၀ါတစ်ဦး၏ သေခြင်းတရားကို အမှတ်ရခြင်း ဆင်ခြင်ခြင်းသည် မရဏဿတိ မည်၏။

သေခြင်းလေးမျိုးကား -

၁။ အသက်(ဇီဝိတိနြေ္ဒ) ပြတ်စဲခြင်း ဟူသော သေခြင်း၊

၂။ ရဟန္တာတို့၏ ၀ဋ်ဒုက္ခ(ရုပ်နာမ်အစဉ်) အကြွင်းမဲ့ပြတ်ခြင်း ဟူသော သေခြင်း၊
 
၃။ သင်္ခါရတရားတို့၏ ပျက်ခြင်း (ဘင်) ခဏဟူသော သေခြင်း၊

၎။ သစ်ပင်သေ၏၊ သံသေ၏ စသော လောကလူတို့ အခေါ်အဝေါ်အရ သေခြင်း - တို့ဖြစ်ပါသည်။

စီးဖြန်းရမည့်သေခြင်းအမျိုးအစား
အထက်ပါ သေခြင်းလေးမျိုးအနက် အသက်(ဇီဝိတိနြေ္ဒ) ပြတ်စဲခြင်းဟူသော သေခြင်းကိုသာ မရဏဿတိကမ္မဋ္ဌာန်းစီးဖြန်းရမည်ဖြစ်ပေသည်။ ဤကမ္မဋ္ဌာန်း စီးဖြန်းလိုသူသည် တယောက်တည်းလည်း ဆိတ်ငြိမ်ရာ၌ တောအရပ် သုသာန်တို့၌ အလောင်းကောင်ကို ကြည့်ရူ၍ဖြစ်စေ၊ ရှေးယခင်က မြင်တွေ့ခဲ့ဖူးသော စည်းစိမ်းဥစ္စာ ချမ်းသာကြွယ်ဝသူတို့၏ သေခြင်းကို ဆင်ခြင် နှလုံးသွင်းပြီး ဖြစ်စေ။ သတိသံဝေဂ ဆင်ခြင်ဉာဏ် သက်ဝင်လျက် `ဤသို့ သေရဦးမည်၊ ဤသို့ သေရဦးမည်´ဟူ၍ လည်းကောင်း၊ `သေခြင်း သဘောရှိပေ၏ တကား သေခြင်းသဘောရှိပေ၏ တကား´ဟူ၍ လည်းကောင်း နှလုံးသွင်းရမည်။ ဤကား နည်းလမ်းမှန်ကန်စွာ နှလုံးသွင်းခြင်းဖြစ်သည်။

ထိုသို့ မဟုတ်မူ၍ မိမိချစ်ခင် လိုလားသူ၏ သေခြင်းကို အောက်မေ့ဆင်ခြင်မိလျှင် ပူဆွေးသောကဖြစ်ရတတ်သည်။ မိမိမလိုလားသူ မုန်းသူ၏ သေခြင်းကို အောက်မေ့ဆင်ခြင်မိလျှင် ၀မ်းမြောက်ဝမ်းသာ ဖြစ်တတ်၏။ မမုန်းမချစ် အလယ်အလတ်ဖြစ်သူ၏ သေခြင်းကို အောက်မေ့ ဆင်ခြင်မိလျှင် ထိတ်လန့်မူ သံဝေဂ မရတတ်ပေ။ မိမိ၏ သေခြင်းကို အောက်မေ့ဆင်ခြင်မိလျှင် အလွန်ပြင်းပြသော ပူပန်မူ ဖြစ်တတ်သည်။ ထိုသို့ ဖြစ်ကြရခြင်းမှာ သတိသံဝေဂ ဆင်ခြင်ဉာဏ် ကင်းမဲ့သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ နည်းလမ်းမှန်ကန်စွာ နှလုံးသွင်း ဆင်ခြင်တတ်ရန် လွန်စွာ အရေးကြီးလှပေသည်။

ဖော်ပြပါအတိုင်း နည်းလမ်းမှန်ကန်စွာ နှလုံးသွင်းရူမှတ်လျှင် လောဘ၊ ဒေါသ စသော အကုသိုလ်တရားများ ကင်းကွာ၍ ဥပစာရဈာန် ဖြစ်ပေါ်လာခြင်း၊ မြင်မြင်သမျှ သတ္တ၀ါတို့အား ယခုပင် သေရတော့မည်ကဲ့သို့ ထင်မြင်လာခြင်း ကုသိုလ်တရားကို လွန်စွာ ကြိုးစားအားထုတ်လိုခြင်း စသော အကျိုးတရားများကို ရရှိနိုင်ပါပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ပဋိဘာဂနိမိတ်ထင်လာခြင်း

ဤအတိုင်း အဖန်ဖန်နှလုံးသွင်းဆင်ခြင်သွားလျှင် မိမိခန္ဓာကိုယ်ရှိ အရိုးစုနှင့် သူသေကောင်၏ အရိုစုတို့ကို ထပ်တူထပ်မျှ စက်ဆုပ်ရွံရှာဖွယ်အဖြစ် ထင်မြင်လာမည်ဖြစ်သည်။ ထိုသို့ ထင်လာမြင်လာလျှင် ပဋိဘာဂနိမိတ် ထင်လာပြီဖြစ်သည်။
 
ဤ၌ ပဋိဘာဂနိမိတ်ဟူသည် ယခင်နှလုံးသွင်းစီးဖြန်းခဲ့သော အာရုံနှင့် တူသည့် အာရုံမျိုး ဖြစ်သည်။ အမှန်စင်စစ် ရှေ့က ထင်ခဲ့သော ဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန်တူ ပမာဏတူ အာရုံပင်ဖြစ်သည်။ ထိုအာရုံသည် စိတ်ထဲ၌ ထည့်သွင်းထားသကဲ့သို့ မပျောက်မပျက် ကွက်ကွက်ကွင်းကွင်း ထင်လာမြင်လာခြင်းကိုပင် ပဋိဘာဂနိမိတ် ထင်လာခြင်းဟု ဆိုသည်။

ထို့ပြင် ဤအရိုးစုကမ္မဋ္ဌာန်းစီးဖြန်းသူ၏ စိတ်၌ လူသေကောင်၏ အရိုးများကို မိမိခန္ဓာကိုယ်တွင် သွတ်သွင်းထားရသကဲ့သို့ လည်းကောင်း၊ လူသေ၏ ဦးခေါင်းရိုးကို မိမိ၏ ဦးခေါင်းရေအတွင်း သွင်းထားရသကဲ့သို့ လည်းကောင်း ထင်မြင်လာပြီး တခြားပုဂ္ဂိုလ်များကို ကြည့်ရူ၍ ဦးခေါင်းရိုးမှ ခြေရိုး၊ ခြေရိုးမှ ဦးခေါင်းရိုးတိုင်အောင် နှလုံးသွင်း ဆင်ခြင်သည့်အခါ မိမိအပါအ၀င် ပုဂ္ဂိုလ်၊ သတ္တ၀ါအားလုံးကို `အရိုးစု´အဖြစ်သာ ထင်မြင်လာလျှင် ထင်မြဲ ပဋိဘာဂနိမိတ်သည် ယခင်ကထက် ပိုမိုထင်ရှားလာပြီ ဖြစ်သည်။ ဥပမာ - တိမ်ညိုတိမ်မဲများအတွင်း ဆွတ်ဆွတ်ဖြူသော ဗျိုင်းတစ်ကောင် ပျံသန်းနေသည့် အခါ မြင်ကွင်းသည် လွန်စွာထင်ရှား ပြတ်သားလှသကဲ့သို့ ဤပဋိဘာဂနိမိတ်သည် အလွန်သန့်ရှင်း စင်ကြယ်နေပြီ ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။




လောကီဈာန် ရရှိနိုင်ခြင်း

ထိုထင်မြင်လာသည့် အာရုံ(ပဋိဘာဂနိမိတ်)ကိုပင် အာရုံပြု၍ အဋ္ဌိ၊ အဋ္ဌိ၊ အရိုး၊ အရိုးဟု ဆက်လက်ကာ အဖန်ဖန် နှလုံးသွင်းဆင်ခြင်သွားလျှင် ပထမဈာန် အစရှိသော တရားထူးများကို ရရှိမည်ဖြစ်သည်။
 
ဤ ကမ္မဋ္ဌာန်း စီးဖြန်းသူသည် ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်၊ ထင်လာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းကို ရပ်တန့်မထားပဲ ပထမဈာန်အစရှိသော တရားထူးများသို့ မရောက်မချင်း ကြိုးစား၍ နှလုံးသွင်း ဆင်ခြင်ရပါသည်။ ထိုသို့ နှလုံးသွင်း စီးဖြန်းလျှင် ပထမဈာန် အစရှိသော တရားထူးများကို ဧကန်မုချ ရရှိမည်ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
http://dl4.glitter-graphics.net/pub/2165/2165874ad4wpmvfjg.gifhttp://dl7.glitter-graphics.net/pub/2165/2165867i5t65i6i41.gifhttp://dl4.glitter-graphics.net/pub/2165/2165874ad4wpmvfjg.gif

အသုဘကမ္မဋ္ဌာန်းပွားများနည်း

အသုးဘကမ္မဋ္ဌာန်းကား အလောင်းကောင်၏ အနေအထားပြောင်းလဲမူအရ (၁၀)ပါးရှိသည်။ ထို(၁၀)ပါး၏ အကျဉ်းချုပ် အဓိပ္ပါယ်ကို သမထကမ္မဋ္ဌာန်း (၄၀)တွင် ဖော်ပြခဲ့ပြီးဖြစ်သဖြင့် အသုဘကမ္မဋ္ဌာန်း ရူပွားပုံကိုသာ ဤ၌ပြဆိုမည်။
 
အသုဘကမ္မဋ္ဌာန်း စီးဖြန်းမည့်သူသည် အသုဘကောင်ရှိရာ အရပ်ကို ရှေးဦးစွာ စုံစမ်းလေ့လာရမည်။ မည်သည့်နေရာတွင် အသုဘကောင်ရှိသည်ဟု သတင်းစကား ကြားရသောအခါတွင်လည်း အလျင်စလို မသွားသင့်ချေ။ အကြောင်းမူ၊ ဘီလူး သားရဲ အစရှိသော ဘေးအန္တရာယ်များနှင့် တွေ့ကြုံရတတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် အသုဘကောင်ရှိရာသို့ မသွားမီ ကြိုတင် အသိပေးသင့်သည့် ပုဂ္ဂိုလ်များကိုလည်း ကြိုတင်အသိပေးသင့်သည်။ ထိုသို့ အသိပေးထားခြင်းဖြင့် ဘေးအန္တရာယ်တစ်ခုခု ကျရောက်သည့်အခါ၌ ကူညီစောင့်ရှောက်မူ ရရှိနိုင်မည်ဖြစ်သည်။

အသုဘကောင်ရှိရာသို့ သွားသောအခါ မိမိစီးဖြန်ေးနကျ ကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းဆင်ခြင်ကာ တုတ်၊ တောင်ဝှေး ကိုင်ဆောင်လျက် မိမိသွားသည် လမ်းကြောင်းတစ်လျှောက်၌ အမှတ်အသားပြု၍ သွားရမည်။ အထူးသဖြင့် အသုဘကောင်၏ လေညာ(လေတင်)ဘက်မှ သွားရမည်။ မလွှဲမရှောင်သာ၍ လေအောက်မှသွားရလျှင် အ၀တ်ဖြင့် နှာခေါင်းကို ပိတ်လျက် သွားရမည်။ အသုဘကောင်ရှိရာသို့ ရောက်သည့်အခါ အသုဘကောင်၏ လေညာဘက်မှ ဖြစ်စေ၊ လေကြေ(လေအောက်)ဘက်မှ ဖြစ်စေ၊ ခေါင်းရင်ဘက်မှ ဖြစ်စေ၊ ခြေရင်းဘက်မှ ဖြစ်စေ၊ မထိုင်မူ၍ အသုဘကောင်နှင့် မနီးမဝေး ခြေရင်းမကျ ခေါင်းမကျသော အသုဘကောင်၏ ဗဟိုချက်ကျသည့် နေရာ၌ ထိုင်ရမည်။

အသုဘကမ္မဋ္ဌာန်းရူမည့် ပုဂ္ဂိုလ်သည် အသုဘကမ္မဋ္ဌာန်းရူရန် သင့်လျော်ရာ နေရာ၌ ထိုင်ပြီးနောက် အသုဘကောင်၏ ပတ်ဝန်းကျင်ရှိ သစ်ပင် သသစ်ငုတ် ခြုံနွယ် ကျောက်ခဲ တောင်ပို့ အစရှိသော အရာဝတ္ထုများနှင့် အသုဘကောင်ကို `ဤကား အသုဘကောင်၊ ဤကား သစ်ပင်ဟု အရာဝတ္ထုများနှင့် အလောင်းကောင်ကို တွဲ၍ ကွဲပြားအောင် အပြန်အလှန် မှတ်သားရမည်။

ထိုသို့ မှတ်သားပြီးနောက် အသုဘကောင်၏ အဆင်း(၀ဏ္ဏ)၊ အရွယ်(လိင်္ဂ)၊ ပုံသဏ္ဌာန်(သဏ္ဌာန)၊ အရပ်မျက်နှာ(ဒိသာ)၊ တည်ရာ(သြကာသ)၊ ပိုင်းခြားချက်(ပရိစ္ဆေဒ) ဟူသော အချက်အလက် (၆)မျိုးတို့ဖြင့် အသုဘအာရုံထင်မြင်လာအောင် ရူမှတ်ရမည်။ ရူမှတ်ပုံမှာ -

ဤအသုဘကောင်သည် အသားဖြူသူ၊ မဲသူ၏ အသုဘကောင်တည်း(၀ဏ္ဏ)၊ ဤကား ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ရှိသူ၏ အသုဘကောင်တည်း(လိင်္ဂ)၊ ဤကား အသုဘကောင်၏ ဦးခေါင်း၊ လည်ပင်း၊ လက်၊ ရင်ဘတ်၊ ချက်၊ တင်ပါး၊ ပေါင်း၊ ခြေသလုံး၊ ခြေချောင်းတည်း(သဏ္ဌာန)၊ ဤကား အသုဘကောင်၏ အလယ်ပိုင်း၊ ဤကားအောက်ပိုင်းတည်း၊ တစ်နည်း ငါကားမြောက်ဘက် အရပ်၌ထိုင်၍၊ အသုဘကောင်ကား ငါ၏ တောင်ဘက် အရပ်၌ ရှိသည်(ဒိသာ)၊ အသုဘကောင်၏ လက်၊ ခြေ၊ ဦးခေါင်းစသည်တို့ကား ဤမည်သောနေရာ၌ တည်ရှိသည်(သြကာသ)၊ ဤအသုဘကောင်ကား အောက်ပိုင်း၌ ခြေဖ၀ါး၊ အလယ်ပိုင်း၌ ဆံပင်များ၊ ခန္ဓာကိုယ် ပတ်ဝန်းကျင်၌ အရေပြားတို့ဖြင့် ပိုင်းခြားထား၍ စက်ဆုပ်ဖွယ် အပုပ်နံ့တို့ဖြင့် ပြည့်နှက်နေသည်(ပရိစ္ဆေဒ) - ဟု ရူမှတ်စီးဖြန်းရ မည်။

ဖော်ပြပါ အချက်အလက်(၆)မျိုးဖြင့် ရူမှတ်စီးဖြန်း၍ အသုဘအာရုံ မထင်မြင်သေးလျှင် အသုဘအာရုံ(နိမိတ်) ထင်မြင်လာစေရန် အသုဘကောင်၏ အဆက်အစပ်(သန္ဓိ)၊ အပေါက်အကြား(၀ိဝရ)၊ အနိမ့်အချိုင့်(နိန္န)၊ အမြင့်အမောက်(ထလ)၊ ပတ်ဝန်းကျင်(သမန္တ)ဟူသော အချက်အလက်(၅)မျိုးတို့ဖြင့် ဆက်လက်ရူမှတ်ရမည်။ ရူမှတ်ပုံမှာ -

ဤကား အသုဘကောင်၏ လည်ပင်အစပ်၊ တံတောင်ဆစ်အစပ်၊ လက်ကောက်ဝတ်အစပ်၊ ခါးအစပ်၊ ကျောရိုးအစပ်၊ ပေါင်ဆစ်အစပ်၊ ဒူးဆစ်အစပ်၊ ခြေကျင်းဝတ်အစပ်တည်း(သန္ဓိ)၊ ဤကား အသုဘကောင်၏ ချိုင်းကြား၊ ခြေထောက်နှစ်ခုအကြား၊ ချက်နှင့်ဝမ်းဗိုက်အကြား၊ နားပေါက်အကြား၊ ဤကားအသုဘကောင်၏ မျက်စိမှိတ်နေခြင်း၊ ပွင့်နေခြင်း၊ ခံတွင်းပိတ်နေခြင်း၊ ပွင့်နေခြင်းတည်း(၀ိဝရ)၊ ဤကား အသုဘကောင်၏ မျက်တွင်းချိုင့်၊ ပါးစပ်တွင်းချိုင့်၊ လည်ပင်းချိုင့် စသည်တည်း(နိန္န)၊ ဤကား အသုဘကောင်၏ မြင့်မောက်နေသော ဒူးဆစ်၊ ရင်ဘတ်၊ နဖူးတည်း(ထလ)၊ ဤကား မတင့်တယ် စက်ဆုပ်ဖွယ် ဖူးဖူးရောင် နေသော အသုဘကောင်တည်းဟု အသုဘကောင်၏ တစ်ကိုယ်လုံးကို ဖြစ်စေ၊ ဤကား ဖူးဖူးရောင်နေသော အသုဘကောင်၏ ကိုယ်အထက်ပိုင်းတည်းဟု အသုဘကောင်၏ ဖူးဖူးရောင်လွယ်သော ခန္ဓာကိုယ် အထက်ပိုင်းကိုဖြစ်စေ၊ ဤကား ရောင်နေသော အသုဘကောင်၏ ၀မ်းဗိုက်တည်းဟု ဖူးဖူးအရောင်ဆုံးနေရာ ၀မ်းဗိုက်ကို ဖြစ်စေ (သမန္တ)ရူမှတ် စီးဖြန်းရပါမည်။

ဤကား သေပြီးနောက် နှစ်ရက်၊ သုံးရက်အကြာတွင် ဖူးဖူးရောင်နေသော အသုဘကောင် (ဥဒ္ဓုမာတက)ကို ရူမှတ်ပုံဖြစ်သည်။

အသုဘကောင်သည် ဖူးဖူးရောင်ပြီးနောက် နီ ဖြူ ညို မဲစသော အကွက်များဖြစ်ပေါ်လျက် စက်စုပ်ဖွယ် အခြေအနေသို့ ရောက်ရှိလာလျှင် `၀ိနီလကံ - အသားများရာ၌ နီ၊ ပြည်စုရာ၌ ဖြူ၊ ယေဘုယျအားဖြင့် ညိုမည်းဟောင်းပုပ် စက်ဆုပ်ဖွယ်သော အသုဘကောင်´ဟု လည်းကောင်း၊

ထို့နောက် အသုဘကောင်သည် ဖြူ နီ ညိုကွက် ထရုံသာမက ပြည်များ ယိုစီးထွက်ကျလာလျှင် `၀ိပုဗ္ဗကံ - ပြည်များပေါက်ကွဲယိုကျနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

နှစ်ပိုင်းပြတ်နေသော အသုဘကောင်ဖြစ်လျှင် `၀ိစ္ဆိဒ္ဒကံ - နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

ခွေး၊ ဠင်းတ၊ ကျီးတို့ ကိုက်ခဲ စားသောက်ထားသော အသုဘကောင်ဖြစ်လျှင် `၀ိက္ခာယိတကံ - ခွေး၊ ဠင်းတ၊ ကျီး စသည်တို့ ကိုက်ခဲ စားသောက်ထားသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

ခြေ၊ လက်စသော အင်္ဂါအစိတ်အပိုင်းများ တကွဲတပြားစီ ဖြစ်နေသော အသုဘကောင်ဖြစ်လျှင် `၀ိက္ခိတ္တကံ - လက် ခြေ ဦးခေါင်း ကိုယ်ခန္ဓာ အစိတ်အပိုင်းများ တကွဲတပြား ဖြစ်နေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

ဓား စသည်ဖြင့် ခွဲ၍ သတ်ဖြတ်ခံထား၇သော အသုဘကောင်ဖြစ်လျှင် `ဟတ ၀ိက္ခိတ္တကံ - အင်္ဂါကြီးငယ်တို့ကို ဓား စသော လက်နက်ဖြင့် ခွဲ၍ သတ်ဖြတ် စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

နီတွေးသော သွေးများ ပေကျံလျက်နေသော အလောင်းကောင်ဖြစ်လျှင် `လောဟိတကံ - တကိယ်လုံး၌ သွေးများ ယိုထွက် ပေကျံနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

ပိုးလောက်များ ထွက်ကျနေသော အသုဘကောင်ဖြစ်လျှင် `ပုဠုဝကံ - တစ်ကိုယ်လုံး၌ ပိုးလောက်တို့ ပြန့်ကျဲနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

အရိုးစုသာ ကျန်တော့သော အသုဘကောင်ဖြစ်လျှင် `အဋ္ဌိကံ - စက်ဆုပ်ဖွယ် အရိုးစု အသုဘကောင်´ဟု လည်းကောင်း၊ အသီးသီး ရူမှတ်စီးဖြန်းရမည်။

ဤသို့ အသုဘကမ္မဋ္ဌာန်း ရူမှတ်စီးဖြန်းစဉ် မိမိ ရူမှတ်စီးဖြန်းနေသော `အသုဘကောင်သည် ထ၍ ရပ်လာသည်၊ မိမိအပေါ် မိုးထားသည်၊ မိမိနောက်မှ တကောက်ကောက် လိုက်လာသည်´ဟု စိတ်တွင် ထင်မြင်၍ ကြောက်လန့်တုန်လူပ်ကာ အရူးသဖွယ် ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် မိမိစိတ်ကို သတိဖြင့် ထိန်းလျက် `ကျောက်ခဲ တောင်ပို့ သစ်ပင် အစရှိသော သက်မဲ့အရာဝတ္တုတို့သည် မသွား မလာ တည်မြဲနေရာ၌သာ တည်ရှိနေကြသကဲ့သို့ အသုဘကောင်သည်လည်း ထ၍ လိုက်မလာနိုင်ချေ။ စင်စစ် အသုဘကမ္မဋ္ဌာန်းအာရုံ ထင်မြင်လာခြင်းသာ ဖြစ်ပေသည်´ဟု နှလုံးသွင်းဆင်ခြင်ရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
Today, there have been 43 visitors (58 hits) on this page!
   
 
Welcome This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free